ထိုင်းနိုင်ငံက နိုင်ငံမဲ့နှစ်သောင်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေး၍ ကုလသမဂ္ဂကြိုဆို

ထိုင်းနိုင်ငံက နိုင်ငံမဲ့နှစ်သောင်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေး၍ ကုလသမဂ္ဂကြိုဆို

ထိုင်းနိုင်ငံက ပြီးခဲ့သည့်သုံးနှစ်အတွင်း နိုင်ငံမဲ့ ၁၈၇၇၃ ဦးကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုကြေညာခဲ့ခြင်းအား ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ကြိုဆိုလိုက်သည်။

အောက်တိုဘာလအထိ အစိုးရ၏ အချက်အလက်များအရ စုစုပေါင်းနိုင်ငံမဲ့ ၄၄၃၈၆၂ ဦး နိုင်ငံသားဖြစ်ခွင့်လျှောက်ထားကြောင်း ပြည်နယ်ရေးရာစီမံခန့်ခွဲမှုဌာနအရ အေဂျင်စီက ပြောသည်။

"နိုင်ငံမဲ့တွေကို ခုလိုအသိအမှတ်ပြုတာ အလွန်အားရစရာပါ။ မှတ်ပုံတင်စတဲ့ အထောက်အထားတွေ၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုကို တရားဝင်ခံစားခွင့် မရှိသူတွေအဖြစ်က လွတ်မြောက်ပြီး ထိုင်းနိုင်ငံသားအဖြစ် တင်းပြည့်ကြပ်ပြည့် ရပိုင်ခွင့်များ ရရှိကြပြီဖြစ်ပါတယ်။"ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ထိုင်းနိုင်ငံ ကိုယ်စားလှယ် ရူဗန်ဒရီနီမီနစ်ဒီဝီလာက ပြောသည်။

ထိုင်းမြောက်ပိုင်းပြည်နယ် ချင်းရိုင်နှင့် တက်ပြည်နယ်တို့တွင် နိုင်ငံသားဖြစ်ခွင့်ပြုမှု ကိစ္စရပ်များတွင် UNHCR က အမျိုးမျိုးသောထောက်ပံ့မှုများပေးခဲ့သည်။ ကျောင်းနေအရွယ်များနှင့် ချို့ငဲ့သူများ အပေါ် နိုင်ငံသားဖြစ်ခွင့်ရရှိရေးကို မင်းသမီးသိရီဒုံကလည်း အဓိကထား ဦးတည်လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း UNHCR က နိုင်ငံသားဖြစ်ခွင့် အခက်အခဲရှိသူများနှင့် အစွန်အဖျားဒေသများတွင် နေထိုင်သူများထံအထိ ရောက်ရှိအောင် အာဏာပိုင်များနှင့် အတူ ပူးပေါင်းလုပ်ဆောင် ခဲ့သည်။

UNHCR က ခရိုင်အဆင့် နိုင်ငံသားရေးရာ အရာရှိများအတွက် ထောက်ပံ့မှုများပေးသကဲ့သို့ ဝေးလံခေါင်သီသည့် ရွာများအထိ ရောက်နိုင်အောင် မိုဘိုင်းရွှေ့လျားအဖွဲ့ တည်ထောင်နိုင်ရေးကိုလည်း ရန်ပုံငွေ မတည်ပေးခဲ့သည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly