မြို့လယ်ကောင်မှာ အေးဓားပြတိုက်ခံရတဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ပေးစာ

မြို့လယ်ကောင်မှာ အေးဓားပြတိုက်ခံရတဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ပေးစာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့မှာနေတဲ့ ဒေါ်ဝင်းရီရေးလိုက်တဲ့ စာတစ် စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ အငြိမ်းစား ကျောင်းဆရာမကြီး တစ်ဦးဖြစ်ပြီး ရန်ကုန်မြို့လယ်ကောင်မှာ ဓားပြတိုက်သလို လုပ်ကိုင် စားသောက်နေကြတဲ့ သူတွေ ရှိနေကြတာကို တာဝန်ရှိသူတွေသိအောင် ရေးချင်လို့ သူ့လိုပဲ စာဖတ် သူတွေ မကြုံတွေ့စေချင်လို့ ရေးလိုက်တဲ့စာလို့ ပြောပါတယ်။

သူ့အတွေ့အကြုံအရ ပြောရရင် မြန်မာနိုင်ငံမှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ သူတွေ တဖြည်းဖြည်းနဲ့ နည်းပါးလာလို့ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ဘဲ မတရားရှာတဲ့ ငွေအများကြီး ရပြီး လွယ်လွယ်သုံးဖြုန်းပြီး ပျက်စီး နေတဲ့ လူတန်းစားတွေ ရှိနေတယ်ဆိုတာကို သူ့စာက မီးမောင်းထိုး ပြနေသလို ဖြစ်တာမို့ စာဖတ်သူ တွေ ဆင်ခြင်မိအောင် ဖော်ပြလိုက်ရပါတယ်။

အသက်အရွယ်အရ သူဟာ ခြေသည်း၊ လက်သည်း ညှပ်ဖို့အတွက် လမ်း ၃၀ မှာရှိတဲ့ ကသည်းတွေဆီ သွားနေကျဖြစ်ပြီး ၅၀၀-၁၀၀၀ ကျပ်ပဲ ပေးရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ပန်းဆိုးတန်းကို ပစ္စည်းတစ်ခုသွားဝယ်ရင်း ခုံးတံတားကြီးအောက်မှာ ပလက်စတစ်ထိုင်ခုံတွေ ချပြီး ကသည်းတွေလိုပဲ ခြေသည်း၊ လက်သည်း လှီးနေတာတွေ့လို့ ထိုင်နေတဲ့ သူတစ်ယောက် ကို မေးကြည့်တော့ အနားက ဆံပင်နီဆိုးထားတဲ့ ကောင်လေးတစ်ယောက်ကို လှမ်းခေါ်လို့ ထိုင်ရာကနေ ထသွားပြီး သူ့ကို ထိုင်ခိုင်းတယ်လို့ ဆိုပါတယ်။ မလုပ်ခင်မှာ သူက ဘယ်လောက်ပေး ရမလဲလို့ မေးတော့ အမေကြီး အရင်လုပ်ဖူးလားတဲ့။ သူက လမ်း ၃၀ မှာတော့ ညှပ်နေကျပဲလို့ ပြောတော့ အဲဒီ့ အတိုင်းပါပဲလို့ ပြောပါတယ်။

ဒါနဲ့ သူလည်း လမ်းကြုံတယ်လေးဆိုပြီး လုပ်မယ်လို့ဆိုတော့ လက်သည်းကို အရင်လှီးပေးပါတယ်။ ပြီးတော့ ခြေမကို ကိုင်ကြည့်ပြီး ခြေစွယ်ငုတ်နေသလိုပဲလို့ ပြောပြီး ခြေထောက်ကို ဆက်လှီးပေး တယ်လို့ ရေးပါတယ်။ ပြီးတဲ့အခါမှာ သူက လမ်း ၃၀ ကအတိုင်း ၁၀၀၀ ကျပ်ပေးတော့ လုပ်ပေးသူက ၆၅၀၀ ကျပ် ပေးရမယ်လို့ တောင်းတာကို နားမလည်လို့ ဘာကြောင့်လဲမေးတော့ ခြေစွယ်ငုတ် တာကို လုပ်ပေးရလို့ ရယ်ပြီးတော့ ခုနကထသွားတဲ့ သူက သူ့ကို ခေါ်ပေးလို့ ၆၅၀၀ ထဲက တစ်ဝက်ပေးရမှာမို့ရယ်လို့ ပြောပြီး အတင်း မရမက တောင်းနေလို့ သူလည်း လူအများကြီးကြားထဲမှာ စကားမပြောချင်တော့လို့ ပေးခဲ့တယ်လို့ ဆိုပါတယ်။ နောက်မှ သူစဉ်းစားကြည့်မိတော့ သူ့အနေနဲ့ တန်ရာတန်ကြေး ပေးခဲ့ရတာ မဟုတ်ဘဲ ဓားပြတိုက်ခံခဲ့ရတာပါလားလို့ တွေးမိတာကြောင့် သူ့လို အခြားသူတွေ မကြုံရအောင် မဇ္ဈိမ စာဖတ်သူကဏ္ဍကို စာရေးပေးပို့ခဲ့တာပါလို့ ပြောပါတယ်။ လူတွေမှာ အမြဲပဲ ခြေ၊ လက်တွေမှာ ခြေစွယ်၊ လက်စွယ် ငုတ်တက်ကြတာကို ဖြေရှင်းဖို့အတွက် အဆင်ပြေပြေ ဝန်ဆောင်မှုပေးတဲ့ နေရာမ ရှိလေတော့ ကြုံရာမှာ ရှိတဲ့နေရာရှာပြီး ဖြေရှင်းကြရတာကို တာဝန်ရှိသူတွေအနေနဲ့ ဝန်ဆောင်မှု အဖွဲ့ အစည်း၊ အသင်းအဖွဲ့ ဖွဲ့စည်းပြီး ထိုက်သင့်တဲ့ ငွေကြေးနဲ့ စနစ်ကျနပြီး သန့်ရှင်းသပ်ရပ်တဲ့ နေရာ မျိုးတွေကို ပြည်သူတွေအတွက် လုပ်ဆောင်ပေးသင့်ပြီး ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် သူ့လို မြို့လယ် ကောင်မှာ အေးဓားပြ တိုက်ခံရမှာ မဟုတ်ဘူးလို့ တွေးမိတာကြောင့် ရေးလိုက်တဲ့စာကို ဖော်ပြလိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags