SSPP နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် မိုင်းနောင်မြို့နယ်တွင် သံဃာလေးပါး မိုင်းနင်းမိကာ ဒဏ်ရာရ

SSPP နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားသည့် မိုင်းနောင်မြို့နယ်တွင် သံဃာလေးပါး မိုင်းနင်းမိကာ ဒဏ်ရာရ

ချင်းမိုင်၊ ဒီဇင်ဘာ ၁ ။         ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းတပ်မတော်(SSPP/SSA)နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲအတွင်း နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီက မိုင်းနောင်မြို့နယ် နားကန်းကျေးရွာအုပ်စု ဘုန်းကြီးကျောင်းအနီး မိုင်းဗုံးပေါက်ကွဲကာ သံဃာ ၄ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ရှမ်းလူငယ်ကွန်ယက်မှ သိရသည်။

မိုင်းနောင်မြို့နယ် နားကန်းကျေးရွာအုပ်စု ကုန်းတော်ဘုန်းကြီးကျောင်းအနီး သံဃာ ၄ ပါး တို့ ရေဆင်းချိုးရန် သွားသည့် လမ်းတွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ကို မိုင်းနောင်ဆေးရုံသို့ ပို့ဆောင်လိုက် ရသည်ဟု ရှမ်းလူငယ်ကွန်ယက်မှ လွယ်ခမ်းပန်က မဇ္ဈိမကို ပြောသည်။

“မနေ့က ညနေပိုင်းက ၆ နာရီကျော်ဝန်းကျင်လောက်ဖြစ်တာ။ အဲဒီဘုန်းကြီးကျောင်းက ဦးဇင်းတွေရယ်၊ ကိုယ်ရင်တွေက ရေချိုးဆင်းသွားရင်းနဲ့ လမ်းမှာ မြစ်တောထဲမှာ မိုင်းကွဲတာ။ အဲဒါ လေးပါး စလုံးကို မိုင်းနောင်ဆေးရုံမှာ တင်ထားတယ်။ အခြေအနေအသေးစိတ် မသိသေးဘူး။ မိုင်းနောင်မှာ ဖုန်းလိုင်းတွေလည်း ပြတ်နေတယ်”ဟု သူက ပြောသည်။

ပေါက်ကွဲသည့် မိုင်းသည် မည်သည့်အဖွဲ့အစည်း၏ မိုင်းဗုံးဖြစ်သည်ကို မသိရသေးသော်လည်း ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ အစိုးရ ထိန်းချုပ်ထားသော နေရာဖြစ်ကြောင်း လွယ်ခမ်းပန်က ပြော သည်။

“ထောင်ထားတဲ့မိုင်းကို နင်းမိတာဆိုတော့ တမင်သက်သက်လုပ်ထားတယ်လို့တော့ မယူဆဘူး။ သို့သော် ထောင်ထားတဲ့ နင်းမိပေမဲ့ တပ်မတော်ကလုပ်တာလား။ အဖွဲ့အစည်းတခုခုက လုပ်တာလား မသိရဘူး။ ဒါပေမဲ့ ဖြစ်တဲ့နေရာ ဒေသကကတော့ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်လေ။ အခု ဘာမှစစ်ဆေးတာ မလုပ်ရသေးဘူး။ အဲဒီမှာက အုပ်ချုပ်ရေးအပိုင်းရော၊ တိုက်ပွဲတွေ ဖြစ်နေတဲ့ အခါကြတော့ အခြေအနေက ရှုတ်ထွေးနေတယ်ပေါ့နော်”ဟု သူက ဆက်လက် ပြောဆိုသည်။

SSPP/SSA နှင့် အစိုးရစစ်တပ်တို့အကြား အောက်တိုဘာလ ၆ ရက်မှ တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ်ထိ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ နှင့် ၂၄ ရက်များတွင် အစိုးရ နှင့် SSPP/SSA ခေါင်းဆောင်များ ၅ ရက်အတွင်း စစ်ရှိန်လျော့ရန် အပါအဝင် အချက် ၆ ချက်ကို သဘောတူညီခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော လွိုင်လင်ခရိုင် လွယ်လင်၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ နမ့်စန်၊ မိုင်းရှူး၊ မိုင်းနောင် မြို့အဝင် အထွက်များကို ည ၆ နာရီမှ နံနက် ၆ နာရီအထိ တားမြစ်ထားသည်ဟု ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags