ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်ပြမှု နည်းပါးနေသေး

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်ပြမှု နည်းပါးနေသေး
၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက အဆိုငှားကာ မဲဆွယ်နေသည့် မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ-ဟောင်ဆာ၊ရာမည)

ဒီဇင်ဘာ ၃ ။          ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော အမတ်လောင်းများအား သက်ဆိုင်ရာ ခရိုင်အလိုက် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်ပြရန် ထုတ်ပြန်အသိပေး ထားသော်လည်း ရှုံးနိမ့်သူများ၏ တင်ပြမှု နည်းနေသေးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ရွေးကောက်ပွဲနည်းဥပဒေ ၇၇ အရ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်၏ အမည် ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ ၂၀ ဖြင့် တင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း အမြန်ဆုံးတင်သွင်းကြရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလကုန်ပိုင်း၌ ကြေညာခဲ့သည်။

''သိရသလောက် တင်ပြတာတွေ နည်းနေသေးတယ်။ ခရိုင်နဲ့ တိုင်းဒေသကြီးက စာရင်းတွေ မစုရသေးတော့ အတိအကျတော့ မသိသေးဘူး။ နိုင်နိုင်ရှုံးရှုံး တင်ရမှာ။ ရက်ပေါင်း ၃၀ အတွင်း မတင်ဘူး ဆိုရင် အရည်အချင်းပျက်ယွင်းသူ ကြေညာခံရပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ မရတော့ဘူး။ ခုံဖွဲ့စစ်ဆေးပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်သွားနိုင်တယ်။ အဓိက ရှုံးတဲ့ လူတွေ မတင်ကြဘူး။'' ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူ က မဇ္ဈိမသို့ ပြောသည်။

၂၀၁၀ ခုနှစ်ရွေးကောက်ကာလ၌ အမတ်လောင်း ၃၀၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၂၁ ဦး ကုန်ကျစရိတ်တင်ခြင်းမရှိဟု သိရသည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် ၆၀၇၄ ဝင်ပြိုင်ကြပြီး ကုန်ကျစရိတ် မတင်မည့်သူ မည်မျှရှိမည်ကိုမူ မပြောနိုင်သေးကြောင်းဆိုသည်။

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က ''ကျွန်တော်တို့စာရင်းတွေ ခုမှ စီစစ်တုန်း၊ ရေးနေကြတုန်း။ မိုးညှင်းနဲ့ ဖားကန့်ကတော့ ဒီနေ့တင်တယ်။ မြစ်ကြီးနားခရိုင်မှာ တစ်ဦး၊ နှစ်ဦးတင်ကြပြီ။ နိုင်တဲ့သူတွေ အရင်တင်နေတယ်။ ရှုံးတဲ့သူတွေတော့ နောက်မှတင်မယ်။ ကော်မရှင်က နိုင်တဲ့သူရော ရှုံးတဲ့သူပါ တင်ရမယ်ပြောထားတယ်။'' ဟုမဇ္ဈိမ သို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းအား ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်သို့ ခရိုင်မှ တဆင့်တင်ရပြီး တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ပြိုင်သည့်သူများက ပြည်နယ် (သို့) တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲသို့ တင်ရသည်ဟုဆိုသည်။

''ကျွန်တော်တို့ဆီမှာ ကရင်နဲ့ ရခိုင် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၁၀ ဦး ပြိုင်တယ်။ သုံးဦးဘဲ လာတင်သေးတယ်။ ကျန်တဲ့သူတွေကိုလည်း လာတင်ဖို့အကြောင်းကြားထားပါတယ်။ လာတင်တာက အနိုင်ရတဲ့ NLD ရယ်၊ ရှုံးတဲ့ ကြံ့ခိုင်ရေးနဲ့ ကရင်အမျိုးသားပါတီက သုံးဦးပါ။'' ဟု ၎င်းက ပြောသည်။

ညွှန်ကြားရေးမှူး ဦးစိုင်းကျော်သူက ပုံစံ ၂၀ ဖြင့် ကုန်ကျစရိတ် တင်ပြလာသည်ကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးများတွင် ကပ်ထားပေမည်ဖြစ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံ မဖော်ပြလျှင် သော်လည်းကောင်း၊ အသုံးစရိတ် အပို/အလို ရှိသည်များကို အခြားသူက ကန့်ကွက်လာနိုင်ပြီး အရေးယူခံရနိုင်သည်ဟု ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly