“ မြန်မာ။ ကမ္ဘာက ရင်သပ်ရှုမော၊ အားကျရမယ့် နိုင်ငံ ဖြစ်လာမလား။”

“ မြန်မာ။ ကမ္ဘာက ရင်သပ်ရှုမော၊ အားကျရမယ့် နိုင်ငံ ဖြစ်လာမလား။”

ပြည်သူအားလုံး မျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံ ဆွေးနွေး ပွဲကြီးကတော့ ဖြစ်မြောက်ခဲ့ပါပြီ။ ဆွေးနွေးပွဲဟာ ဘာအဓိပ္ပါယ်ဆောင်သလဲ၊ ဆွေးနွေးပွဲကနေ သူတို့ဘာသဘောတူ ညီချက်တွေ ရခဲ့ကြသလဲ၊ နောင်အလားအလာ ဘယ်လိုရှိမလဲဆိုတာ ဒီကနေ့ဆွေးနွေး တင်ပြသွားပါ့မယ်။

ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာမှုရဲ့ အစကို ပြန်ကောက်ရမယ်ဆိုရင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကြီး ပြီးသွားလို့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တယ်ဆိုတဲ့ အဖြေ ထွက်လာပြီး မရှေးမနှောင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ၊ လွှတ်တော်နာယက၊ တပ်ချုပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ်ဆိုပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ပြီး နဂိုက တည်းက ရင်းနှီးကျွမ်း ဝင်ပြီးသားဖြစ်တဲ့ လွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ စောစောစီးစီး တွေ့ဆုံခဲ့ပြီး နောက် လွှတ်တော်အသစ်တစ်ခု ပေါ်ပေါက်လာရေး အဆင်ပြေချောမွေ့စေဖို့ ဆွေးနွေး၊ သဘောတူညီမှုတွေ ရယူနိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး သမ္မတနဲ့ တပ်ချုပ်ဖက်ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ တွေ့ဆုံကြမယ်လို့ အကြောင်းပြန်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့ အချိန်ဆိုတာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သမ္မတဆီကို အစီရင်ခံစာ တင်ပြီးချိန်ကို ဆိုလိုတာပါ။ ကော်မရှင်က သမ္မတဆီကို အစီရင်ခံစာတင်မယ့် အချိန်ဟာ ဒီဇင်ဘာ နောက်ဆုံး ပတ် တိတိကျကျဆို ဒီဇင်ဘာ ၂၃ လောက် ဖြစ်နိုင်တယ်ဆိုပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုဖူးပါ တယ်။

ဒီနေရာမှာ သမ္မတနဲ့ တပ်ချုပ်ဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို ဘာကြောင့် အချိန်ယူ အချိန်ဆွဲရတာလည်းဆိုတဲ့ မေးခွန်းကလည်း ထွက်ပေါ်လာပါတယ်။ ပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ သူတို့ ထင်မှတ်မထားတဲ့ ရလဒ်ဖြစ်ပြီး အံ့အားလည်းသင့်၊ ကြိုတင်ပြင်ဆင်ထားတာ မျိုးလည်း မရှိတဲ့အတွက် အချိန်ယူတာ ဖြစ်တယ်ဆိုပြီး မှန်းဆနိုင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သမ္မတနဲ့ ရင်းနှီးတဲ့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် “ဒီရလဒ်က အံ့သြစရာ ကောင်းလောက်အောင်ဖြစ်တဲ့ ရလဒ် ” ဆိုပြီး တရားဝင် ထုတ်ပြောထားပြီးပါပြီ။
နောက်ပိုင်း ရွေးကောက်ပွဲရလဒ်၊ နိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ဘက်ကရော၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဘက်ကပါ ပြည်တွင်းပြည်ပကို ထုတ်ဖော်ပြောဆိုမှုတွေ ရှိလာပါတယ်။ ပြောရရင် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ဘက်မှာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး တိတိ ကျကျ ဆုံးဖြတ်ချက် ရှိလာတဲ့သဘောကို မြင်တွေ့ရပါတယ်။

အဲဒါကတော့ ဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်၊ ၂၀၁၀ ရွေးကောက်ပွဲကိုပါ ထည့်တွက်ရင် ဒုတိယ အကြိမ် ရွေးကောက်ပွဲ ဖြစ်တယ်၊ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သမ္မတဘက်က အနိုင်ရပါတီကို အစိုးရတာဝန်တွေ လွဲှပြောင်းပေးမယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်ကလည်း နောင်တက်လာမယ့် အစိုးရအဖွဲ့နဲ့ အတူပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထားပါပဲ။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့ မရလောက်အောင် ဒေါ်အောင်ဆန်းစု ကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရတာ၊ သမ္မတနဲ့ တပ်ချုပ်ဘက် ကလည်း ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံ့အနာဂတ်အတွက် တိကျတဲ့ ဆုံးဖြတ်ချက် ရှိလာတာတွေကြောင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမှုကို နောက်ထပ် အချိန်မဆွဲတော့ပဲ နဂို ပြောဆိုထားတာထက် အများကြီးစောပြီး ခုလို ဒီဇင်ဘာ ၂ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာသတင်းထုတ်ပြန်မှုမှ မလုပ်ခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဘက်ကတော့ လိုရင်းတိုရှင်း အနှစ်ချုပ်တွေလောက်တော့ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတဘက်က ပြောဆိုရာမှာတော့ သူတို့နဲ့ဆိုင်တဲ့ အပိုင်းဖြစ်တဲ့ အစိုးရတာဝန် လွဲှပြောင်းပေးရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေး သွားမယ်၊ နောက်ပိုင်း တစ်ဖက်နဲ့တစ်ဖက် ဆက်သွယ်ရမယ့် လမ်းကြောင်းတွေ ဖွင့်ထားပေးပြီး ပုံမှန် ဆက်သွယ် ဆောင်ရွက်သွားမယ် ဆိုတာမျိုး ဖြစ်ပါ တယ်။ တပ်မတော်ဘက်က သတင်းထုတ်ပြန်ရာမှာတော့ ပြည်သူလူထုဆန္ဒကို အလေးထားပြီး တည်ငြိမ်အေး ချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ဖက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားကြမယ်ဆိုပြီး တိုတိုတုတ်တုတ် ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူ့ကို သမ္မတဖြစ်ခွင့် တားမြစ်ထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ ဖွဲ့စည်းပုံ ပြင်ရေးကိစ္စ၊ အခြားကိစ္စတွေကိုလည်း ဆွေးနွေးကောင်း ဆွေးနွေးနိုင်ပါတယ်။ ဒါပေမယ့် သမ္မတနဲ့ တပ်ချုပ်ဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ်မှာပဲ ရပ်ခံမယ်လို့ မှန်းဆနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံခန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံ ပြင်ရေး လတ်တလော လိုအပ်မယ်လို့ သူ မထင်သေးတဲ့အကြောင်း၊ ဖွဲ့စည်းပုံပြင်ရေး တပ်ချုပ်တစ်ယောက် အနေနဲ့ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာ မှန်ပေမယ့် သူတစ်ယောက် တည်း သဘောတော့ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီ ဖြစ်လို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ အစိုးရ အပြောင်းအလဲနဲ့ အနာဂတ်ကာလကို မြင်တွေ့နိုင်ကြပါပြီ။ လွှတ်တော် အပြောင်းအလဲဖြစ်ဖို့ နှစ်လဝန်းကျင်၊ အစိုးရ အပြောင်းအလဲလုပ်ဖို့ လေးလဝန်းကျင် လိုသေးတဲ့ တိုင် အကောင်းဘက်က ရှုမြင်လို့ ရနေပါပြီ။ ဒီကြားကာလထဲမှာ အခြား ဘာပြဿနာ ကြီးကြီးမားမားမှ မပေါ် ပေါက်ဘူးဆိုရင် ကမ္ဘာက ရင်သတ်ရှုမော အားကျရမယ့် မြန်မာနိုင်ငံ၊ အသက် ၅၀ နဲ့အောက် သန်းပေါင်းများ စွာသော မြန်မာနိုင်ငံသားတွေအတွက် တစ်သက်နဲ့တစ်ကိုယ် လုံးဝ မကြုံဘူးတဲ့ ကောင်းမွန်တဲ့ မြန်မာနိုင်ငံ တော် သစ်တစ်ခုကို မြင်တွေ့ရဖွယ် ရှိနေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags