နိုင်ငံစုံစစ်ဆင်ရေးတွင် ဘိုကိုဟာရမ်ဓားစာခံ ၉၀၀ လွတ်မြောက်

နိုင်ငံစုံစစ်ဆင်ရေးတွင် ဘိုကိုဟာရမ်ဓားစာခံ ၉၀၀ လွတ်မြောက်

ယာအွန်ဒီ၊ ကင်မရွန်း၊ ဒီဇင်ဘာ - ၃ ။        ။ ကင်မရွန်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်၏ ဒီဇင်ဘာလ ၂ ရက်နေ့က ပြောကြားချက်အရ လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံစုံတပ်ဖွဲ့တစ်ဖွဲ့က နိုင်ဂျီးရီးယား၏ ဘိုကိုဟာရမ်အစွန်းရောက်များ ဖမ်းဆီးထားသည့် ဓားစာခံ ၉၀၀ကို လွှတ်ပေးလိုက်ပြီး တိုက်ခိုက်ရေးသမား ၁၀၀ကျော်ကို သုတ်သင်နိုင်ခဲ့ကာ အခြား၁၀၀ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ကင်မရွန်း၊ နိုင်ဂျီးရီးယားနှင့် ချတ်တို့မှ ဓားစာခံများကို စခန်းများတွင် ထိန်းသိမ်းထားပြီး အသေခံဗုံးခွဲသမားများ၊ တိုက်ခိုက်ရေးသမားများနှင့် သူခိုးများဖြစ်လာအောင် လေ့ကျင့်ပေးနေသည်ဟု အစ်ဆာ တက်ချီရိုမာ ဘာကရီက ပြောကြားခဲ့သည်။ ကင်မရွန်း၊ နိုင်ဂျီးရီးယား၊ ချတ်နှင့် ဘီနင်တို့မှ ပူးတွဲတပ်ဖွဲ့များက နိုဝင်ဘာ ၂၇ရက်နေ့မှ နိုဝင်ဘာ ၂၉ရက်နေ့အထိ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဘာကာရီ၏ ပြောကြားချက်အရ နိုင်ငံစုံတပ်ဖွဲ့များက နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းနှင့် ကင်မရွန်း နှစ်နိုင်ငံပေါ် ခွထိုင်ထားသည့် ဆမ်ဘီဆာ သစ်တောအတွင်းရှိ ဘိုကိုဟာရမ် ခြေကုတ်စခန်းမှ အုပ်စုခေါင်းဆောင်အပါအဝင် တိုက်ခိုက်ရေးသမား အယောက်၁၀၀ကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

လွှတ်ပေးလိုက်သူများမှာ ၎င်းတို့၏ မိသားစုများနှင့် ပြန်ည်ပေါင်းစည်းသွားပြီဖြစ်ပြီး လိင်ကျွန်များအဖြစ် အသုံးချခံခဲ့ရဖွယ်ရှိသည့် မိန်းခလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် စိတ်ဒဏ်သင့် သူများအတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု ရရှိမည်ဖြစ်သည်ဟုလည်း ဘာကာရီက ပြောကြားသည်။  

နိုင်ဂျီးရီးယားတပ်ဖွဲ့များက ယခုနှစ်တွင် ဘိုကိုဟာရမ်က ဖမ်းဆီးထားသူ ရာပေါင်းများစွာကို ကယ်ဆယ်ခဲ့သော်လည်း ချီဘော့မြို့ ကျောင်းမှ ပြန်ပေးဆွဲခံရသည့် မိန်းခလေး ၂၁၉ယောက်ထဲမှ တစ်ယောက်မျှ ပါဝင်ခြင်းမရှိသေးပေ။ ၂၀၁၄ခုနှစ် ဧပြီလက အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုကြောင့် အစွန်းရောက်များနှင့် ကယ်ဆယ်ရန်ပျက်ကွက်နေသည့် နိုင်ဂျီးရီးယား အစိုးရကို နိုင်ငံတကာ က ဒေါသထွက်ခဲ့ကြသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနှင့် ကုလသမဂ္ဂတို့၏ ပြောကြားချက်အရ ဘိုကိုဟာရမ်တို့၏ ၆နှစ်တာ အစ္စလာမ်တော်လှန်ရေးကြောင့် လူ ၂၀၀၀၀နီးပါး သေဆုံးခဲ့ရပြီဖြစ်ပြီး ၂.၃သန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly