နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁ မေ ၂၀၂၁)
(Photo:	: AFP - မေလ ၁ ရက်၊ ထားဝယ်မြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

•    တောင်ဒဂုံမြို့နယ်၊ (၁၇) ရပ်ကွက်၊ အမှတ် (၂) လမ်းမကြီးဘေး ရပ်ထားသည့် YBS ယာဉ်နှစ်စီးမှာ ယနေ့နံနက် ၅ နာရီ ၁၀ မိခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်ယာဉ်လေးစီးဖြင့် ၁၅ မိနစ်ကြာ ငြိမ်းသတ်ခဲ့ရပြီး ယာဉ်နှစ်စီးလုံး ပျက်စီးသွားခဲ့ရာ မည်သည့်အတွက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ကိုမူ မသိရသေးပေ။ တောင်ဒဂုံတွင် ယမန်နေ့ည ၆ နာရီကျော်မှစ၍ မြို့နယ်အဝင်လမ်းအချို့အား စစ်အုပ်စုဘက်က ကွန်ကရစ်တုံးများဖြင့် ပိတ်ဆို့ထားခဲ့ပြီး အမှတ် (၂)  လမ်းမကြီးအား အသုံးပြုရန်လည်း ခက်ခဲကုန်သည့်အတွက် ကားများ ပိတ်ဆို့နေခဲ့သည်။ တောင်ဒဂုံ (၅၇)  ရပ်ကွက်တွင်လည်း ယနေ့နံနက် ၄ နာရီခန့်က ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။

•    အလုံတွင် ဒေသခံများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် လမ်းများကြီးပေါ်တွင် ဆေးရောင် စုံများ ပတ်ဖြန်းကာ အာရုဏ်ဦးလူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    အင်းစိန် အ.ထ.က (၃) ကျောင်းဝန်းအတွင်း ယနေ့နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး ကျောင်းဝင်းအတွင်း တွင် အကြမ်းဖက်စစ်အုပ်စုက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကတည်းက တပ်စွဲထားသည်။ နံနက် ၉ နာရီခွဲခန့်ကလည်း အင်း စိန်စျေးရှေ့တွင် လူငယ်အင်အား ၅၀ ခန့်ဖြင့်ပြုလုပ်သည့် အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်အား အကြမ်းဖက် စစ်အုပ်စု လက်နက်ကိုင်များက ဖြိုခွဲခဲ့ရာ လူငယ် ခြောက်ဦးထက်မနည်း ဖမ်းဆီးသွားသည်။

•    ရွှေပြည်သာမြို့နယ်နေ လူငယ်များက ယနေ့နံနက်ပိုင်းကပင် "လူသတ်ဖက်ဆစ်ဝါဒ အမြစ်ဖြတ်တိုက်ထုတ်ကြ"၊  "လုံးဝအုပ် ချုပ်ခွင့်မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် လူငယ်အချို့ကလည်း "အသေခံချမည့် ရွှေပြည်သာခံတပ်" ဆိုင်းဘုတ်များ ကိုင်ဆွဲကာ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

•    လှိုင်သာယာတွင်လည်း လူငယ်အချို့က ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်ယန္တရား အပြီးတိုင်ပျက်သုန်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒပြတော်လှန်ခဲ့သည်။

•    မရမ်းကုန်းမြိုန့ယ် လူငယ်များက "အရမ်းကြုံးမယ့် မရမ်းကုန်း လာပြီ" ဆိုင်းဘုတ် လွှင့်ထူကာ စစ်အာဏာသိမ်းမှုကို ဆန့် ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

•    ဒဂုံဆိပ်ကမ်းမြို့နယ်တွင်းရှိ ကျောင်းအချို့တွင် လူငယ်များက စစ်ကျွန်ပညာရေးစနစ် ဆန့်ကျင်ကြောင်း အသိပေးစာများ လိုက်လံကပ်ထားခဲ့သည်။

•    တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့တွင် နံနက် ၁၁ နာရီကျော်က "ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော်"နှင့် "ကောင်းမျိုး အထွေထွေနဲ့ ချွန်စေ မြစေသော်" စာသားပါ တိုက်သုံးထပ်စာခန့်အမြင့်ရှိ စာတမ်းကြီးနှစ်ခုအား ချိတ်ဆွဲထားခဲ့ပြီး မိနစ်ပိုင်း အကြာတွင်ပင် ပလာဇာလုံခြုံရေးများက ပြန်လည်ဖြုတ်သိမ်းသွားခဲ့သည်။ ရန်ကုန်မြို့ခံလူငယ်အချို့ကလည်း အဆိုပါ ပလာဇာရှေ့၌ စစ်အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပြုတ်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

•    ရန်ကင်းမြို့နယ် စက်မှု (၂) လမ်း (မြန်မာပလာဇာဘေးလမ်းမကြီး) နှင့် ရန်ကင်းစျေးကွေ့တို့တွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုလေးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု ရှိ-မရှိကိုမူ စုံစမ်းဆဲ ဖြစ်သည်။

•    တောင်ဥက္ကလာပလူငယ်များကလည်း "အမှန်တရားမှာ အနိုင်ပဲရှိတယ်" ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ် အား ဆန့်ကျင်တော်လှန်ခဲ့သည်။

•    ဒလမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုက နာရီစင်၊ စက်မြေရပ်ကွက်များ အပါအဝင် တစ်မြို့လုံးနီးပါးတွင် လုံခြုံရေးချထား သည့်ကြားကပင် ဒလလူငယ်များက စစ်အာဏာရှင်စနစ် ပျက်သုန်းရေး ဆန္ဒပြခဲ့ကြသည်။

•    အလုံလူငယ်များကလည်း "အကုန်ကြိတ်မယ့် အလုံ NUG သပိတ်" ဆိုင်းဘုတ်များကိုင်ဆောင်ကာ NUG အစိုးရထောက်ခံ ကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

•    ကြည့်မြင်တိုင်လူငယ်များကလည်း "ဆက်လက်ပုန်ကန်နေမယ့် ရန်ကုန်" ဟုဆိုကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းနှင့်အတူ စမ်းချောင်းလူငယ်သပိတ်စစ်ကြောင်းလည်း ပူး ပေါင်းခဲ့သည်။

•    သာကေတမြို့နယ်၊ (၄) ရပ်ကွက်ရှိ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားသည့် နေရာများနှင့် ရပ်ကွက်ရုံးများတွင် သဲအိတ်နှင့် ဘန်ကာများအား ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ ယနေ့ နေ့လယ်ပိုင်းကလည်း သာကေတနှင့် ဒေါပုံလူငယ်များ စုပေါင်း၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

•    မြောက်ဒဂုံတွင် လူငယ်များက အကြမ်းဖက်စစ်အုပ်စု အပြီးတိုင်ဇာတ်သိမ်းရေး Paper Strike ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

•    မန်းသံဃသမဂ္ဂစစ်ကြောင်းကလည်း ယနေ့နံနက် အစောပိုင်းက သံဃာ့အလံငယ်များနှင့် NUG အစိုးရထောက်ခံကြောင်း ဆိုင်းဘုတ်ငယ်များအား လမ်းများပေါ်၌ စိုက်ထူကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း သံဃာမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    မန္တလေးတွင် ယနေ့နံနက် ၇ နာရီက မြို့ပေါ်သပိတ်စစ်ကြောင်းကြီး (၁၅) ကြောင်း ပူးပေါင်းထားသည့် တပ်ပေါင်းစုသပိတ် စစ်ကြောင်းဖြင့် ဖယ်ဒရယ် ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေ မှုန်းရေးတို့ ကြွေးကြော်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ဗကသ၊ ဒေါင်းစစ်သည်၊ ပညာရေး၊ အောင်မြေသာစံကျောင်းသားသမဂ္ဂ၊ မန်းတကသ၊ သမဝါယမ။ အ.ထ.က (၇)  ကျောင်းသားဟောင်း၊ အ.ထ.က (၂၆) ကျောင်းသားဟောင်း၊ စိန်ပန်း၊ ဘုရားကြီးငြိမ်းချမ်းရေး၊ တက္ကသိုလ် ဆရာ/ဆရာမ၊ မဟာအောင်မြေပြည်သူ၊ ဝန်ထမ်း၊ တမ္ပဝတီနှင့် အဖမ်းဆီးခံပြည်သူများကိုယ်စားပြု သပိတ်စစ်ကြောင်းများ ပါဝင်သည်။

•    မန်း၊ မြတောင်သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မန္တလေး၊ အမရပူရမြို့နယ်ရှိ နာမည်ကျော် ဦးပိန်တံတားပေါ်တွင်လည်း မန်းအခြေစိုက် တကသသပိတ် စစ်ကြောင်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

•    မန္တလေးမြို့ပေါ်တွင် အချို့သပိတ်စစ်ကြောင်းများအား အကြမ်းဖက်စစ်အုပ်စုဘက်က အသံဗုံးခြောက်လှန့်၍ အိမ်စီးကား များဖြင့် ဖမ်းဆီးမှုအချို့ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူအချို့ ဖမ်းဆီးခံခဲ့ရကာ အရေအတွက် မည်မျှ အဖမ်းခံရသည်ကိုမူ အတည်မပြုနိုင်သေးပေ။ မန္တလေးမြို့ ကျုံးရှေ့ဘက်တွင်မူ စစ်အုပ်စုဘက်က လုံခြုံရေးလျှော့ချထားကာ မန္တလေးနောက်ခြမ်း ၈၉ နှင့် လမ်း ၉၀ ဘက်အခြမ်းများတွင်မူ လုံခြုံရေးတိုးမြှင့်ထားသည်ဟုလည်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၅ နာရီခန့်တွင် အတည်ပြုပြောဆိုသည်။

•    မိတ္ထီလာတွင်လည်း လူငယ်နှင့် ဒေသခံအင်အား ၁၀၀ ကျော်က စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒပြ တော် လှန်ခဲ့ကြသည်။

•    မြင်းခြံတွင် ယနေ့နံနက်ပိုင်းက အမှတ် (၁၆) ရှိ လဝကရုံး၊ ဝန်ထမ်းအိမ်ရာအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ကန်ဦးကန်အနောက်ဘက်ရှိ ကားကြီးဝန်းမြောက်ဘက် ကပ်ရပ်လမ်းပေါ်တွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် နေ့လယ် ၁၂ နာရီခန့်ကလည်း မြို့လယ်နာရီ စင်အနီးတွင် ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သေးသည်။

•    ညောင်ဦးဒေသခံပြည်သူများက ယနေ့နံနက်ပိုင်းတွင် လူအင်အား ရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

•    CDM ဝင် ဝန်ထမ်းများအား အကြမ်းဖက်စစ်အုပ်စုက လက်နက်ဖြင့် ပစ်ခတ်ဖြိုခွဲသဖြင့် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရမှုများ ရှိခဲ့သည့်အတွက် နှစ်ပတ်ကျော်ကြာ သပိတ်မပြုလုပ်နိုင်သည့် မြစ်ငယ်တွင် ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး သပိတ်စစ်ကြောင်း ပြန်လည်ထွက်လာခဲ့ပြီ ဖြစ်သည်။

•    ရှေးဟောင်းဒေသ ပုဂံတွင်လည်း ဒေသခံအင်အား ၁၀၀ ခန့် ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းက ကျေးရွာများအတွင်း လှည့်လည်ကာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့သည်။

•    မိုးကုတ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားဆဲ ဖြစ်သည့် မိုးကုတ်လူငယ်အချို့က မြို့အနီး တောင်တန်းများပေါ်တက်ကာ NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ပဲခူးတိုင်းဒေသကြီး

•    ဖြူးမြို့နယ်တွင် ဒေသခံများက စစ်အာဏာရှင်ပြုတ်ကျရေး အာရုဏ်ဦးဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

•    စစ်အုပ်စု လက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ပဲခူးမြို့လူငယ်များက "ပဲခူးဆိုတာ ဒါမျိုး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ယနေ့ နေ့လယ်ပိုင်းက အဆိုပါသပိတ်တွင်ပါဝင်သူ ကိုသက်ပိုင်ဖြိုးဆိုသူအား အကြမ်းဖက် စစ်အုပ်စုဘက်က ဆိုင်ကယ်စီးလာစဉ် ကားဖြင့်ပိတ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။

•    အုတ်တွင်းမြို့ခံများကလည်း ဆိုင်ကယ်စီးရေ ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

•    ယမန်နေ့က ဖမ်းဆီးခံရမှုများ ခံခဲ့ရသည့် ရွှေဘိုပင်မသပိတ်စစ်ကြောင်းမှာ ယနေ့ နံနက်ပိုင်းက လမ်းများပေါ်ပြန်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ပျောက်ကြားသပိတ် ထပ်မံပြုလုပ်ခဲ့သည်။

•    ယနေ့နံနက် ၆ နာရီခန့်က ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ နည်းပြသူနာပြုဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်အား အကြမ်းဖက်စစ်အုပ်စုဘက်က သူမ၏ နေအိမ်၌ ဝင်ရောက်ဖမ်းဆီးသွားသည်။  ထို့ပြင် CDM ဝင်နေသည့် သူမ၏ ညီမဖြစ်သူ ကျောင်းဆရာမတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။ ကလေးမြို့တွင် ယနေ့အစောပိုင်းကလည်း မြို့ပေါ်ကျောင်းအချို့တွင် သွေးစွန်းနေသည့် ကျောင်းဝတ်စုံများ ချိတ်ဆွဲကာ  "ကျောင်းမအပ်ဘူး"၊ "စစ်ကျွန်ပညာရေးအလိုမရှိ" စသည့် စာများအား ဆေးအနီများဖြင့် ရေးသားကာ စစ်အုပ်စုဘက်က ကျောင်းပြန်ဖွင့်ရေး လုပ်ဆောင်နေမှုအား ဆန့်ကျင် တော်လှန်ခဲ့သည်။ ကလေးမြို့တွင်မူ ယခင်ရက်များနှင့်မတူဘဲ အကြမ်းဖက်စစ်အုပ်စုဘက်က အင်အားတိုးမြှင့်ချထားမှု ရှိပြီး အချို့နေရာများတွင် လက်နက်ကိုင်အင်အား ၃၀ မှ ၄၀ ဦးကြားအထိ ရှိသည်။

•    စစ်ကိုင်း၊ လက်ပံတောင်းတောင်ဒေသခံများကလည်း ယနေ့နံနက်ပိုင်းတွင် ဒေသခံအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏသိမ်း မှုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

•    မုံရွာဒေသခံ လူငယ်များက "မုံရွာကို လုံးဝအုပ်ချုပ်၍ မရစေရ" စာတန်းများ ကိုင်ဆွဲကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်ခဲ့သည်။ ထို့ပြင် မုံရွာ ဇရုပ်ဝိုင်းဘုရားတွင် ဒေသခံများက NUG အစိုးရ ထောက်ခံကြောင်း ဆိုင်းဘုတ်များ စိုက်ထူ၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သေးသည်။ မြို့နယ်တွင်းရှိ မုရွေးကြေးမုံရွာတွင်လည်း ဒေသခံများက ရောင်စုံစက္ကူများဖြင့် ငှက်ရုပ်များပြုလုပ်ကာ တော်လှန်သောစာများ ရေးသား၍ Paper Strike ပြုလုပ်ခဲ့သည်။

•    ကသာဒေသခံများကလည်း ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

•    ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျးရွာဒေသခံ ၁၀၀ ကျော်ကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပျက်သုန်းရေးနှင့် CDM ဝင် ပြည်သူ့ဝန်ထမ်းများအား ဂုဏ်ပြုကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဝါးတန်းရွာတွင်လည်း ကျေးရွာသပိတ်စစ် ကြောင်းကို ပညာရေးမိသားစုများက ဦးဆောင်လျက် လူအင်အား ၁၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

•    ဘုတလင်မြို့နယ်တွင် သံဃာတော်များ ဦးဆောင်ကာ မြို့ခံအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

•    တမူး၊ နန်းဖာလုံတွင် လူငယ်များက "အရှုံးမပေးဘူး စိတ်ဓာတ်မကျဘူး" ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပျောက်ကြားသပိတ်ငယ်များ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

•    ကမ္မတွင် သံဃာနှင့် ပညာရေးဝန်ထမ်းများ ဦးဆောင်သည့် လူဦးရေ ၂၀၀ ကျော်ပါဝင်သော ဒေသခံသပိတ်စစ်ကြောင်းက လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

•    မြိုင်မြို့နယ် ဒေသခံများကလည်း "အမေစု ပြန်လာမှ ကျောင်းတက်မည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ "စစ်ကျွန်ပညာ ရေးစနစ် အလိုမရှိကြောင်း" မြိုင်နယ် အနောက်ပိုင်းဇုံ ပင်မသပိတ်စစ်ကြောင်းဖွင့်၍ လူအင်အား ရာနှင့်ချီ စုပေါင်းကာ ဆန္ဒပြခဲ့ကြသည်။

•    ရေစကြိုမြို့နယ်၊ ဖြုံဘူးကျေးရွာတွင် ကျေးရွာတွင်းကျောင်းများ၌ "လုံးဝကျောင်းမတက်ဘူး" “လုံးဝကျောင်း မအပ်ဘူး" ဆိုင်းဘုတ်များ ချိတ်ဆွဲကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

•    ထားဝယ်တောင်ပိုင်း ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့တွင် ဆိုင်ကယ်စီးရေ ၅၀ ကျော်ဖြင့် ကျေးရွာများတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

•    သရက်ချောင်းမြို့နယ် သင်းကျွန်းဒေသခံများကလည်း မိုးရွာသွန်းနေသည့်ကြားကပင် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

•    လောင်းလုံမြို့ ဒေသခံများကလည်း နေစဉ်မပျက် သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ်အာ ဆန့်ကျင်တော်လှန်ကြောင်း ပြသလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ပြုလုပ်ခဲ့သည်။

•    လောင်းလုံမြောက်ပိုင်းတွင်လည်း လူအင်အား၂၀၀ ကျော်ပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။

•    လောင်းလုံတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများကို အကြမ်းဖက်စစ်အုပ်စုဘက်က မြို့မရဲစခန်းသို့ ခေါ်ယူ၍ စစ်ဆေးမှုများပြုလုပ်ရန် ထိန်းသိမ်းထားမှုများ ရှိနေသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းက ပန်းတင်အင်းနှင့် ညောပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများ ခေါ်ယူထိန်းသိမ်းထားလျက် ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး

•    မော်ကျွန်း (မော်လမြိုင်ကျွန်း) မြို့နယ် ရာဇူဒိုင်တံတားပေါ်တွင် ဒေသခံများက "ဒို့မျိုးဆက်နဲ့ ဒို့နိုင်ငံ စစ်ကျွန်အောက်မှာ မထားခဲ့နိုင်ဘူး" အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများပါ စာရွက်များ ဖြန့်ကြဲ၍ လူမဲ့အရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

•    ဖျာပုံတွင် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း စာရွက်များကို လမ်းမကြီးများပေါ် ကြဲဖြန့်၍ စစ်အာဏာရှင်စနစ်အလို မရှိ ကြောင်း ပြသခဲ့ကြသည်။ ထို့ပြင် စစ်အုပ်စုခေါင်းဆောင်များအား ဆုငွေထုတ်ကြောင်း ကြော်ငြာစာရွက်များကိုလည်း မြို့တွင်း ဓာတ်တိုင်များ၌ ကပ်ထားခဲ့ကြသည်။

•    ဓနုဖြူမြို့နယ်ဒေသခံ ၁၀၀ ခန့်ကလည်း ယနေ့တွင် စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ချေမှုန်ရေးအတွက် လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသည်။

•    ပုသိမ်လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပျောက်ကြား သ ပိတ်ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

•    မော်လမြိုင်ခံ လူငယ်များက "ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အောင်ပွဲအတွက် ကိုယ်တိုင်ကြိုးစားမည်" ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

•    ပေါင်မြို့နယ်ဒေသခံများ စုပေါင်းကာ စစ်အာဏာရှင်စနစ် အမြတ်ပြုတ် ပျက်သုန်ရေး စာသားများရေးကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    မုဒုံတွင် ဒေသခံလူငယ်အချို့က မြို့နယ်တွင်းရှိ ကျေးရွာများသို့ လှည့်လည်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆိုင် ကယ်သပိတ် ပြုလုပ်ခဲ့သည်။

•    မော်လမြိုင်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဂုဏ်ထူးတန်း (တတိယနှစ်) နှင့် မဟာအရည်အချင်းစစ်တန်းကျောင်းသား များက စစ်ကျွန်ပညာရေးစနစ် အလိုမရှိသည့်အတွက် ကျောင်းတက်မဟုတ်ဘဲ ခြွင်းချက်မရှိ သပိတ်မှောက်မည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

•    ရေးတွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် CDM တွင် ပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်စာများ ကပ်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    သထုံအကျဉ်းထောင်အနီးတွင် ညနေ ၃ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်

•    အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များအား ရရာလက်နက်ဖြင့် ခုခံကာကွယ်ကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရန် လုပ်ဆောင်နေသည့် မင်းတပ်မြို့ပြည်သူလူထုအား လေးစားဂုဏ်ယူကြောင်းနှင့် မင်းတပ်ပြည်သူများနှင့်အတူ ရပ်တည် လျက်ရှိကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြေညာချက် ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်

•    မြစ်ကြီးနား၊ အင်ဂျန်ဒုံစျေးအနီးတွင် နံနက် ၇ နာရီခန့်က "ပိုသူ လှူ၊ လိုသူ ယူ" အစီအစဉ်ဖြင့် ခက်ခဲနေသူများအား လှူဒါန်းမှုပြုလုပ်နေသည့် ဒေသခံလူ ၁၁ ဦးအား အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင် ရဲနှင့် စစ်သား အင်အား ၃၀ ခန့်က လာရောက်ဖမ်းဆီးသွားသည်။

•    မြစ်ကြီးနားမြို့ပေါ် ကချင်ပြည်နယ် အထွေထွေသပိတ်စစ်ကြောင်းမှာလည်း နေ့စဉ်မပြတ် ဆန္ဒထုတ်ဖော်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

•    ဖားကန့်၊ ဆိုင်းတောင်ရွာတွင် ပညာရေးမိသားစုများနှင့် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို လူအင်အား ရာနှင့်ချီ စုပေါင်း၍ သပိတ်ပြုလုပ်ခဲ့ကြသည့်အပြင် ဘောလုံးတွင် စစ်အုပ်စုခေါင်းဆောင်ဓာတ်ပုံများ ကပ်ကာ ဘောလုံးကစားခြင်းဖြင့် ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့သည်။ လူအင်အား ရာနှင့်ချီပါဝင်သည့် ဖားကန့် အေးမြသာယာ မှော်ပေါင်းစုံ သပိတ်စစ်ကြောင်းနှင့် တာမခန်မြို့သစ် သပိတ်စစ်ကြောင်းတို့ကလည်း မြို့နယ်တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ကြသည်။

•    ယခင်ရက်များနည်းတူ လူဦးရေ ရာနှင့်ချီ ပါဝင်ကာ ဖားကန့် မှော်ပေါင်းစုံသပိတ်စစ်ကြောင်းမှာလည်း မြို့တွင်းလမ်းများ၌ လှည့်လည်ကာ စစ်အာဏာရှင်ယန္တရားအပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

•    မိုးကောင်းတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

•    လွိုင်ကော်၊ ဒေါဥခူကွက်ဟောင်းရပ်ကွက်တွင် နေအိမ်ခြံဝန်းတစ်ခုအတွင်း အသွားအလာကန့်သတ်ထားသည့် ည ၁၂ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် ရဲတပ်ဖွဲ့များက အိမ်စီးကားဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့နံနက်ပိုင်းကလည်း ရဲနှင့် စစ်သားပါသည့် စစ်ကား ၇ စီးခန့်ဖြင့် အဆိုပါ ပေါက်ကွဲမှုဖြစ်ရာ အိမ်သို့ ထပမံ ရောက်ရှိလာခဲ့ကာ ပေါက်ကွဲထားသည့် အပိုင်းအစများကို သိမ်းဆည်းသွားကြောင်း သိရသည်။

ကရင်ပြည်နယ်

•    ကော့ကရိတ်ဒေသခံများကလည်း လူအင်အား ၁၀၀ ကျော်ဖြင့် NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

•    မြဝတီတွင်လည်း ဒေသခံလူငယ်အချို့က "NUG သာ ငါတို့အစိုးရ"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆွဲကာ စစ်အုပ်စုအား ဆန့်ကျင်ခဲ့သည်။

•    ဘားအံမြို့နယ်၊ အိန္ဒု အထက်တန်းကျောင်းတွင်လည်း ဒေသခံလူငယ်များက "စစ်ကျွန်ပညာရေး အလိုမရှိ" ကြောင်း ဆေးအနီများ ပတ်ဖြုန်း၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

•    ကြာအင်းဆိပ်ကြီးတွင် ဒေသခံများက ကျဆုံးသွားသည့် အာဇာနည်များအား ဝမ်းနည်းဂုဏ်ပြု ဆုတောင်းခြင်းနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး - KNU လက်နက်ကိုင်များက လုံခြုံ ရေးယူထားပေးခဲ့သည်။

ရှမ်းပြည်နယ်

•    နောင်ချိုမြို့ခံ ပြည်သူများက မြို့တွင်းကျောင်းရှေ့များတွင် "CDM မလုပ်ရင် ပညာတတ် အောက်တန်းစား"၊ "ဒီမိုကရေစီရမှ ကျောင်းတက်မယ်" စသည့် စာများအား ဆေးအနီများဖြင့် ရေးကာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။

•    တောင်ကြီးမြို့နယ်၊ ရပ်ကွက်ပေါင်းစုံလူငယ်များက ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ပျောက်ကြားသပိတ်များ ပြုလုပ်ခဲ့ကြသည်။

•    ကျောက်မဲတွင်လည်း ဆိုင်ကယ်စီးရေ ၁၀၀ ခန့်ဖြင့် မြို့ခံများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့ကြသည်။

•    သီပေါတွင် ဒေသခံများက ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒပြခဲ့ကြ သည်။

နေပြည်တော်

•    နေပြည်တော်ဒေသခံများက စစ်အာဏာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာသားများကို မုန့်များဖြင့် ပုံဖော်၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    ပျဉ်းမနား၊ ပေါင်းလောင်း (၂) ရပ်ကွက်ရှိ ဗိုလ်မှူးတစ်ဦးအိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မေ ၁ သုံးသပ်ချက်

•    ရန်ကုန်မြို့တွင် လမ်းပေါ်တက်သပိတ်များ ပိုမိုအားကောင်းလာခဲ့သည့်အပြင် စစ်အုပ်စုနှင့် နီးစပ်သည့် နေရာများ၊ စစ်အုပ်စု နဲ့ အကျိုးစီးပွားဆက်နွှယ်နေသည့် နေရာများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။ ပျောက်ကြားသပိတ်မှ သပိတ်ကြီးများအဆင့်အထိ တက်ရောက်ရန် အားယူမှုများ ရှိနေကာ စစ်အုပ်စုဘက်ကလည်း လုံခြုံရေးတင်းကြပ်မှုနှင့် ဘပိုင်းဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လာနေသည်။ ထို့ပြင် စစ်တပ်ဘက်တွင် လုံခြုံရေးစိုးရိမ်ချက်များ ရှိနေကာ ၎င်းတို့ တပ်စွဲထားသည့် နေရာများ၌ လုံခြုံရေးအစီအမံများ တိုးမြှင့်လုပ်ဆာင်လာလျက် ရှိသည်။

•    မန္တလေးတွင် သပိတ်ကြီးများ အားကောင်းဆဲဖြစ်ကာ စစ်အုပ်စုဘက်က အိမ်စီးကားသုံး ဖြိုခွင်းပုံစံကိုသာ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။ ညပိုင်းများတွင် လိုက်လံဖမ်းဆီးမှုများကို မပြတ်ဆိုသလို လုပ်လာနေပြီး ခြောက်လှန့်ပစ်ခတ်မှုများ လည်း ဆက်လက်လုပ်ဆောင်လာနေသည်။

•    နယ်မြို့ကြီးများတွင် မြို့ပေါ်နှင့် ကျေးရွာသပိတ်များ ပိုမိုအားကောင်းလာခဲ့ကာ အချို့မြို့ကြီးများတွင် စစ်အုပ်စုနှင့် နီးစပ် သည့်နေရာများ၌ ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ရှိလာနေသည်။ စစ်အုပ်စုဘက်က သတင်းပေးများ အကူအညီဖြင့် ဖမ်းဆီးမှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး အထူးသဖြင့် သပိတ်အားကောင်းသည့် နေရာများတွင် ပိုမိုလုပ်ဆောင် လာနေသည်။

•    စစ်အုပ်စုဘက်က မေလ ၂ ရက် အထွေထွေသပိတ်ခေါ်ထားမှုနှင့် ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှုများ ရှိနေကာ ရက်အတန် ကြာ ရပ်နားထားသည့် လက်နက်သုံးပစ်ခတ်ဖြိုခွဲမှုပုံစံကို ပြန်လည်လုပ်ဆောင်လာဖွယ် ရှိနေသည်။ လတ်တလောတွင် သပိတ်တွင် ပါဝင်သူများနှင့် သပိတ်ထောက်ခံသူများကို အမှည့်ခြွေစနစ်ဖြင့် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်လာနေသော် လည်း အင်အားမလုံလောက်မှုနှင့် တပ်တွင်းစည်းရုံးရေး ပြိုကွဲမှုအခြေအနေများနှင့်လည်း ရင်ဆိုင်နေရသည်။ 

(Photo:    : AFP - မေလ ၁ ရက်၊ ထားဝယ်မြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required