တရုတ်နှင့် ရထားလမ်းစီမံကိန်းကို ထိုင်းဖက်က ရွှေ့ဆိုင်း

တရုတ်နှင့် ရထားလမ်းစီမံကိန်းကို ထိုင်းဖက်က ရွှေ့ဆိုင်း

ထိုင်းအစိုးရ၏ သိုလှောင်ရော်ဘာများ ဝယ်ယူခြင်းကို တရုတ်အစိုးရက လုပ်ငန်းသဘောအတိုင်း အပြည့်အဝလိုက်နာခြင်းမရှိခြင်းကြောင့် စီနို-ထိုင်းရထားလမ်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကို ထိုင်းအစိုးရက ရွှေ့ဆိုင်းပစ်လိုက်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး အက်ခဟွမ်တမ်ပီတာယာပတ်ဆစ်က ဒီဇင်ဘာ ၁ ရက်က ပြောကြားလိုက်သည်။

အဆိုပါ နားလည်မှုစာချွန်လွှာကို Oriental Hotel တွင် ဒီဇင်ဘာ ၃ ရက်တွင် ကျင်းပမည့် ရထားလမ်းစီမံကိန်းနှင့် ပတ်သက်သည့် ကိုးကြိမ်မြောက် စီနို-ထိုင်းကော်မတီအစည်းအဝေးကျင်းပစဉ် လက်မှတ်ရေးထိုးရန် အစောပိုင်းက စီစဉ်ထားခြင်းဖြစ်ကြောင်း အက်ခဟွမ်က ပြောသည်။

ထိုင်းနိုင်ငံက ရော်ဘာများ ဝယ်ယူခြင်း ကနဦးသဘောတူညီမှုကို တရုတ်နိုင်ငံဖက်က အပြည့်အဝလုပ်ဆောင်လာခြင်းမရှိခြင်းကြောင်း ရထားလမ်းစီမံကိန်းနှင့် ပတ်သက်သည့် သဘောတူလက်မှတ်ရေးထိုးမှုကို ရွှေ့ဆိုင်းပစ်လိုက်ရန် ထိုင်းကိုယ်စားလှယ်များအား ဒုတိယဝန်ကြီးချုပ် ဆွမ်ကစ်ဂျက်တူစရစ်ပီတက်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံဖက်က ကနဦးက သဘောတူညီထားသည့် အတိုင်း ရော်ဘာဝယ်ယူမှုတွင် အပြည့်အဝလုပ်ဆောင်လာခြင်းမရှိကြောင်း၊ ဝယ်ယူမည့် သဘောတူထားသော ကုမ္ပဏီကိုလည်း   ပြောင်းလဲခဲ့ကြောင်း၊ ထိုပြင် အစိုးရသိုလှောင်ထားသည့် ရော်ဘာအဟောင်းများ ဝယ်ယူမည်ဟု သဘောတူထားလင့်ကစား ဈေးကွက်က ရော်ဘာသစ်များကိုသာ ဝယ်ယူရန် လုပ်ဆောင်လာကြောင်း ၎င်းက ပြောကြားသည်။

ရော်ဘာဝယ်ယူခြင်းနှင့် ရောင်းချခြင်းတွင် ပြန်လည်သဘောတူညီမှုရရှိချိန်တိုင်အောင် ရထားလမ်းစီမံကိန်းကို ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း အက်ခဟွမ်က ပြောခဲ့သည်။

Ref ; The Nation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly