သမိုင်းဝင် ဒီဇင်ဘာ ၂ရက်နေ့ ကတိမှသည် ဇန်နဝါရီ ၃၁သို့

သမိုင်းဝင် ဒီဇင်ဘာ ၂ရက်နေ့ ကတိမှသည် ဇန်နဝါရီ ၃၁သို့
ဓာတ်ပုံ-အီးပီအေ

နေပြည်တော်၊ ဒီဇင်ဘာ ၂ရက် ။ ။ ရန်ကုန်မန္တလေးလမ်းနဲ့ ပင်လောင်းလမ်းကြီး အဆုံကနေ တစ်မိုင်လောက်ဝင်လိုက်တဲ့ အခါမှာပဲ လုံခြုံရေးအဆင့်ဆင့်ချထားပြီး၊ မိုင်းရှင်းလင်းရေး ခွေးကြီးနှစ်ကောင်နဲ့ သတင်းမီဒီယာတွေဆီက ပါလာသမျှကို ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ဆေးရေးဂိတ်မှာ အနံ့ခံရှာဖွေနေပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံဆွေးနွေးကြမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းမှာ အဲဒီလို လုံခြုံရေးတွေယူ ရှာဖွေနေတာ ဖြစ်ပါတယ်။

အဲဒီ့စစ်ဆေးရေးဂိတ်ကနေ စစ်ဆေးပြီးတဲ့ သတင်းမီဒီယာတွေကို တပ်မတော်ပိုင် သီးသန့်ကားတွေနဲ့ ဘုရင့်နောင်ရိပ်သာကို နေ့လယ် ၁၂နာရီနဲ့ ၁နာရီကြားမှာ အရောက်သယ်ယူပို့ဆောင်ပေးကြပါတယ်။

ရှစ်လမ်းသွား ကွန်ကရစ်လမ်းမကြီးတွေထဲက တစ်ဆင့် ဘုရင့်နောင်ရိပ်သာကို ဝင်တဲ့နေရာမှာတော့ မည်သည့် သတင်းမီဒီယာမဆို ကားပေါ်မှ လမ်းတစ်လျောက် ဓါတ်ပုံမရိုက်ကြဖို့ ကားပေါ်အတူပါလာတဲ့ ဗိုလ်ကြီး အဆင့်ရှိသူက မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့က တစ်နိုင်ငံလုံးစောင့်မျှော်နေတဲ့ သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ အဲဒီနေ့ နံနက်ပိုင်း ၉နာရီက ရွေးကောက်ပွဲအနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်တွေ့ဆုံပြီး၊ အဲဒီနေ့ နေ့လည် ၂နာရီမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တစ်နေ့တည်းမှာ တွေ့ဆုံခဲ့လို့ပါပဲ။

အဲဒီ့ ဒီဇင်ဘာ ၂ရက်နေ့ တွေ့ဆုံဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်က နေ့လယ် ၁နာရီ ၄၅မိနစ်မှာ ဘုရင့်နောင်ရိပ်သာကို ရောက်ခဲ့ပါတယ်။ အဲဒီနောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလို နေ့လည် ၁နာရီ ၄၈မိနစ် လောက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က ရောက်ရှိလာလို့ ကာချုပ်က ဧည့်ဝတ်ပြု ထွက်ကြိုဆိုခဲ့ပါတယ်။

အဲဒီလိုမရောက်ခင်မှာတော့ သူတို့နှစ်ဦးတွေ့ဆုံဆွေးနွေးမှုက လုံးဝသီးသန့်ဖြစ်ပြီး၊ ဆွေးနွေးနေချိန်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးက မည်သူကမှ အခန်းတွင်း ဝင်ရောက်နားထောင်မှာမဟုတ်သလို၊ သတင်းထုတ်ပြန်မှု အခြေအနေကိုလည်း နှစ်ဦးသဘောတူညီမှုအတိုင်း ထုတ်ပြန်ပေးမှာလို့ ကာချုပ်ရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက သတင်းမီဒီယာတွေကို ကြိုတင်ရှင်းလင်းခဲ့ပါတယ်။

အဲဒီလို ၂နာရီက နှစ်ဦးတည်း သီးသန့်တွေ့ဆုံချိန်ကတော့ နေ့လည် ၂နာရီနဲ့ ၅၇မိနစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အဲဒီပြီးဆုံးချိန်မှာပဲ နှစ်ဦးလုံးက ရွှင်ပျ၊ တက်ကြွနေတဲ့ သဏ္ဍာန်နဲ့အတူ ဆွေးနွေးခန်းကနေ ပေါ့ပါးစွာထွက်လာခဲ့ကြတာပါ။

အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းမီဒီယာတွေကို တွေ့ဆုံမှုနဲ့ပက်သက်ပြီး တစ်စုံတစ်ရာ မပြောဆိုခဲ့သေးပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ “တိုင်းပြည်အတွက် ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဦးသဘောတူတယ်” လို့ သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။

အဲဒါအပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပဲ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့တာက “ကောင်းမွန်တဲ့ ဆွေးနွေးမှုရပါတယ်” လို့ ဘုရင့်နောင်ရိပ်သာက ပြန်အထွက်မော်တော်ယာဉ်ပေါ်ကနေ မီဒီယာတွေကို ပြောခဲ့ပါသေးတယ်။

ကာချုပ်နဲ့မတွေမီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် တွေ့ဆုံခဲ့တုန်းကတော့ အနိုင်ရပါတီကို “ရွေးကောက်ပွဲတစ်ခုကနေ အနိုင်ရလာတဲ့ အစိုးရတစ်ရပ်က နောက်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ အစိုးရ တစ်ရပ်ကို ချောချောမွေ့မွေ့ အေးအေးချမ်းချမ်းလွှဲပေးခဲ့တယ် ဆိုတဲ့အစဉ်အလာလုံးဝမရှိခဲ့ပါဘူး။ ဒီအစဉ်အလာကို မဖြစ်ဖြစ်အောင် ကျွန်တော်တို့လုပ်မယ်။ ဒါဟာကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး အဆုံးသတ်တစ်ခုလည်းဖြစ်တယ်။ ဒီကနေ့ခေါင်းဆောင်နှစ်ယောက်တွေ့တော့လည်း နှစ်ဖက်စလုံးက ဒါကိုသဘောတူတယ်။”  လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဆိုခဲ့ပါတယ်။

အဲဒီအပြင် အေးအေးချမ်းချမ်း၊ ချောချော့မွေ့မွေ့ အာဏာလွှဲပြောင်းပေးပါ့မယ်လို့ အာမခံတဲ့အပြင် လူသိရှင်ကြားလည်း ပြောဆိုထားပြီးပြီလို့ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး   သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က သတင်းစာရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးရေးယဉ်ကျေးမှုကို လူသိရှင်ကြားဖော်ထုတ်ပြသခဲ့တဲ့ သမိုင်းဝင်နေ့ဆိုလည်း မမှားပါဘူး။ သို့သော် အမှန်တကယ် အာဏာလွှဲပြောင်းနိုင်မယ့် မတ်လ ၃၁ရက်နေ့နဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသစ်ပြန်လည်ခေါ်ဆိုနိုင်မယ့် ဇန်နဝါရီလ ၃၁ရက်နေ့ကိုတော့ အားလုံးက အလေးထားစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly