အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ရန်ကုန်အသင်း စင်ကာပူကလပ် တန်းပနိစ်ရိုဗာ အသင်းနှင့်တွေ့ဆုံ

အာရှချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ရန်ကုန်အသင်း စင်ကာပူကလပ် တန်းပနိစ်ရိုဗာ အသင်းနှင့်တွေ့ဆုံ

ဒီဇင်ဘာ ၁၊ ရန်ကုန် ။         ။ ၂၀၁၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၆ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်မှ ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရမည်ဖြစ်ပြီး မဲခွဲဆုံးဖြတ်ချက်အရ စင်ကာပူကလပ် တန်းပနိစ်ရိုဗာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲကို လာမည့် ၂၀၁၆ ဇန်နဝါရီ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အိမ်ကွင်းအဖြစ် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ တစ်ကျော့တည်းသာ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

စင်ကာပူကလပ် တန်းပနီစ်ရိုဗာအသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် စင်ကာပူလိဂ်ပြိုင်ပွဲ၌ ဒုတိယသာ ရရှိခဲ့သည်သော်လည်း ပထမရရှိခဲ့သည့်အသင်းမှာ ဘရူနိုင်းကလပ်အသင်း DPMM ဖြစ်သည့်အတွက် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

တန်းပနီစ်ရိုဗာအသင်းသည် အသင်းသမိုင်းတလျောက် ပထမဆုံးအကြိမ် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ကစားခွင့်ရရှိခြင်းဖြစ်သည်။ လက်ရှိတွင် တန်းပနီစ်ရိုဗာအသင်းကို စင်ကာပူလူမျိုးနည်းပြ ဆန်ဒရာမောသီ က ကိုင်တွယ် လျက်ရှိပြီး ပြည်ပကစားသမားများအဖြစ် ဘရာဇီးကစားသမားနှင့် ခရိုအေးရှားကစားသမားအချို့ ပါဝင်လျက်ရှိသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် လိဂ်ချန်ပီယံအဖြစ် လေးကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်ပြီး အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ပထမအဆင့်ကိုမူ အသင်းသမိုင်းတလျောက် ပထမဆုံး ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည်  ပထမအဆင့်ခြေစစ်ပွဲ အောင်မြင်ခဲ့ပါက ဒုတိယအဆင့်ခြေစစ်ပွဲတွင် တရုတ်ကလပ် ရှန်ဒေါင်းအသင်း၊နောက်ဆုံးအဆင့်ခြေစစ်ပွဲတို့တွင် သြစတြေးလျကလပ် အက်တလေယူနိုက်တက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ယင်းခြေစစ်ပွဲအဆင့် သုံးဆင့်လုံး အနိုင်ရရှိမှသာလျှင် ၂၀၁၆ အာရှချန်ပီယံလိဂ် အဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။ ရန်ကုန်အသင်းမှာ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲပထမအဆင့်ပွဲစဉ်ကိုသာ အိမ်ကွင်းတွင်လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး ကျန်အဆင့်များကို အဝေးကွင်း၌ သွားရောက်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly