“ဝန်ကြီးဦးကျော်ဆန်း ကျပ်သန်း ၈၀၀၀ နီးပါး၊ ကိုယ့်အိတ်ထဲကငွေနဲ့ ကိုယ် စိုက်လျော်ပေးမလား”

“ဝန်ကြီးဦးကျော်ဆန်း ကျပ်သန်း ၈၀၀၀ နီးပါး၊ ကိုယ့်အိတ်ထဲကငွေနဲ့ ကိုယ် စိုက်လျော်ပေးမလား”

အရင်တစ်ခေတ်က ဟာသစာရေးဆရာကြီး အီကြာကွေးရဲ့ ကြော်ကြားတဲ့ သရော်စာ ခေါင်းစဉ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ “ အစက တို့မပြောလား” ဆိုပြီး ဖြစ်ပါတယ်။ ခုအချိန်ဟာ ပြည်ထောင်စု လွှတ်တော် မှာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက် ဘတ်ဂျက် တောင်းခံတာကို အပြန်အလှန် ဆွေးနွေး နေကြတဲ့ အချိန်ပါ။ အဲဒီလို ဖြည့်စွက် တောင်းခံတဲ့ ငွေတွေထဲမှာ သာမန် အသုံးစားရိတ်တွေအပြင် ကျပ်ငွေ တန်ဘိုး ကျဆင်းမှုကြောင့် ချေးငွေတွေအတွက် ပိုပြီး စိုက်ထုတ်ပေးရမယ့် ငွေလည်း ပါပါတယ်။

ဝန်ကြီးဌာန အသီးသီးကနေ နိုင်ငံခြားက ယူထားတဲ့ ချေးငွေတွေအတွက် အတိုးနဲ့အရင်း ပြန်ဆပ်ရမယ့် ကိစ္စတွေအတွက် မြင့်တက်သွားတဲ့ နိုင်ငံခြားငွေ ဈေးနှုန်းအလိုက် ထပ်ဆောင်း ကုန်ကျမယ့်ငွေကို တွက်ချက် တောင်းခံထား တာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း အဲဒီအထဲမှာ ဝန်ကြီးဦးကျော်ဆန်း ဦးဆောင်တဲ့ သမဝါယမ ဝန်ကြီးဌာနလည်း ပါဝင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲက အမတ် တစ်ချို့က ဝန်ကြီးဦးကျော်ဆန်းနဲ့ သမဝန်ကြီးဌာန ကို “ အစက တို့မပြောလား” ဆိုပြီး ဝေဖန်ပြောဆိုနေကြပြီ ဖြစ်ပါတယ်။ ဦးကျော်ဆန်း ဘာတွေ လုပ်ခဲ့လို့ သူတို့ ဘာတွေ ဝေဖန်သလဲ၊ ဦးကျော်ဆန်းကြောင့် ငွေကြေးဘယ်လောက် ဆုံးရှုံးမှု ရှိနေသလဲ၊ ဒါတွေကို သူ့အိပ်ထောင်ထဲက စိုက်မထုတ်သင့်ဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံး မှတ်မိကြပါဦးမယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ဘဏ္ဍာနှစ် အစလောက်မှာ သမဝန်ကြီး ဦးကျော်ဆန်းက တရုတ် China Exim (The Export-Import Bank of China) ဘဏ်ကနေ ဒေါ်လာ သန်း ၇၀၀ ချေးယူပြီး သူ့အသင်းသားတွေကို သက်သာတဲ့ အတိုး နှုန်းနဲ့ တဆင့် ငွေပြန်ချေးမယ့်ကိစ္စ လွှတ်တော်မှာ တင်ပြပါတယ်။ China Exim (The Export-Import Bank of China) ဘဏ်ကနေ ဒေါ်လာ သန်း ၇၀၀ ချေးပေးမယ်ဆိုပေမယ့် ပထမဦးဆုံး ဒေါ်လာ သန်း ၃၀၀ ရမှာပါ။

ဒီကိစ္စ လွှတ်တော်ထဲ တင်ပြ တောင်းခံ တဲ့အခါ အင်န်အယ်လ်ဒီက အမတ်တွေအပြင် အမတ် အတော်များများက ကန့်ကွက် ဆွေးနွေးကြပါတယ်။ ပြည်သူ့လွှတ်တော် အမတ် ဒေါ်တင်နွယ်ဦးကဆိုရင် သမဝါယမ လုပ်ငန်းအရင် ခေတ်ကတည်းက အောင်မြင်မှု မရတာ၊ နိုင်ငံတကာမှာလည်း မတွင်ကျယ်တာကို အခုဘာကြောင့် ပြန်အသက်သွင်းနေရသလဲ ဆိုပြီး ဝေဖန်ပါတယ်။ အင်န်အယ်လ်ဒီအမတ် ဦးဝင်းမြင့်ကဆိုရင် သမက ချေးပေးလိုက်တဲ့ငွေတွေ တကယ်ပဲ ပြန်ရ ရဲ့လား၊ ဒီလို လုပ်တာဟာ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးတဲ့ ပုံစံမျိုး ဖြစ်မနေဘူးလား ဆိုပြီးလည်း မေးခွန်းထုတ်ပါတယ်။ အမတ် အတော်များများကတော့ ဝန်ကြီးဦးကျော်ဆန်း ချေးမယ့် ငွေဟာ နိုင်ငံခြားငွေ ဖြစ်တယ်၊ နောက်တစ်ချက် China Exim (The Export-Import Bank of China) ဘဏ်ကနေ ယူရတာ အတိုးများတယ်၊

ဒါတွေကို မြန်မာကျပ်ငွေ ပြောင်းပြီး ချေးရင် ကျပ်ငွေပဲ ပြန်ရလိမ့်မယ်။ နောက်ပိုင်း နိုင်ငံခြားငွေ တန်ဘိုးတက်၊ မြန်မာကျပ်ငွေ တန်ဘိုး ကျဆင်းလာရင် အရှုံးပေါ်လိမ့်မယ်၊ အရှုံးပေါ်ရင် ဒီငွေကို အစိုးရ၊ တစ်နည်းအားဖြင့် ပြည်သူတွေကပဲ ကျခံရ မှာဖြစ်တဲ့အတွက် မချေးသင့်ဘူးလို့ ဝေဖန်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ပြည်ခိုင်ဖြိုးအမတ်တွေ လွှမ်းမိုးတဲ့ လွှတ်တော်ကနေ ဝန်ကြီးဦးကျော်ဆန်းရဲ့ သမဝါယမ ဝန်ကြီးဌာနကနေ တရုတ် China Exim (The Export-Import Bank of China) ဘဏ်က ငွချေးမယ့် ကိစ္စ ခွင့်ပြုပေးလိုက်ပါတယ်။

အားလုံးက ဝေဖန်ခဲ့သလိုပါပဲ။ China Exim (The Export-Import Bank of China) ဘဏ်က ငွေချေးဖို့ လွှတ်တော်တွင်း စကားပြောစဉ် တစ်ဒေါ်လာ ကျပ်ငွေ ၁၀၂၀ လောက် ရှိနေရာကနေ အခု နောက်ဆက်တွဲ ဘတ်ဂျက်စာရင်း တင်ခိုင်းတဲ့ အချိန်မှာတော့ တစ်ဒေါ်လာ ၁၂၈၅ ကျပ် ရှိနေပါပြီ။ ငွေကြေးဈေးနှုန်း အများကြီး ကျဆင်းသွားပါပြီ။ ဒါ့ကြောင့် လဲ အခု နောက်ဆက်တွဲ ဘတ်ဂျက် ထပ်တိုးတောင်းတဲ့အခါ ငွေဈေးကျဆင်း မှုကြောင့် တောင်းတဲ့ ဘတ်ဂျက် တွေ ပါဝင်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက် လွှတ်တော်တွင်း ဝန်ကြီး ဦးကျော်ဆန်း အစီရင်ခံတာကို ပြန်ကြည့်ရင် နိုင်ငံခြားကနေ ချေးငွေယူ၊ စက်ပစ္စည်းနဲ့ လူသုံးပစ္စည်းတွေ သွင်း၊ တစ်ချို့ကို အကြွေးနဲ့ရောင်း၊ တစ်ချို့ကို ကျပ်ငွေ အသွင် ပြောင်းပြီး ငွေချေးပေးထားတဲ့ ပမာဏက မနည်းပါဘူး။ အဲဒီအတွက် အခုဘဏ္ဍာနှစ်မှာကိုပဲ China Exim (The Export-Import Bank of China) ဘဏ်၊ လယ်ယာ စက်ကရိယာတွေ ထုတ်လုပ်တဲ့ ဒိန်းဒေါင်ကုမ္ပဏီနဲ့ ရှင်းဟန့်ဘဏ်တွေကို အတိုးနဲ့ အရင်း တစ်ချို့ ပြန်ဆပ်ဖို့ ရှိလာပါတယ်။ အဲဒီ ဘဏ်နဲ့ ကုမ္ပဏီ ၃ ခုပေါင်းရင် အခုနှစ် အတိုးနဲ့ အရင်းတစ်ချို့ ဒေါ်လာ ၂၃ သန်းကျော် ပြန်ဆပ်ရပါမယ်။

ဒီအတွက် ငွေလဲနှုန်း ကွာခြားချက်ကြောင့် ထပ်ဆောင်း စိုက်ပေးရမယ့် ငွေပမာဏဟာ China Exim (The Export-Import Bank of China) ဘဏ်က ချေးငွေအတွက် ကျပ် သန်း ၁၆၀၀ ကျော်၊ ဒိန်းဒေါင်ကုမ္ပဏီအတွက် ကျပ် သန်း ၄၀၀၀ နီးပါး၊ ရှင်းဟန့်ဘဏ်အတွက် ကျပ်သန်း ၂၁၀၀ ကျော် ရှိပြီး စုစုပေါင်း ကျပ်ငွေတန်ဘိုး ကျဆင်းမှုကြောင့် ထပ်ဆောင်းပေးရမယ့် ငွေဟာ ကျပ်သန်းပေါင်း ၇၈၀၀ ကျော် ရှိနေပါတယ်။ နည်းတဲ့ငွေ မဟုတ်ပါဘူး။

အခုလို နောက်တိုးဘတ်ဂျက် တောင်းခံငွေစာရင်း လွှတ်တော်တွင်း ရောက်ပြီးကတည်းက အမတ် တွေကနေ ဝေဖန်ခဲ့ပြီးပါပြီ။ ဒီ ဝေဖန်သံတွေကြောင့် ဒီဇင်ဘာ ၂ ရက် လွှတ်တော်တွင်း သမဝန်ကြီး ဦးကျော် ဆန်းက အစီရင်ခံရာမှာ အခု ကျပ်ငွေတန်ဘိုး ကျဆင်းမှုကြောင့် ထပ်တိုးပေးရမယ့် ငွေတွေကို ပြည်ထောင်စု အစိုးရအဖွဲ့က ပေးရမှာမဟုတ်ပဲ သူ့ရဲ့ သမဝါယမ ဝန်ကြီးဌာန ရံပုံငွေကနေပဲ ပေးဆပ်မယ်လို့ ဆိုလာပါတယ်။ ဦးကျော်ဆန်း ပြောပုံဟာ ကုလားကြီးနဲ့ အရာကြီး မတူဘူး ဆိုတာလို ဖြစ်နေပါတယ်။ တကယ်တော့ ငွေတန် ဘိုး ကျဆင်းမှုကြောင့် ထပ်ဆောင်း ကုန်ကျစားရိတ် ဖြစ်ပေါ်ရတာဟာ ပြည်ထောင်စု အစိုးရ ဘတ်ဂျက်ထဲက ပဲ ဖြစ်ဖြစ် သမဝါယမ ဝန်ကြီးဌာန အတွင်းကပဲ ဖြစ်ဖြစ် အစိုးရငွေ၊ ပြည်သူ့ငွေပါပဲ။ ရှေ့နောက် မဆင်မခြင် နိုင်ငံခြားငွေ ချေးမိလို့ ဆုံးရှုံးပြီး ထပ်ဆောင်းကုန်ကျရတဲ့ ကုန်ကျငွေတွေပါပဲ။

ဒီအခြေအနေကို ကြည့်လိုက်ရင် ဝန်ကြီးဦးကျော်ဆန်းရဲ့ နိုင်ငံခြားဘဏ်ကနေ နိုင်ငံခြားငွေနဲ့ ငွေချေး၊ တစ်ချို့ ပစ္စည်းဝယ်၊ တစ်ချို့ ငွေသားယူပြီး ကျပ်ငွေနဲ့ ဖလှယ်၊ သမအသင်းသားတွေကို ကျပ်ငွေနဲ့ ပြန်ချေး လုပ်တာဟာ စီးပွားရေး သဘောအရ တွက်ခြေကိုက်မကိုက်၊ အလုပ်ဖြစ်မဖြစ်၊ သဘာဝ ကျမကျ ပေါ်လွင်နေ ပြီ ဖြစ်ပါတယ်။ တကယ်တော့ ဒီ China Exim (The Export-Import Bank of China) ဘဏ်က ချေးငွေမယူခင်ကတည်းက အမတ်တစ်ချို့နဲ့ မီဒီယာ တစ်ချို့က ဦးကျော်ဆန်းကို မေးခွန်းထုတ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ယူထားတဲ့ နိုင်ငံခြားငွေကို ကျပ်ငွေနဲ့လဲ၊ အဲဒီ ကျပ်ငွေကိုင်ပြီး အတိုးနှုန်းနည်းနည်းနဲ့ ငွေချေး၊ ပြန်ဆပ်ရင် ကျပ်ငွေပဲ ပြန်ရလိမ့်မယ်၊ ဒါကို နိုင်ငံခြားငွေလဲပြီး အကြွေးပြန်ဆပ်၊ အဲဒီအချိန် ကျပ်ငွေ တန်ဘိုးကျသွားရင် ဆုံးရှုံးမှုဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ဒီငွေကို ဘယ်သူက စိုက်လျော်မှာလဲ၊ အခု ငွေတန်ဘိုးကျမှုကြောင့် ထပ်ဆောင်းပေးရမယ့် ဆုံးရှုံးငွေ ကျပ်သန်း ၈၀၀၀ နီးပါးကို ဝန်ကြီးဦးကျော်ဆန်း အိပ်ထောင်ထဲက စိုက်ပြီး လျော်ပေးနိုင်မှာ လားလို့ မေးခွန်းထုတ်ရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags