ရုပ်အလောင်းများနှင့် တစ္ဆေသင်္ဘောများ ဂျပန်ကမ်းခြေများသို့ ရောက်ရှိလာ

ရုပ်အလောင်းများနှင့် တစ္ဆေသင်္ဘောများ ဂျပန်ကမ်းခြေများသို့ ရောက်ရှိလာ

တိုကျို၊ ဒီဇင်ဘာ - ၁ ။          ။ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က စီအင်အင်သို့ ပြောကြားချက်အရ လွန်ခဲ့သည့် နှစ်လကျော်တွင် ဂျပန်ပင်လယ်တွင်းနှင့် ကမ်းရိုးတန်းအနီးတွင် သစ်သားလှေ ၈ စင်းကို တွေ့ရှိခဲ့ကြရာ အထဲတွင် ပုပ်သိုးဆွေးမြေ့နေသည့် ရုပ်အလောင်း ၂၀ ကိုလည်း တွေ့ကြရသည်ဟု ဆိုသည်။

ရုပ်အလောင်းအားလုံးမှာ ဆိုးဆိုးရွားရွား ပုပ်သိုးဆွေးမြေ့နေပြီး တစ်စိတ်တစ်ပိုင်း အရိုးကျလျှက်ပင်ရှိရာ၊ ခေါင်းမပါသည့် ရုပ်အလောင်းနှစ်ခုကိုလည်း တွေ့ကြရပြီး လှေတစ်စင်းတွင်မူ ဦးခေါင်းခွံ ၆ခုကို တွေ့ကြရသည်ဟု ဆိုသည်။ ပထဆုံးလှေကို အောက်တိုဘာလတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နောက်လှေများကိုမူ နိုဝင်ဘာလတွင် ဆက်တိုက်တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

ဤတစ္ဆေဆန်ဆန်လှေများ မည်သည့်အရပ်က ရောက်ရှိလာသည်၊ လှေပေါ်လိုက်ပါလာသူများ မည်သည့်ကံကြမ္မာမျိုး တိုးခဲ့ရသည်ဆိုသည့် ပဟေဠိကို ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ အာဏာပိုင်များက အဖြေရှာရန် ကြိုးစားနေကြသည်ဟု ဆိုသည်။

ယခုအချိန်အထိ ဖြစ်နိုင်ခြေအရှိဆုံးခန့်မှန်းချက်မှာ လှေများမှာ မြောက်ကိုရီးယားမှ ထွက်ခွာလာခြင်းဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်သည်။

မြောက်ကိုရီးယားဟု ခန့်မှန်းရခြင်းမှာ နိုဝင်ဘာ ၂၀ရက်နေ့က ဂျပန် အနောက်ဘက်ကမန်းရိုးတန်း ဝါဂျီမာမြို့ ကမ်းလွန်တွင် မျောနေသည့် လှေသုံးစင်းအနက် ပုပ်သိုးဆွေးမြေ့နေသည့် ရုပ်အလောင်း ၁၀ခုပါဝင်နေသည့် လှေဝမ်းထဲတွင် ကိုရီးယားစာများ ရေးသားထားသည်ကို တွေ့ရှိရသောကြောင့်ပင် ဖြစ်သည်။

လှေဝမ်းထဲတွင် မြောက်ကိုရီးယား ကာကွယ်ရေးတပ်ဖွဲ့များ၏ အမည်နာမဖြစ်သည့် ‘ကိုရီးယား ပြည်သူ့စစ်တပ်’ဟု ရေးသားထားသည်ဟု ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က ပြောကြားသည်။

နောက်ထပ်သဲလွန်စတစ်ခုမှာ လှေတစ်စင်းပေါ်တွင် တွေ့ရသည့် စုတ်ပြဲနေသည့် အဝတ်စတစ်စဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံတော်အလံမှ အပိုင်းအစဖြစ်ဖွယ်ရှိသည်ဟု ဂျပန်၏ အကြီးမားဆုံး ရုပ်သံလွှင်ဌာန NHK က သတင်းပို့ခဲ့သည်။

‘ဒီလှေတွေဟာ မြောက်ကိုရီးယားက လာတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး’’ဟု Chatham House မူဝါဒရေးရာဌာနမှ အာရှပရိုဂရမ်အကြီးအကဲ ဂျွန်နီလဆင် ရိုက်က လှေပုံများကို ကြည့်ပြီးနောက် စီအင်အင်သို့ ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်းကျွမ်းကျင်သူ ယိုရှီဒို မာမာဒါက NHK သို့ ပြောကြားရာတွင်လည်း လှေများမှာ မြောက်ကိုရီးယားမှ ပြည်ပြေးများ အသုံးပြုလေ့ရှိသည့် လှေများနှင့် အလွန်ပင် ဆင်တူနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly