ဗလင်စီယာအသင်း နည်းပြအဖြစ် ဂယ်ရီနဗီးလ် အောင်မြင်လိမ့်မည်ဟု ဖာဂူဆန်ထောက်ခံ

ဗလင်စီယာအသင်း နည်းပြအဖြစ် ဂယ်ရီနဗီးလ် အောင်မြင်လိမ့်မည်ဟု ဖာဂူဆန်ထောက်ခံ

ဒီဇင်ဘာ ၃၊ ဗလင်စီယာ ။              ။ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်အနေဖြင့် ဗလင်စီယာအသင်းနည်းပြအဖြစ်အောင်မြင်မှုရလိမ့်မည်ဟု မန်ယူနည်းပြဟောင်း ဖာဂူဆန် က ယုံကြည်နေသည်။

ဂယ်ရီနဗီးလ်သည် လက်ကျန်ဘောလုံးရာသီဝက်တွင် ဗလင်စီယာအသင်း၏ ထိုင်ခုံပူကို တာဝန်ယူလိမ့်မည်ဟု ဗုဒ္ဓဟူးနေ့၌ သတင်းထွက်ပေါ် လာခဲ့ရာ လူအများကိုအံ့အားသင့်စေခဲ့သည်။

နဗီးလ်သည် ဗလင်စီယာအသင်းတွင်လက်ထောက်နည်းပြအဖြစ် ဇူလိုင်ကတည်းက တာဝန်ယူနေသည့် ညီငယ်ဖီးလ်နဗီးလ်နှင့် အတူတွဲ လုပ်ကိုင်ရမည်ဖြစ်ပြီး ကောင်းစွာလုပ်နိုင်မည်ဟု ဖာဂူဆန်က ယုံကြည်နေခြင်းဖြစ်သည်။

"ဂယ်ရီဟာ နည်းပြအဖြစ်အောင်မြင်နိုင်မယ့်အရည်အချင်းတွေရှိပြီးသားပါ။ နဗီးလ်ညီနောင်ပေါ့။ သူ့ခေါင်းဆောင်မှုစွမ်းရည်ကကောင်းမွန်ပြီး ရိုးသားကြိုးစားတယ်။ ဆုံးဖြတ်ကြီးတွေချဖို့လည်း မကြောက်တဲ့စရိုက်မျိုး။ အဲဒါက ခေါင်းဆောင်လုပ်ရင် သိပ်အရေးပါတဲ့ အရည်အချင်းပဲ။ သူလုပ်နိုင်မယ်လို့ ကျွန်တော်ယူဆပြီး သူတို့ညီအစ်ကို ကံကောင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်"ဟု ဖာဂူဆန်က ပြောသည်။

ဂယ်ရီနဗီးလ်သည် ဒီဇင်ဘာ ၉ ရက်တွင် လိုင်ယွန်နှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဗလင်စီယာအသင်းကိုစတင်ကိုင်တွယ်မည်ဖြစ်သည်။

ဗလင်စီယာအသင်းပိုင်ရှင် ပီတာလင်းသည် နဗီးလ်ညီနောင်အပြင် မန်ယူကစားသမားဟောင်းများဖြစ်သည့် ပေါစခိုးလ်၊ ရွိုင်ယန်ဂစ်နှင့် နစ်ကီဘတ်တို့နှင့်အတူ အင်္ဂလန်အပျော်တမ်းကလပ် ဆဲလ်ဖို့ဒ်စီးတီးအသင်းကို ပိုင်ဆိုင်ထားသူလည်ဖြစ်သည်။

ဂယ်ရီနဗီးလ်အနေဖြင့် ဗလင်စီယာအသင်းကို ၆ လ သက်တမ်းတာဝန်ယူရန်အတွက် စကိုင်းစပို့စ်မှ ငါးနှစ်စာချုပ်သစ်ကမ်းလှမ်းမှုကိုပင် ငြင်းဆန်ပယ်ချခဲ့သည်။

အဓိကအားကစားသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီနဗီးလ်ကို စကိုင်းစပို့စ်က ကမ်းလှမ်းခဲ့သည့်ငါးနှစ်စာချုပ်၏တန်ဖိုးမှာ ပေါင် ၁၅ သန်းဝန်းကျင်ခန့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly