ဝန်ကြီးဌာနများ အစိုးရဘတ်ဂျက်အား လက်ကျန်သက်တမ်းအတွင်း လက်တွေ့လုပ်နိုင်မှသာ တောင်းခံသင့်ကြောင်း အမတ်များပြောဆို

ဝန်ကြီးဌာနများ အစိုးရဘတ်ဂျက်အား လက်ကျန်သက်တမ်းအတွင်း လက်တွေ့လုပ်နိုင်မှသာ တောင်းခံသင့်ကြောင်း အမတ်များပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။          ။ ဝန်ကြီးဌာနများက ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အတွက် အစိုးရဘတ်ဂျက်အား လက်ကျန်သက်တမ်းအတွင်း လက်တွေ့လုပ်နိုင်မှသာ တောင်းခံသင့်ကြောင်း နိုဝင်ဘာ ၃၀ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ပြောသည်။

လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရဝန်ကြီးဌာနများက ကျပ် ၂၄၆၄ ဒဿမ ၃ ဘီလျံ ဖြည့်စွက် တောင်းခံမှုအား ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

''ဒီအစိုးရ သက်တမ်းအတွင်း တောင်းပိုင်ခွင့်တော့ရှိပါတယ်၊ ဒါပေမယ့် လက်တွေ့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာနဲ့ လုပ်ငန်းပြီးစီးနိုင်မယ့် ဟာတွေ တောင်းခံဖို့တော့လိုတာပေါ့။ ဒီအချိန်ကာလ အတွင်းမှာ လုပ်ငန်းမပြီးနိုင်ရင် မလိုအပ်ဘဲ ငွေဖောင်းပွလာမယ်။ တကယ်လိုအပ်သလား၊ ဒီသက်တမ်းအတွင်း အပြီးသတ်လုပ်ဆောင်နိုင်မလားဆိုတာ စဉ်းစားဖို့လိုတယ်။'' ဟု ဦးခက်ထိန်နန်က မဇ္ဈိမသို့ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သုံးလသာ ကျန်တော့သည့် သက်တမ်းအတွင်း အချိန်ကာလနှင့် မမျှအောင် တောင်းခံထား သည်များ တွေ့ရပြီး၊ အထူးသတိပြု စိစစ်သင့်သည်မှာ အမြဲတမ်း အရှုံးပေါ်နေသော စက်မှုဝန်ကြီးဌာနအောက်မှ လုပ်ငန်းများ၊ ရထားပို့ ဆောင်ရေးလုပ်ငန်းများ၊ မြန်မာ့စီးပွားရေးဘဏ်လုပ်ငန်းများ ဘာကြောင့်ရှုံးရသည်ဆိုတဲ့ အပေါ်မူတည်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်များချရမည်ဟု ဆွေးနွေးခဲ့သည်။

''ဝန်ကြီးဌာနတွေ အခုတောင်းခံတဲ့ ဖြည့်စွက်တောင်းခံငွေက မူလတောင်းခံတဲ့ ဘတ်ဂျက်ငွေထက် ၁၁ ဒဿမ ၉၅ ရာခိုင်နှုန်းပိုများနေတယ်။ ဒါလုံးဝမဖြစ်သင့်ဘူး။ လက်ကျန်သက်တမ်း အတွင်းတောင်းတာတွေက အရမ်းများနေတယ် လွှတ်တော်ကလည်း စိစစ်သင့်တယ်ဆိုတာ အန်တီတို့တင်ပြခဲ့တယ်'' ဟု ဒေါ်ခင်စန်းလှိုင်က မဇ္ဈိမသို့ပြောကြားသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ မူလတောင်းခံငွေမရှိဘဲ ဖြည့်စွက်တောင်းခံငွေ (၂) ကြိမ် တောင်ခံခဲ့ပြီး၊ ဗဟိုဘဏ်က ငါးထောင်တန် ငွေဒင်္ဂါးထုတ်ဝေရန် လွှတ်တော်တွင် ခွင့်ပြုချက်မတောင်းခဲ့ဘဲ ယခုလွှတ်တော်တွင် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံ လာသည်ဟု သာပေါင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားသည်။

ဝန်ကြီးဌာနများ၏ ၂၀၁၅- ၁၆ ဘဏ္ဍာနှစ်အတွက် လက်ကျန်သက်တမ်းအတွင်း အစိုးရဘတ်ဂျက် တောင်းခံသည့်ကိစ္စအား ဒီဇင်ဘာ ၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးဌာနများက လာရောက်ပြောကြားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly