၂၀၁၆ တွင် အာဆီယံစံချိန်မီ ဖူဆယ်ကွင်းတစ်ကွင်း တည်ဆောက်ရန် အဖွဲ့ချုပ် စီစဉ်

၂၀၁၆ တွင် အာဆီယံစံချိန်မီ ဖူဆယ်ကွင်းတစ်ကွင်း တည်ဆောက်ရန် အဖွဲ့ချုပ် စီစဉ်
၂၀၁၅ ဖူဆယ်ဖလားပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည့် သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းအား တွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၂၊ ရန်ကုန် ။           ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၆ တွင် အာဆီယံစံချိန်မီ ဖူဆယ်ကွင်းတစ်ကွင်း ရန်ကုန်မြို့၌ တည်ဆောကရန် စီစဉ်လျက်ရှိသည်ဟု မြန်မာနိုင်ငံ ဖူဆယ်ကော်မတီဥက္ကဌ ဦးကြည်မင်းသိန်းက ပြောသည်။ လက်ရှိတွင် ဖူဆယ်လိဂ်ပြိုင်ပွဲများနှင့် ဖူဆယ်ဖလား ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံနှင့် လှိုင်ဖူဆယ်အားကစား ကွင်းတို့၌သာ နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိသည်။

“ကျွန်တော်တို့ မြန်မာဖူဆယ်အသင်းအနေနဲ့ အိမ်နီးချင်း ထိုင်းအသင်းတို့ကို မီချင်တယ် အဆင့်အတန်းတူ ကစားချင်တယ်ဆိုရင်တော့ ဖူဆယ်ကွင်းတွေ လိုပါတယ်။ ပြိုင်ပွဲတွေများများလုပ် လေ့ကျင့်ရေးတွေ များများလုပ်မှ အသင်းတွေက တိုးတက်လာမှာပါ။ အဲ့ဒီအတွက် ပြိုင်ပွဲကျင်းပနိုင်မယ့် ကွင်းကောင်းကောင်းနဲ့ လေ့ကျင့်ရေးကွင်း ကောင်းကောင်းတွေ ရှိမှပဲ အဆင်ပြေမှာပါ။ အခုလေ့ကျင့်ရေးကွင်းဆို ကျိုက်က္ကစံလေ့ကျင့်ရေးကွင်းတစ်ခုပဲ ကောင်းပါတယ်။ လာမယ့် ၂၀၁၆ မှာ အာဆီယံစံချိန်မီ ဖူဆယ်ကွင်းတစ်ကွင်းဆောက်ပေးဖို့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားတယ်လို့ ဥက္ကဌကတော့ ပြောထားပါတယ် ” ဟု ဦးကြည်မင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၁၆ ဇူလိုင်လတွင် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံတွင် ပထမဦးဆုံး အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly