ရတနာပုံအသင်း ကြံ့ခိုင်ရေးနည်းပြ ဂျိုးဇက် မနောမြေအသင်းသို့ ပြောင်းရွေ့

ရတနာပုံအသင်း ကြံ့ခိုင်ရေးနည်းပြ ဂျိုးဇက် မနောမြေအသင်းသို့ ပြောင်းရွေ့
၂၀၁၅ ဘောလုံးရာသီက ရတနာပုံအသင်းလေ့ကျင့်ရေး၌ ဂျိုးဇက်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ရွှေဘုတ်)

ဒီဇင်ဘာ ၁၊ ရန်ကုန် ။          ။ ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် - ၂ သို့ တန်းဆင်းသွားသည့် မနောမြေအသင်းသည် ရာသီကြိုပြင်ဆင်မှုအနေဖြင့် ရတနာပုံအသင်းမှ ကြံ့ခိုင်ရေးနည်းပြ ဂျိုးဇက်ကိုတစ်ရာသီစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့သည် ဟု မနောမြေအသင်းမီဒီယာတာဝန်ခံ ကိုဇော်ဇော် က ပြောသည်။

အင်ဒိုနီးရှားလူမျိုး ကြံ့ခိုင်ရေးနည်းပြ ဂျိုးဇက်သည် မလေးရှားလိဂ်မှ ၂၀၁၄ ခုနှစ် တွင် နေပြည်တော်အသင်း၊ ၂၀၁၅ တွင် ရတနာပုံအသင်းများနှင့်လက်တွဲခဲ့ဖူးသည်။

“ရာသီကြိုပြင်ဆင်မအနေနဲ့ ရတနာပုံက ဂျိုးဇက်ကို ခေါ်ထားပါတယ်။ နည်းစနစ်ဒါရိုက်တာအဖြစ် သုံးမယ်လို့ ပြောထားပါတယ်။ တစ်ရာသီစာချုပ် ချုပ်ပြီးသွားပါပြီ။ အခြား ပြည်ပကစားသမားတွေ ကတော့ သုံးယောက်လောက်ခေါ်ဖို့ ရှိပါတယ်။ ခြေစွမ်းပိုင်းတော့ စမ်းသပ်နေတုန်းပါပဲ။ လေ့ကျင့်ရေးကတော့ ပြီးခဲ့တဲ့အပတ်ကထဲက ပြန်စနေပါပြီ။ နည်းပြအသစ် ခေါ်ဖို့လည်း ရှိပါတယ်။

ပြည်ပဖြစ် မလား ပြည်တွင်းနည်းပြဖြစ်မလား ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းပြီးမှ ဆုံးဖြတ်ကြမှာပါ ” ဟု ကိုဇော်ဇော်က မနောမြေအသင်း၏ ရာသီကြိုပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

မနောမြေအသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် နေပြည်တော်အသင်းနှင့်အတူ လိဂ်-၂ သို့ တန်းဆင်းခဲ့ရပြီး အသင်းသမိုင်းတလျောက် ပထမဆုံး လိဂ်-၂ သို့ တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။

၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၂ ၌ မနောမြေ၊ နေပြည်တော်အသင်းတို့ တန်းဆင်းခဲ့ရပြီး ဆောက်သမ်းမြန်မာအသင်းနှင့် Horizon အသင်းတို့ လိဂ်-၁ သို့ တန်းတက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly