တိုင်ရီစက်ရုံ အလုပ်သမားအခွင့်အရေး သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးမည်

တိုင်ရီစက်ရုံ အလုပ်သမားအခွင့်အရေး သုံးပွင့်ဆိုင် ထပ်မံဆွေးနွေးမည်
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဒီဇင်ဘာ ၃ ။         ။ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများအတွက် တိုင်ရီစက်ရုံ အလုပ်သမားသမဂ္ဂ၊ ပိုင်ရှင်နှင့် ဝန်ကြီးဌာနတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ၂ ရက်နေ့ တွင် ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့၍ ဒီဇင်ဘာ ၄ ရက်နေ့တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း တိုင်ရီစက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဌ ဒေါ်မိုးဝေကပြောသည်။

တိုင်ရီစက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့တွင် အလုပ်ထုတ်ခံထားရသည့် ဒေါ်မိုးဝေနှင့် ဒေါ်နွဲ့ရည်ဝင်းတို့ ပါဝင်နေသည့်ဟုဆိုကာ အလုပ်ရှင်ဘက်က စက်ရုံထဲသို့ ပေးဝင်ခဲ့ခြင်းမရှိကြောင်း တိုင်ရီစက်ရုံ အလုပ်သမားများ ကဆိုသည်။

အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေ ပုဒ်မ ၅အရ သမဂ္ဂသက်တမ်းအတွေ့ကြုံ ၂နှစ် သို့မဟုတ် လုပ်ငန်းခွင်အတွေ့အကြုံ ၂နှစ်ရှိသူသည် အလုပ်သမားကိုယ်စားလှယ် အဖြစ်ပါဝင် ဆွေးနွေးခွင့် ရှိကြောင်း  တိုင်ရီစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌဒေါ်မိုးဝေ ကပြောသည်။

လက်ရှိတွင် စက်ရုံဘက်မှ အလုပ်သမားသမဂ္ဂဥက္ကဌဖြစ်သည့် ဒေါ်မိုးဝေနှင့် ဘဏ္ဍာရေးမှူးဒေါ်နွဲ့ရည်ဝင်း တို့ကိုအလုပ်ထုတ်ပယ်ထားသည့် ပြင်ပပုဂ္ဂိုလ် ဖြစ်သည့်အတွက် အလုပ်ရှင်ဘက်မှ ပေးမဝင်ခြင်းဖြစ်ပြီး အလုပ်သမားအဖွဲ့အစည်းကို အသိမှတ်ပြုသည့်အနေဖြင့် ပြေလည်မှု့ရရှိအောင် ဆွေးနွေးနေခြင်းဖြစ်ကြောင်း တိုင်ရီ ဖိနပ်စက်ရုံမှ မန်နေဂျာဖြစ်သူ ဒေါ်အေးမိလှိုင်ကပြောသည်။

အလုပ်ထုတ်ပယ်ခြင်းခံထားရသည့် နှစ်ဦးပါဝင်လာခြင်းကြောင့် အခက်အခဲဖြစ်နေကြောင်း  ခုံသမာဓိမှ အလုပ်ဖြုတ်ခံထားရသည့် နှစ်ဦးကို တိုင်ရီစက်ရုံ အလုပ်သမား သမဂ္ဂအဝင်မခံခြင်းဖြစ်ပြီး မည်သည့်အခွင့်ရေးမှချိုး ဖောက်ထားခြင်းမရှိဘဲ ဥပဒေအရ အခွင့်အရေးအပြည့်အဝပေးထားကြောင်း အလုပ်သမား အလုပ်အကိုင်လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင် ကပြောသည်။

လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လုပ်ငန်းရှင်ဘက်ကိုတင်ပြထားပြီး ပြေလည်မှု့မရခင်အချိန်ထိ လုပ်ငန်းခွင်မဝင်သေးဘဲ ဆက်လက်ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း တိုင်ရီစက်ရုံအလုပ်သမားသမဂ္ဂဥက္ကဌ ဒေါ်မိုးဝေကပြောသည်။

တိုင်ရီဖိနပ်စက်ရုံတွင် အလုပ်သမားပေါင်း ၁၆၀၀ ခန့်ရှိကြောင်း အလုပ်သမား၉၀၀ကျော်မှာ နိုဝင်ဘာ ၂၀ရက်နေ့ကတည်းက ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ပြီး အလုပ်သမား ၆၀၀ခန့်မှာ လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်နေကြောင်း စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly