ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် မပါ၍ စိတ်မဆိုးဟု ဆွာရက်ဇ်ပြော

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် မပါ၍ စိတ်မဆိုးဟု ဆွာရက်ဇ်ပြော

ဘာစီလိုနာ၊ ဒီဇင်ဘာ ၄ ။           ။ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့သည့်အတွက် အံ့သြစိတ်ပျက်ခြင်းမျိုး မဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် ပြီးခဲ့သည့်အပတ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမားသုံးဦးအဖြစ် မက်ဆီ၊ နေမာနှင့် စီရော်နယ်ဒိုတို့ကို ရွေးချယ်ခဲ့သည်။

'ထိပ်ဆုံးသုံးယောက်စာရင်းမှာ မပါလို့ စိတ်မဆိုးပါဘူး။ ကျွန်တော့်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်နိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ သိပြီးသားပါ။ အသင်းအောင်မြင်မှုရဖို့ ကူညီနိုင်ခဲ့ပြီး အသင်းဖော်နှစ်ဦး ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့လို့ ပျော်ပါတယ်။ မက်ဆီက နံပါတ်တစ်၊ နေမာက နံပါတ်နှစ် ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်' ဟု ဆွာရက်ဇ်က ပြောသည်။

ဆွာရက်ဇ်၏ အသင်းဖော်များဖြစ်သည့် မက်ဆီနှင့် နေမာတို့က လာလီဂါတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲတွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆန်ခါတင်စာရင်း၌ ဆွာရက်ဇ်ပါဝင်ရန် ထိုက်တန်ကြောင်း ပြောဆိုခဲ့ကြသည်။

မက်ဆီက 'ကမ္ဘာ့အကောင်းဆုံး ကစားသမားသုံးယောက်စာရင်းမှာ ပါဝင်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားနောက်တစ်ခုကို တက်ရောက်ရမှာဖြစ်လို့ ပျော်ပါတယ်။ နေမာအတွက်လည်းပျော်ပါတယ်။ ဆွာရက်ဇ်ဟာ ဒီစာရင်းမှာ ပါဝင်သင့်သူပါ။ ဒါပေမဲ့ စီရော်နယ်ဒိုကလည်း ဖယ်ထုတ်လို့ မရတဲ့သူပါ။ သူဟာလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်သူဖြစ်ပါတယ်' ဟု ပြောသည်။

Ref: ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly