နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ မေ ၂၀၂၁)
ပုံ - မေလ ၂၁ ရက်၊ ရန်ကုန်မြို့ရှိ မြို့နယ်များစုပေါင်း၍ စစ်အာဏာရှင့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• တာမွေမြို့နယ်၊ အသောကလမ်းတွင် စစ်အုပ်စု အလိုမရှိကြောင်း သံဗုံးတီးသည်ဟု ဆိုကာ စစ်အုပ်စုလက်နက်နှင့် သတင်းပေးဒလန်များက ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်တွင် နေအိမ်တံခါးများဖျက်ဝင်ကာ ပြည်သူခုနစ်ဦးအား လမ်းမပေါ်ဖမ်းဆီးခေါ်ဆောင်ကာ ဒူး‌ေထာက်ခိုင်းထားပြီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

• ဒဂုံတက္ကသိုလ် ဇီဝဗေဒနောက်ဆုံးနှစ်ကျောင်းသား ကိုကျော်လင်းထွဋ်နှင့် မိသားစုနှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ၎င်းနေထိုင်ရာ အင်းစိန်မြို့နယ် နေအိမ်၌ ယမန်နေ့ည ၁၀ နာရီခန့်က စစ်ကားတစ်စီး၊ ရဲကားတစ်စီဖြင့် ဝင်ရောက်စီးနင်း ဖမ်းဆီးသွားသည်။ 

• လမ်းမတော်မြို့နယ်နေ အသက် ၄၂ နှစ်အရွယ် ကိုသိန်းဝင်းမှာ မတ်လ ၆ ရက်က ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်နေ စဉ် စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်အတွင်း အမှုရင်ဆိုင်နေစဉ် မေ ၂၀ ၇က်က ကွယ်လွန်သွားခဲ့သည်။ ၎င်းမှာ ဆီးချိုရောဂါအခံရှိသူဖြစ်ပြီး ထောင်တွင်း ကုသမှုမခံယူရသဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ 

• ကြည့်မြင်တိုင်၊ စံပြငါးစျေးတွင် ယနေ့နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• ရန်ကုန်မြို့နယ်စုံ လူငယ်များက ယနေ့နံနက်ပိုင်းတွင် အဖမ်းအဆီးများရှိကာ မိုးရွာသွန်းနေသည့်ကြားကပင် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ မြို့နယ်စုံစစ်ကြောင်းတွင် စမ်းချောင်း၊ သာကေတ စသည့် မြို့နယ်ပေါင်းစုံမှ လူငယ်သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းပေါ်ရှိ အာရှတော်ဝင်ဆေးရုံအနီးနှင့် မြို့နယ် ထွေအုပ်ရုံးအနီး ဗားကရာလမ်းပေါ်တွင် ယနေ့ နေ့လယ် ၁ နာရီ ၁၄ မိနစ်နှင့် ၃၁ မိနစ်တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့ပြီး စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာပြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း စမ်းချောင်းမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ ထို့ပြင် ၂ နာရီကျော်ခန့်ကလည်း ပေါက်ကွဲမှုတစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များက ဗားကရာလမ်းပိုင်းအချို့အား ပိတ်ထားခဲ့ကာ ဖြတ်သန်းသွားလာသည့် ယာဉ်များကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ မပိုလမ်းတွင် ညနေ ၄ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက သတင်းထောက်တစ်ဦး နေအိမ်အား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည့်အပြင် CCTV တပ်ထားသည့် အိမ်များကိုလည်း စစ်ဆေးခဲ့ကြသည်ဟု သိရသည်။ 

• သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာအား Admin လုပ်နေသည့် ခေါင်းဆောင်အချို့ ဖမ်းဆီးခံခဲ့ရသည့်အတွက် အဆိုပါ လူမှုကွန်ရက်ပေ့ချ်မှ ဆက်သွယ်လာမှုများ ရှိပါက မယုံကြည်ကြရန် တိုက်တွန်းထားသည်။ 

• ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းတွင် အသွားအလာကန့်သတ်သည့်အချိန်အား ဖြတ်သန်းသည့်မြို့နယ်အလိုက် ပိုင်းခြားသတ်မှတ်ထားရာမှ ယခုအခါ ည ၈ နာရီမှ နံနက် ၄ နာရီအထိ ဖြတ်သန်းခွင့်မပြုဘဲ တပြေးညီ သတ်မှတ်လိုက် သည်။ 

• လှိုင်သာယာမြို့နေ လူငယ်များကလည်း အသံမတိတ် အလံမလိပ် လှိုင်သာယာသပိတ်ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လူစည်ကားရာ စျေးများ၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တာမွေမြို့နယ်၊ မေတ္တာညွန့် ရထားသံလမ်းအနီးရှိ စျေးလေးမှတ်တိုင်တွင် ညနေ ၄ နာရီခွဲကျော်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကာ ထိခိုက်ဒဏ်ရာရရှိမှု ရှိ-မရှိကိုမူ မသိရသေးပေ။ 

• မင်္ဂလာဒုံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အတိုင်ပင်ခံကောင်စီကို NLD ကိုယ်စားလှယ်နှင့် ဒီမိုကရေစီလိုလားသူ အကြံပေး ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်း၊ သိပ္ပံလမ်းအနီးရှိ မြန်မာဘီယာရုံးဝင်းတွင် ယနေ့နံနက်ပိုင်းက လက်လုပ်ဗုံး ပေါက်ကွဲခဲ့ရာ လူတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ထို့ပြင် ယမန်နေ့ညပိုင်းကလည်း ၆၂ လမ်း (၁၁၁ လမ်းနှင့် ၁၁၂ လမ်းကြား) ရှိ မြန်မာဘီယာရောင်းချသည့် ဆိုင်တစ်ခုတွင်လည်း လက်လုပ်ဗုံးပေါက်ကာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ မန္တလေးတွင် စစ်အုပ်စု စီးပွားရေးဖြစ်သည့် မြန်မာဘီယာများရောင်းချခြင်း၊ သောက်သုံးခြင်းများ မပြုကြရန် မြေအောက် တော်လှန်ရေးအဖွဲ့က တိုက်တွန်းထားပြီး မလိုက်နာခဲ့သည့် နန်းရှေ့ရှိ ကမ္ဘာကျော်ဘီယာဆိုင်အား နမူနာအဖြစ် ဆိုင်ကားပါးကင်နေရာ၌ ဖောက်ခွဲမှု ပြုလုပ်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။ ထို့ပြင် ဆက်ရောင်းနေသေးသည့်ဆိုင်များကိုလည်း ဒလန်အဖြစ် သတ်မှတ်ကာ လုပ်စရာရှိသည်များကို ဆက်လုပ်သွားမည်ဟုလည်း သတိပေးထားသည်။ 

• မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ NUG အစိုးရထောက်ခံကြောင်း ဆန္ဒပြခဲ့သည်။ တပ်ပေါင်းစုတွင် စက်မှုစုပေါင်း၊ အ.ထ.က (၂၇)၊ ကျောင်းသား၊ ခွပ်တဲ့ဒေါင်း G-Z၊ ကျောက်မျက်ကုန်သည်ပွဲစား၊ စိန်ပန်း၊ သမဝါယမတက္ကသိုလ်ကျောင်းသား၊ ဘုရားကြီး၊ ဗကသ၊ တမ္ပဝတီ စသည့် သပိတ် စစ်ကြောင်းများ ပါဝင်သည်။ 

• မန်း ကျန်းမာရေးမိသားစုကလည်း လူစည်ကားရာ စျေးတစ်ခုတွင် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒထုတ်ဖော်နေစဉ် စျေးမှ စည်ပင်ဝန်ထမ်းက ဖုန်းဆက်အကြောင်းကြားသည့်အတွက် စစ်အုပ်စုလက် နက်ကိုင်များ ရောက်လာနိုင်သောကြောင့် သတ်မှတ်ထားချိန်စော၍ လူစုခွဲခဲ့ရသည်။ 

• မန်းတကသစစ်ကြောင်းမှာလည်း မနော်ဟရီလမ်းမကြီးပေါ်ထိတက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လေးပြင်ရပ် သံဃာနှင့် ပြည်သူများ စုစည်းထားသည့် သံဃသမဂ္ဂစစ်ကြောင်းလည်း ယနေ့ မွန်းလွဲပိုင်းက လမ်းများပေါ် လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းသား/သူများကလည်း စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ရေးသားထားသည့် ဆိုင်းဘုတ် များကိုင်ဆောင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။ 

• မန္တလေးမြို့ပေါ် ရပ်ကွက်တိုင်းလိုလိုတွင် စစ်အုပ်စုဘက်က ကျောင်းဖွင့်ရန် အကြောင်းပြချက်ဖြင့် စာသင်ကျောင်း၊ ဓမ္မာရုံနှင့် ရပ်ကွက်ရုံးများတွင် လက်နက်ကိုင် ငါးဦးမှ ၁၀ ဦးကြား လုံခြုံရေးချထားလျက်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။ ယမန်နေ့ညပိုင်းကလည်း အောင်ပင်လယ်၊ အောင်သာယာ၊ ထွန်းတုံရပ်ကွက်များနှင့် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာဘက်တွင် စစ်ကားများဖြင့် ကင်းလှည့်မှုများရှိကာ Drone များသုံး၍ စစ်ဆေးမှုများ ပြုလုပ် ခဲ့သည်ဟု သိရသည်။ ထို့ပြင် အောင်ပင်လယ်ရပ်ကွက်တွင်လည်း လက်နက်ကိုင်လုံခြုံရေးများ တိုးမြှင့်ချထားကာ မြရည် နန္ဒာအိမ်ရာဝန်းအတွင်းရှိ ဘောလုံးကွင်းတွင်လည်း စစ်ကားများ ထပ်ရာက်နေသည်ဟုလည်း အဆိုပါမြို့ခံက ဆိုသည်။ 

• ညောင်ဦးမြို့ပေါ်ရှိ အ.ထ.က နှင့် မူလွန်ကျောင်းများတွင် ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်သာမြို့နယ်တွင်လည်း စစ်အုပ်စု အကြမ်းဖက်မှုများကို ကာကွယ်ရန်အတွက် ကျေးရွာစုံလူငယ်များက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-တောင်သာကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ စစ်အုပ်စု၊ သတင်းပေးဒလန်များ အပါအဝင် ကျောင်းများပြန်ဖွင့်ရန် ပြင်ဆင်နေသည့် ဆရာ/ဆရာမများ၏ လုံခြုံရေးကို လုံးဝတာဝန်မယူဟု ကြေညာထားသည်။

• မိုးကုတ်ဒေသခံများကလည်း "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ NUG ထောက်ခံကြောင်းနှင့် စစ် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြင်းခြံမြို့တွင် စစ်အုပ်စုလက်နက်ကိုင်များ ခြေရှုပ်လျက်ရှိကာ ယနေ့နံနက်ပိုင်းက စစ်သင်တန်းပေးနေသည်ဟု သတင်းရရှိသည်ဟုဆိုကာ ညောင်ဝန်း (ကံလှ) ရွာဘက်သို့ စစ်ကား ရှစ်စီးဖြင့် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်ကလည်း ကုလနှင့် လှိုင်းတက်ရွာဘက်သို့ စစ်အုပ်စုလက်နက်ကိုင်များ သွားရောက်ခဲ့ကာ ကျောင်းဖွင့်နိုင်ရေး အတွက် သွားရောက်ခဲ့ခြင်းသာ ဖြစ်သည်ဟု သိရသည်။ နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း ဆိုင်ကယ်ခြောက်စီးဖြင့် စစ်သား များက ယုံထိုးတိုက်နယ်ဆေးရုံသို့ ဝင်ရာက်စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။ 

• မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် မိဘများအနေဖြင့် စစ်ကျွန်ပညာရေး လက်မခံကြရန် တိုက်တွန်းကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• တောင်ငူမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ရွှေညာမြေလမ်းရှိ NLD ပါတီခရိုင်ရုံးက ယမန်နေ့ည ၁၁ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီလက်နက်ကိုင်များက ကားလေးစီး၊ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းကာ ကွန်ပျူတာနှင့် စာရွက်စာတမ်းများ အား မွှေနှောက်ရှာဖွေသွားသည်။ 
• ပြည်မြို့ ကမ်းနားလမ်းစည်ပင်ရုံးအား လက်လုက်ဗုံးဖြင့် ပစ်သည်ဟုဆိုကာ ပြည်မြို့ခံလေးဦးအား မေလ ၂၀ ရက်က ဖမ်းဆီးထားသည်။ ဖမ်းဆီးခံရသူများမှာ ကိုထွန်းလတ် (ရွာဘဲရပ်ကွက်)၊ ကိုအောင်ဖြိုးထက် (ဆံတော်နယ်မြေ အုပ်ချုပ်ရေးမှူးရုံးအနီး) ကိုဟိန်းမြတ် (ကျောင်းကြီးအိုးတန်း စစ်ကဲလမ်း) နှင့် ကိုထွန်းဘုန်းမြင့်မြတ်တို့ ဖြစ်သည်။ 

• ပဲခူးတိုင်း၊ သက္ကလမြို့ရှိ အ.ထ.က ကျောင်းနှင့် ရုံးရှေ့တို့တွင် ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့ခံများကလည်း ညပိုင်းများ၌ စစ်အုပ်စုဘက်မှ ခြောက်လှန့်ပစ်ခတ်မှုများ ရှိနေသည့်ကြားကပင် ယနေ့နံနက်ပိုင်း က သပိတ်စစ်ကြောင်းများ ထွက်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• မုံရွာမြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဂုတ်တောကျေးရွာတွင် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။ မုံရွာမြို့နယ်၊ မုံရွေး ကြေးမုံဒေသခံများကလည်း ဆိုင်ကယ်များဖြင့်လှည့်လည်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကလေးမြို့နယ် ကလေး-နတ်ချောင်းကားတွင် စစ်အုပ်စုဘက်မှ စစ်ကား (၁၁) စီး ဖြတ်သန်းသွားစဉ် စည်သာရွာအနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ရွာအတွင်းသို့ ပစ်ခတ်သွားသော်လည်း ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင်မူ အဆိုပါစစ်ကားများမှာ ကလေးမြို့သို့ ပြန်လှည့်သွားကြပြီဖြစ်သည်ဟု သိရသည်။ 

• စစ်ကိုင်းမြို့မစျေးတွင် ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အရပ်ဝတ်များပါ သုံး၍ မြို့ပေါ်ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေရာ ပန်းဘဲတန်းရပ်ကွက်မှ ကိုးဦး၊ မြို့သစ်နှင့် ရန်နိုင်ရပ်ကွက်မှ နှစ်ဦးစီနှင့် ကားကြီးကွင်းတွင် လက်ဖက်ရည်သောက်နေသူတစ်ဦးတို့ လတ်တလော ဖမ်းဆီးခံထားရပြီး အခြားရပ်ကွက်များတွင်လည်း ဖမ်းဆီးခံရသူများ ရှိသည်။ မေလ ၁၉ ရက်ညပိုင်းက မြို့မစျေးကြီးရှေ့တွင် ဗုံးပေါက်ကွဲရာ စစ်သားသုံးဦး ဒဏ်ရာရခဲ့ပြီး ကုသမှုခံယူနေစဉ် နှစ်ဦး သေဆုံးခဲ့သည်။ 

• မြောင်မြို့နယ်၊ ချောင်းဇင်ရွာတွင် ယနေ့နံနက် ၅ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက ကားများအား ရွာပြင်၌ ထားခဲ့ကာ ရွာအတွင်းသို့ လမ်းလျှောက်ဝင်ရောက်လာပြီး ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားကာ ရွာတောင်ဘက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စခန်းချလေ့ရှိသည့် နေရာသို့လည်း ဝင်ရောက်စီးနင်း ရှာဖွေသွားကြောင်း သိရသည်။ 

• ဆားလင်းကြီးမြောက်ပိုင်းနှင့် ယင်းမာပိုင်းအရှေ့ပိုင်း ကျေးရွာများရှိ ဒေသခံပြည်သူများ ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ် မင်းကံကြီးရွာနေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပုလဲမြို့နယ် ဒေသခံများကလည်း စစ်အုပ်စုခေါင်းဆောင်ပုံများ ကပ်ထားသည့် သစ်ရွက်အရုပ်များအား အသုံးပြုကာ ကျိန်စာတိုက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ရသည့်နည်းဖြင့် တော်လှန်ခဲ့သည်။ 

• စစ်ကိုင်း၊ ရေဦးမြို့နယ်တွင် ဒေသခံများက ထန်းသီးများဖြင့် စစ်အာဏာရှင် အလိုမရှိကြောင်း ပုံဖော်ရေးသားကာ ဆန္ဒပြခဲ့ကြသည်။ 

• ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာနေ ပြည်သူ လေးဦးအား ယနေ့နံနက် ၉ နာရီကျော်က စစ်အုပ်စုလက်အောက်ခံ ရဲနှင့် စစ်သား ၈၀ ခန့်က ဖမ်းဆီးသွားသည်။ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ ဆီဆုံကြီးအုပ်စုနေ တောင်သူများကလည်း စိုက်ခင်းများအတွင်း၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မုံရွာပင်မသပိတ်စစ်ကြောင်းနှင့် မုံရွာ အမြင့်လမ်း ကျေးရွာများမှာ သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ အမြင့်လမ်းတစ် လျှောက် ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဝက်လက်တွင် စစ်အုပ်စုကို အာခံကာ လူထုဘက်ရပ်တည်၍ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၁၁၄၅ ဦးကို အလုပ် မှ ယာယီရပ်ဆိုင်းထားသည်။ 

• ဒီပဲယင်းမြို့နယ်၊ ကြည်ကျေးရွာတွင်လည်း ကျောင်းသား/သူများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တန့်ဆည်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ကနီမြို့နယ်၊ တပုန်းရွာနေ မိဘပြည်သူနှင့် ကျောင်းသားများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရွာတွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ယနေ့နံနက် ၉ နာရီက ကနီမြိုနယ် တောင်ပေါက် အရှေ့နှင့် အနောက်ရွာများသို့ စစ်အုပ်စုလက်နက် ကိုင်များက ကား ၁၀ စီးဖြင့် ရောက်ရှိလာကာ နေအိမ်များနှင့် စျေးဆိုင်များအား ဝင်ရောက်စီးနင်းရှာဖွေကာ တောင်ပေါက် အရှေ့ရွာရှိ စျေးဆိုင် သုံးဆိုင်မှ ပစ္စည်းများအား သိမ်းယူသွားသည်ဟု သိရသည်။ 

• ခန္တီးမြို့ရှိ ဆရာ/ဆရာမ ၁၄၆ ဦးနှင့် ရုံဝန်ထမ်း ၁၆ ဦးအာ စစ်အုပ်စုအောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်ကာ တွန်းလှန်နေ သည့်အတွက် အလုပ်မှ ယာယီရပ်ဆိုင်းထားခံရသည်။ 

• အရာတော်မြို့နယ်၊ ရေယိုကျေးရွာအုပ်စုတွင်လည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ကျောင်းသားလူငယ်များက ဆန္ဒပြခဲ့ကြသည်။ 

မကွေးတိုင်းဒေသကြီး

• ပခုက္ကူခရိုင်၊ ကမ္မမြို့နေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန့်ကျင် တော်လှန်ခဲ့သည်။ 

• မြိုင်မြို့နယ်တွင် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန် ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မြိုင် မြို့နယ်၊ သနပ္ပင်ကုန်းအုပ်စုနေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့ သည်။ 

• ဂန့်ဂေါမြို့နယ်တွင်လည်း ကျောင်းသားလူငယ်များက "ခဲတံအစား သေနတ်ကိုင်မယ်၊ စာအုပ်အစား ဗုံးကိုင်မယ်၊ ကျောင်းထဲဝင်မယ့်အစား တိုက်ပွဲဝင်မယ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်အား သပိတ်တပ်ဦးတွင် ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဂန့်ဂေါမြို့နယ်တွင်းရှိ တောင်ယာပြင်ရွာနေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• မြိတ်မြို့ ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်ကာ CDM ပြုလုပ်နေသည့် မမို့မြင့်ချယ်ကို အကြမ်းဖက်စစ်အုပ်စုက သူမ နေထိုင်သည့် ခရူတောရပ်ကွက် နေအိမ်အား အသွားအလာကန့်သတ်ထားသည့် ယမန်နေ့ည ၁၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• ထားဝယ်မြို့ ကမ်းနားစျေးတွင်လည်း ဗကသကျောင်းသားများနှင့် လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း "တိုက်ပွဲရှိရင် အောင်ပွဲရှိတယ် - အဆုံးထိတိုက်မယ့် ကံပေါက်" ဟု ရေးသား ထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် ညင်းမော်နှင့် မောင်းမကန်ကျေးရွာနေ ပြည်သူများကလည်း ကျေးရွာသပိတ်စစ်ကြောင်းများ ဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်တွင် NUG အစိုးရ လမ်းညွှန်မှုကို လိုက်နာကာ စစ်အုပ်စုအား နည်းလမ်းမျိုးစုံဖြင့် ချေမှုန်းတိုက်ခိုက်ရန် အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုသိမ်ကို ဖွဲ့စည်းလိုက်သည်။

• ပန်းတနော်တွင် စစ်အုပ်စုကို အာခံကာ ပြည်သူ့ဘက်ရပ်တည်၍ CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၂၈၆ ဦးကို အလုပ်က ယာယီရပ်ဆိုင်းထားသည်။ 

• ဟင်္သာတနည်းပညာတက္ကသိုလ်မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်၍ CDM ပြုလုပ်မှုကြောင့် အလုပ်မှ ယာယီရပ်ဆိုင်းခံထားရသူ မြို့ပြအင်ဂျင်နီယာဌာန လက်ထောက်ကထိက ဒေါ်နီလာမြင့်ကို စစ်အုပ်စုလက်နက်ကိုင်များ က သူမ၏ နေအိမ်သို့ ကားလေးစီးဖြင့် ရောက်လာကာ အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။ ဟင်္သာတမြို့ နပြည်သူများကလည်း မင်းတပ်မြို့ရေ အားတင်းထား အပါအဝင် စစ်အုပ်စုကို ဆန့်ကျင်ကြောင်း စာများကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• မြောင်းမြနေ ပြည်သူများကလည်း "မီတာခမပေးဆောင်ခြင်းဖြင့် တော်လှန်ရေးကို တစ်ထောင့်တစ်နေရာမှ ကူညီပါ" အပါအဝင် စစ်အုပ်စုအား ဆန့်ကျင်သည့်စာများ ရေးသားထားသည့် စာရွက်များအား သစ်ပင်များတွင် ကပ်ထားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• အိမ်မဲ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ကထိကအပါအဝင် ဆရာ/ဆရာမ ၂၇ ဦးအား CDM ပြုလုပ်ကာ လုပ်ငန်းခွင်ဝင် ရောက်ရန် ပျက်ကွက်သည်ဟုဆိုကာ အလုပ်မှ ထုတ်ပစ်လိုက်သည်။ 

• မအူပင်မြို့နယ်နေ ပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ မြို့တွင်းလှည်လည် ဆန္ဒပြခဲ့ကြသည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ်နေ လူငယ်များကလည်း ယနေ့နေ့လယ်ပိုင်းတွင် ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ပေါင်မြို့နယ်တွင်းရှိ အခြေခံလူတန်းစား ပြည်သူများကလည်း ၎င်းတို့လုပ်ငန်းခွင်အတွင်း စစ်အာဏရှင်ဆန့်ကျင်ကြောင်း ရေးထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ရသည့်နည်းဖြင့် စစ်အာဏာရှင်စနစ် ပျက် သုန်းရေးအတွက် တိုက်ပွဲဝင်လျက် ရှိသည်။ 

• စစ်အုပ်စုအသစ်ဖွဲ့စည်းသည် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအား ယနေ့ပြုလုပ်ခဲ့ကာ မွန်ပြည်နယ် အခြေစိုက် မွန်ညီညွတ်ရေးပါတီနှင့် အမျိုးသမီးပါတီ (မွန်) တို့ တက်ရောက်ခဲ့သည်။ 

• မော်လမြိုင်နေ လူငယ်များကလည်း စစ်အုပ်စုက ပြည်သူများအပေါ် ကျူးလွန်နေသည့် လိင်အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ကချင်ပြည်နယ်

• တနိုင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကို စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ နေ့လယ်ပိုင်း တွင် ဆင်ဆာ့ကောင်ရပ်ကွက်ရှိ ၎င်း၏ နေအိမ်အား စစ်နှင့် ရဲကားများဖြင့် ဝိုင်းကာ ဖမ်းဆီးသွားကြောင်း သိရသည်။ 

• မိုးကောင်းနေပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• ဖားကန့်၊ အေးမြသာယာ တိုင်းရင်းသားပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင် အလိုမရှိကြောင်း သပိတ်စစ်ကြောင်းဖွင့်ကာ အင်အား ရာနှင့်ချီစုဝေး၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ မရှီကထောင်ရပ်ကွက်တွင်လည်း စစ်အုပ်စု လက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်အတွက် ပျောက်ကြားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရွှေကူမြို့၊ မင်းကျောင်းကုန်းရွာအနီးတွင် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောအား KIA ဘက်က ယနေ့နံနက် ၁၁ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

• ကချင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုလွမ်းဇောင်းနှင့် မဆိုင်းနူးပန်တို့အား မဆိုင်းနူးပန်၏အဖိုး နာရေးပို့ရန် သွားရောက်စဉ် မြစ်ကြီးနားမြို့၊ ၈ မိုင် ကျေးရွာ၊ ဘောလုံးကွင်းအနီးတွင် ၎င်းတို့ မောင်းနှင်လာသည့် ကားအား သေနတ်ဖြင့်ပစ်ကာ ကားဖြင့်ပါ ဝင်တိုက်၍ ဖမ်းဆီးသွားကြောင်း သိရသည်။ 

• နမ္မတီးတွင်လည်း မြို့ခံပြည်သူများက မြို့တွင်း၌ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဟိုပင်မြို့နယ်နေ ပြည်သူများကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့်အတူ ရှိနေကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ပြခဲ့သည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား ယနေ့နံနက်ပိုင်းက နှစ်ဖက်ပစ်ခတ်မှုများ ရှိနေကာ စစ်အုပ်စုဘက်က RPG၊ M79 ဗုံးသစ်တပ်လောင်ချာများဖြင့်ပါ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ ဒေါငံခါးလမ်းဆုံလမ်းခွတွင်လည်း စစ်အုပ်စုဘက်က ဆိုင်ကယ်စီးလာသူနှစ်ဦးအား တားဆီးရာ မရပ်ပေးသည့်အတွက် သေနတ်နှင့် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ပြီး ကားတစ်စီးကိုလည်း ပစ်ခတ်ခဲ့ရာ ယာဉ်မောင်းမှာ လက်မောင်း၌ ဒဏ်ရာရရှိခဲ့သည်။ နှစ်ဖက်တိုက်ခိုက်မှုများ ဖြစ်ပြီးနောက် နံနက် ၁၀ နာရီခန့်တွင် စစ်အုပ်စု နေရာယူထားသည့် ဒီးမော့ဆို မြို့နယ်ထွေအုပ်ရုံးနှင့် အားကစားရုံတို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ယမန်နေ့ကလည်း ဘောလခဲနှင့် ဖားဆောင်းမြို့နယ်ကြားရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP က ဖွင့်ထားသည့် လူငယ်လေ့ကျင်ရေးကွင်းသို့ စစ် အုပ်စုလက်နက်ကိုင်များက သွားရောက်ရန် ကြိုးစားရာမှ နှစ်ဖက်ထိတွေ့မှုများလည်း ရှိခဲ့သည်။ 

• ဒီးမော့ဆိုတွင် ယနေ့နံနက်ပိုင်းကတည်းက ညနေ ၄ နာရီခန့်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုအကြား ငါးနေရာထက်မနည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ငွေတောင်ကျေးရွာအနီး၊ ညောင်းကိုင်းတွင် စစ်အုပ်စုဘက်မှ အနည်းဆုံး ငါးဦး သေဆုံးကား စစ်ကားသုံးစီးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။ ပြည်သူများဘက်မှလည်း တစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။ 

• ညနေ ၅ နာရီအထိ သတင်းများအရ ဘော်လခဲမြို့နယ် နန်းဖဲတပ်စခန်းနှင့် ဒီးမော့ဆိုမြို့နယ် ဒေါတဝီဂိတ်စခန်းအား တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ သိမ်းပိုက်လိုက်ပြီဟု သိရသည်။ 

ကရင်ပြည်နယ်

• မြဝတီ၊ အမှတ် (၄) ရပ်ကွက်ရုံးရှေ့တွင် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က စစ်အုပ်စုလက်နက်ကိုင် ဒုအရာခံဗိုလ်တစ်ဦးက လမ်းပေါ်ဖြတ်သွားသည့် Hijet အမျိုးအစား ယာဉ်အား ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါလာသူ မြဝတီအခြေစိုက် ခလရ ၂၇၅ မှ တပ်ကြပ်ကြီး ဇော်ရဲအောင်၏ ဇနီး သေဆုံးသွားခဲ့သည်။ 

• ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းရှိ စစ်အုပ်စုတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများ ထိုင်းနိုင်ငံအတွင်း ကျရောက်မှု အပေါ် ထိုင်းဘက်မှ သတင်းပေးစာ ပေးပို့ရန် ပြင်ဆင်လျက်ရှိသည်။ 

• သံတောင်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၈၅၁ ဦးကို စစ်အုပ်စု အလုပ်မှ ယာယီရပ်ဆိုင်းလိုက်သည်။ 

ချင်းပြည်နယ်

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်တွင် စစ်အုပ်စုလက်နက်ကိုင်များက ရေနှင့် မီးဖြတ်ထားသည့်အပြင် ဖုန်းလိုင်းများကိုပါ ဖြတ်တောက်ထားလျက် ရှိသည်ဟု သိရသည်။ မင်းတပ်တွင် ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် မြို့ထဲရှိနေအိမ်သို့ အဝတ်အစား ပြန်လာယူသည့် ဆည်မြောင်းဝန်ထမ်း ဦးခိုင်နေ သေဆုံးခဲ့ကာ ယနေ့တွင် အလောင်းလာယူရန် မိသားစုအား အကြောင်းကြားထားသည်ဟု သိရသည်။

• မင်းတပ်မြို့နှင့် ဆယ်မိုင်ခန့်သာ ကွာဝေးသည့် ပူကွန်းရွာတွင် တပ်စွဲရန် ရောက်လာသည့် စစ်အုပ်စုလက်နက်ကိုင်တပ်များ နှင့် Chinland Defense Force – မင်းတပ်အဖွဲ့တို့အကြား ယနေ့ နေ့လယ်ပိုင်းက ပစ်တ်မှု ဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်မှု ရှိ-မရှိကိုမူ စုံစမ်းဆဲ ဖြစ်သည်။ 

• စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးသို့ တက်လာသည့် စစ်ကားနှစ်စီးမှာ ယနေ့နံနက်ပိုင်းက ဖလမ်းမြို့၊ လုံဘမ်းရွာအနီးတွင် ခြုံခိုပစ်ခတ်ခံရပြီး နှစ်ဘက်ထိခိုက်မှု အခြေအနေကို မသိရသေးပေ။ 

• ဖလမ်း-ကလေး ကားလမ်းတွင် စစ်အုပ်စုနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့အကြား ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ခြောက်ဦး သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးသွားခဲ့ပြီး CNDF ဘက်မှ တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

• ဖလမ်းမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများမှာ ဆရာ/ဆရာမ ၈၀၄ ဦးကို စစ်အုပ်စုကို အာခံကာ ပြည်သူ့ဘက်ရပ်တည် ၍ CDM ပြုလုပ်နေသည့်အတွက် အလုပ်မှ ယာယီရပ်ဆိုင်းထားသည်။ 

ရှမ်းပြည်နယ်

• ရှမ်းမြောက် နမ့်ဆန်တွင် စစ်အုပ်စုလက်နက်ကိုင်များ စီးနင်းလာသည့် ဘုန်းတော်ကြီးကားနှစ်စီး၊ သဲတင်ကားတစ်စီးအားယမန်နေ့ နံနက် ၁၁ နာရီခန့်က မန်ကန်ကျေးရွာအောက်ဘက် တံတားအနီးတွင် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကာ ယာဉ်မောင်းလာ သူ အရပ်သားတစ်ဦး ထိခိုက်ခဲ့သည်။ နမ့်ဆန်တွင်ပင် ယမန်နေ့ညပိုင်းက လဝကရုံးရှေ့ကို အ.ထ.က (၁) တွဲဖက် ကောင်းအနီး ပေါက်ကွဲမှုဖြစ်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာသို့ မြို့နယ်ရဲမှူးနှင့် ရဲလုံခြုံရေးများ ရောက်ရှိလာစဉ် ထပ်မံပေါက်ကွဲသည့် အတွက် ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် အခြားအဆင့် နှစ်ဦး၊ ရဲမှူးတစ်ဦးတို့ သေဆုံးခဲ့သည်။ ထို့ပြာင် စစ်အုပ်စုတပ်သား ၁၀ ဦးခန့်လည်း ဒဏ်ရာရရှိခဲ့သည်။ 

• တောင်ကြီးမြို့၊ မြို့မစျေးရှေ့နှင့် အနောက်မြို့ပတ်လမ်းရှိ ကမေ္ဘာဇဘဏ်အနီးတွင် ယမန်နေ့ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်ဝတ် ဝတ်ထားသူ စစ်အုပ်စုလက်နက်ကိုင် သုံးဦး ထိခိုက်ခဲ့ကာ တစ်ဦးသေဆုံးခဲ့သည်။ 

• လားရှိုးမြို့ခံများကလည်း မြို့လယ်ခေါင် ကြော်ငြာဆိုင်းဘုတ်များနှင့် အုတ်နံရံများတွင် စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန် ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်ကြီးမြို့နေ လူငယ်များကလည်း သစ်တောရပ်ကွက်၊ ရွှေဘုန်းပွင့်တောင်တက်လမ်းရှိ နဂါးကန်တွင် စစ်အုပ်စုခေါင်း ဆောင်ပုံများတွင် ရုပ်ပြောင်စာများ ရေးသားကာ လူမဲ့ဆန္ဒပြလှုပ်ရှားမှု ပြလုပ်ခဲ့သည်။ 

• နမ့်ခမ်းမြို့တွင် ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ်အား ဂီတသပိတ်ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။

• ယနေ့ကျရောက်သည့် (၆၃) နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနားတွင် ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်းပြီး နည်းလမ်းရှာဖြေရှင်းကြရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required