မန္တလေးမြို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း စက်သုံးဆီ အရောင်ဆိုင် ပေါက်ကွဲမှုဖြစ် နှစ်ဦးသေဆုံး၊အမှတ် ၃၂ အထက ကျောင်းရှေ့ ပစ်ခတ်မှု စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ

မန္တလေးမြို့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း စက်သုံးဆီ အရောင်ဆိုင် ပေါက်ကွဲမှုဖြစ် နှစ်ဦးသေဆုံး၊အမှတ် ၃၂ အထက ကျောင်းရှေ့ ပစ်ခတ်မှု စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က တစ်ဦးသေ၊တစ်ဦးဒဏ်ရာရ
ပုံစာ- ဓာတ်ဆီဆိုင်ပေါက်ကွဲမှု့ဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့သူ နှစ်ဦးရဲ့ပုံ

ဇွန်-၁

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာတောင်ရပ်ကွက်၊၇၈လမ်း၊၄၁လမ်းနဲ့၄၂လမ်းကြားမှာရှိတဲ့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းစက်သုံးဆီအရောင်ဆိုင်မှာ ဇွန် ၁ရက်၊မွန်းလွဲ ၁နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်း အမျိုးသား နှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

ဆီဖြည့်နေတဲ့နေရာမှာ ရပ်ထားခဲ့တဲ့ ဆိုင်ကယ်က ပေါက်ကွက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဆီဆိုင်ဝန်ထမ်းတွေဖြစ်တဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသားနဲ့အသက် ၁၈နှစ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့မန္တလေးမြို့မှာ ပေါက်ကွဲ ပစ်ခတ်မှုတွေ နေရာအတော်များများဖြစ်ပွားခဲ့ပြီး ​နေ့လယ်ပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင် မီးပွိုင့်အနီး အမှတ် ၃၂ အခြေခံပညာအထက်တန်းကျောင်းရှေ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့ကို ကားတစ်စီးနဲ့လာရောက်ပစ်ခတ်လို့ စစ်ကောင်စီလက်နက်ကိုင်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရသွားတယ်လို့လည်း မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။

"ဗုံးနဲ့အရင်ပစ်ပြီးမှ သေနတ်နဲ့ပစ်သွားတယ်။တစ်ယောက်သေတယ်။တစ်ယောက်ကတော့ ဒဏ်ရာနဲ့အော်နေတာမြင်တယ်။"လို့ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ တောင်မြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့လည်း ပစ်ခတ်ခဲ့ရတယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း ၃၇လမ်း၊၃၈လမ်းနဲ့၇၈လမ်း၊၇၉လမ်းလမ်းကြားရှိအ.မ.က.(၉)ကျောင်းရှေ့လမ်းမပေါ်မှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး၆၅လမ်းနဲ့၄၃လမ်းဒေါင့်မှာလည်းပေါက်ကွဲမှု့တစ်ခုဖြစ်ပွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly