အဆိုတော် မိစန္ဒီ ၏ ပစ်တိုင်းထောင် DVD Karaoke အခွေ ဒီဇင်ဘာ ၆ ရက်တွင် ထွက်ရှိမည်

အဆိုတော် မိစန္ဒီ ၏ ပစ်တိုင်းထောင် DVD Karaoke အခွေ ဒီဇင်ဘာ ၆ ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။          ။ တစ်နှစ်ခွဲကြာ အချိန်ယူ ပြင်ဆင်ခဲ့သည့် အဆိုတော် မိစန္ဒီ၏ ပစ်တိုင်းထောင် DVD Karaoke အခွေကို ဒီဇင်ဘာ ၆ရက် အမျိုးသားနေ့တွင် Bo Bo Music Production မှ မြန်မာ တစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် မိစန္ဒီက "ဒီအခွေမှာ တစ်ပုဒ်နဲ့ တစ်ပုဒ် မထပ်အောင် သေချာ ရိုက်ကူးထားတယ်။ Hip Hop ပုံစံတွေလည်း ပါမယ်၊ ရယ်ရတဲ့ ပုံစံတွေလည်း ပါမယ်၊ မိစန္ဒီ ကိုယ်တိုင် တော်တေ်ာများများ သရုပ်ဆောင်ထားပါတယ်။ ရင်လည်း အရမ်းခုန်တယ် စိုးရိမ်တာလည်း ပါတာပေါ့။ ပရိသတ်ဘက်က ဘယ်လို တုံ့ပြန်မှု ကြားရမလဲဆိုတာ ရင်ခုန်မိတယ်" ဟု ပြောသည်။

ထို DVD အခွေတွင် တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး ဒါရိုက်တာများ အဖြစ် ဝင်းလွင်ထက်(HD)၊ မောင်မောင်သာမြင့် (Nut & Butter)၊ မေဘရဏီ (Dream Walkerz)၊ A.R.T Entertainment တို့မှ ရိုက်ကူး ပုံဖော်ပေးထားသည်။

ပစ်တိုင်းထောင် DVD တွင် ထူးခြားမှုအနေဖြင့် အလွမ်းရဲ့ ထုထည် တေးသီချင်းကို ရေခဲရိုက် အပြုံးတေးသီချင်း MTV နောက်ဆက်တွဲ ဇာတ်လမ်း ပုံစံ အနေဖြင့် ပြန်လည် ရိုက်ကူးထားပြီး ၅ရက်ကြာ ရိုက်ကူးခဲ့ရကြောင်း အဆိုတော် မိစန္ဒီက ဆိုသည်။

"ပရိတ်သတ်ကို ထူးခြားစေချင်တယ် မိစန္ဒီ နဲ့ ကိုအောင်ရဲလင်းနဲ့ဆို တခြား ဇာတ်လမ်းတစ်ခု ရိုက်လိုက်တာထက်စာရင် ရေခဲရိုက်အပြုံးနဲ့ တွဲမြင်ပြီးသား ဖြစ်တဲ့အတွက် ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး ဇာတ်သိမ်းကို ပရိသတ်တွေက ကျေနပ်ကြမှာ မဟုတ်တဲ့အတွက် ဒီဇာတ်လမ်းကိုလည်း နောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်မလဲဆိုတဲ့ဟာမျိုးကို အလွမ်းရဲ့ထုထည် သီချင်းထဲမှာ ရေခဲရိုက်အပြုံးရဲ့ ဇာတ်လမ်းအတိုင်းကို ပြန်ရိုက်ထားတယ်။ ဒီတစ်ခေါက်က ရေခဲရိုက် အပြုံးထက် ဇာတ်လမ်းက ပိုကြီးတယ်။ ကလောအထိလည်း သွားရိုက်ထားတယ်" ဟု ၎င်းက ပြောသည်။

သရုပ်ဆောင်များ အနေဖြင့် နေတိုး၊ အောင်ရဲလင်း၊ ရဲရင့်အောင်၊ ထွန်းကိုကို၊ အလင်းရောင်၊ Kara၊ အောင်လေး၊ စိုးကြီး၊ ဟိဏ်းသစ်၊ ဇင်မျိုး၊ ဖွေးဖွေး၊ နီနီခင်ဇော်၊ မိစန္ဒီ၊ Bobby Soxer၊ နှင်းယမုံဦး၊ မိခတ္တာ၊ Alice Ong ၊ Uranium Dance Group ၊ Jade Dragon Dance Group ၊ Sp အဖွဲ့ တို့မှ ပါဝင် သရုပ်ဆောင် ပေးထားသည်။

ပစ်တိုင်းထောင် DVD ထွက်ရှိသည့် ဒီဇင်ဘာ ၆ရက်တွင် ညနေ ၃နာရီ မှ ၅နာရီ အထိ လှန်းတန်းစင်တာတွင် အဆိုတော် မိစန္ဒီ နှင့်အတူ အနုပညာရှင်များမှ အမှတ်တရ လက်မှတ် ရေးထိုး သီဆို ဖျော်ဖြေမည် ဖြစ်သည်။

ပထမဆုံး အခွေ ဝယ်ယူသူ ပရိသတ် အယောက် ၁၀၀ ကို ပစ်တိုင်းထောင် Logo ပါသည့် Snapback ဦးထုပ်များ လက်ဆောင် ပေးမည့် အပြင် ဒီဇင်ဘာ ၁၂ရက်တွင် ပြုလုပ်မည့် Sai Sai & Friends ( Brand's Concert) လက်မှတ်များကို မဲဖောက် ပေးသွားမည် ဖြစ်သည်။

ပစ်တိုင်းထောင် DVD album ၏ Main Sponsor ဖြစ်သည့် Sony MDR Headphones များကိုလည်း မဲဖောက် ပေးသွားမည် ဖြစ်ပြီး မန္တလေးတွင်လည်း ပရိုမိုးရှင်းပွဲ ကျင်းပ ပြုလုပ်ရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly