မြောက်ကိုရီးယားခေါင်းဆောင်၏ အဒေါ် မျက်နှာခွဲစိတ်ပြုပြင်ထားသည်ဟု ပြောသော ပြည်ပြေးများအား တရားစွဲ

မြောက်ကိုရီးယားခေါင်းဆောင်၏ အဒေါ် မျက်နှာခွဲစိတ်ပြုပြင်ထားသည်ဟု ပြောသော ပြည်ပြေးများအား တရားစွဲ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်၏ အဒေါ်တော်သူတစ်ဦးက တောင်ကိုရီးယားနိုင်ငံသို့ ပြည်ပြေးအဖြစ် ခိုလှုံသူသုံးဦးသည် ၎င်း၏ အကြောင်းကို မဟုတ်မမှန်သတင်းများ ဖြန့်နေသည်ဟု ဆိုကာ တရားစွဲဆိုထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ အဒေါ်ဖြစ်သူ ကိုယွန်ဆက်က ၁၉၉၀ ခုနှစ်များအတွင်းက တောင်ကိုရီးယားနိုင်ငံသို့ ထွက်ပြေးခဲ့ကြသူများသည် ၎င်းအား ပလတ်စတစ်ဆာဂျီဖြင့် မျက်နှာခွဲစိတ်မှု ခံယူထားသူတစ်ဦး ဖြစ်သည်၊ လျှိုဝှက်ရန်ပုံငွေတစ်ရပ်ကို စီစဉ်ဆောင်ရွက်နေသည်ဟူသော မုသားများကို ပြောဆိုဝါဒဖြန့်ခဲ့ကြောင်း ဆိုသည်။

ထို့အတွက် တောင်ကိုရီးယားတရားရုံးတွင် ဝန်ငွေ သန်း ၆၀ ( ဒေါ်လာ ၅၁၆၀၀) ရယူလိုမှုဖြင့် တရားစွဲဆိုကြောင်း သူ့၏ ရှေ့နေက ပြောထားသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုသည် လူသိရှင်ကြားအဖြစ်မခံသည့် မြောက်ကိုရီးယားပြင်ပတွင် ရောက်ရှိနေထိုင်နေသော အာဏာရှင်အသိုင်းအဝန်းမှ လုပ်ဆောင်လာသည့် မကြုံဖူးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။

ကင်ဂျုံးအွန်၏ တစ်ဝမ်းကွဲညီအစ်ကိုကို မြောက်ကိုရီးယားနိုင်ငံက နှင်ထုတ်လိုက်ပြီးနောက် အဒေါ်ဖြစ်သူ ကိုယွန်ဆက်မှာလည်း ပုန်းလျှိုးကွယ်လျှိုးလုပ်ကာ နေထိုင်ရန်အတွက် မျက်နှာခွဲစိတ်ပြုပြင်ခဲ့သည်ဟု ပြည်ပြေးများက ပြောကြခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ဆိုသည်။

"ဒီပြည်ပြေးတွေက ရုပ်မြင်သံကြား အင်တာဗျူးမှာကို ဒီအကြောင်းတွေကို ပြောခဲ့တာ။ ကိုယွန်ဆက်အကြောင်း ကိုယ်တိုင်မသိဘဲနဲ့ မမှန်သတင်းတွေကိုပဲ ပြောသွားခဲ့တာပါ။"ဟု ရှေ့နေက ရိုက်တာသတင်းသို့ ပြောခဲ့သည်။

ကိုယွန်ဆက်သည် သူ့၏ ခင်ပွန်းဖြစ်သူနှင့်အတူ ၁၉၉၈ ခုနှစ်က အမေရိကန်သို့ နိုင်ငံရေးခိုလှုံခွင့်ဖြင့် ရောက်ရှိနေထိုင်နေခြင်းဖြစ်သည်။ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန် နယူးဇီလန်တွင် ပညာသင်ကြားနေစဉ်အချိန်က ကိုယွန်ဆက်က စောင့်ရှောက်ခဲ့ရသူတစ်ဦးလည်း ဖြစ်ကြောင်း ၎င်းရှေ့နေက ပြောကြားခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly