ဗီဇာပြဿနာကြောင့် သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံ ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့တဲ့ ခရစ္စဘရောင်း

ဗီဇာပြဿနာကြောင့် သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံ ဖျော်ဖြေပွဲများကို ဖျက်သိမ်းခဲ့တဲ့ ခရစ္စဘရောင်း

နယူးယော့ခ်၊ ဒီဇင်ဘာ ၃ ။        ။ R&B ကြယ်ပွင့် ခရစ္စဘရောင်းသည် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရမှုကြောင့် မကြာမီ ပြုလုပ် မည့်  သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ခရစ္စဘရောင်းသည် ယခင်က ရည်းစားဟောင်း ရီဟားနားကို ကိုယ်ထိလက်ရောက် ကျူးလွန် ခဲ့သည့် ပြစ်မှုကြောင့် ဗီဇာငြင်းပယ်ခံရခြင်း ဖြစ်သည်။ The One Hell of a Nite ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကို သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံ တစ်ဝန်းရှိ မြို့ငါးမြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၁၈ ရက် အထိ ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့သည်။

သို့သော် စက်တင်ဘာလက သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ပီတာဒက်တန်က  ရီဟားနားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် ပြစ်မှုကြောင့် ခရစ္စဘရောင်းကို ဗီဇာပေးမည်မဟုတ် ဟု ပြောကြားခဲ့မှုကြောင့် ဖျော်ဖြေပွဲများကို ပယ်ဖျက်ခဲ့ရသည်။ အဆိုပါ ပြစ်မှုကျူးလွန်မှု မှတ်တမ်းကြောင့် နယူးဇီလန် နိုင်ငံကလည်း ဘရောင်းကို ဗီဇာပေးရန် ငြင်းဆိုခဲ့သည်။

“သြစတြေးလျနဲ့ နယူးဇီလန်မှာ ပြုလုပ်မယ့် ခရစ္စဘရောင်းရဲ့ ဖျော်ဖြေပွဲဟာ  မလုပ်ဖြစ်တော့ ပါဘူး” ဟု သြစတျေးလျနိုင်ငံမှ လက်မှတ်ရောင်းချသော ကုမ္ပဏီ Ticketek ကုမ္ပဏီက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ ပွဲစီစဉ်သူများက မကြာခင်မှာ အောင်မြင်သည့် ဖျော်ဖြေပွဲကို လုပ်ဆောင် သွားဖို့ မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ခရစ္စဘရောင်းသည် ၂၀၀၉ ခုနှစ်က ရီဟားနားကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ခံဝန် ချုပ် ငါးနှစ် ချမှတ်ခံခဲ့ရသည်။ ဘရောင်းသည် ရာဇဝတ်မှု မှတ်တမ်း ရှိသော်ငြားလည်း ပြစ်မှုကျူးလွန် ခဲ့သည့် အချိန်နောက်ပိုင်း ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်က သြစတြေးလျနိုင်ငံသို့ ကမ္ဘာလှည့်ဖျော်ဖြေ ရေးခရီး နှစ်ကြိမ် သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly