ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ဂင်းနစ်မှတ်တမ်းစံချိန် လေးခုတင်ရှိ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး ဂင်းနစ်မှတ်တမ်းစံချိန် လေးခုတင်ရှိ

မြူးနစ်၊ ဒီဇင်ဘာ ၁ ။         ။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဝုဖ်ဘတ်အသင်းကို သွင်းယူခဲ့သည့် ဂိုးငါးဂိုးကြောင့် ဂင်းနစ်မှတ်တမ်းစံချိန် အသိအမှတ်ပြုလက်မှတ်လေးခု ရရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလက ယှဉ်ပြိုင်ခဲ့သော ဘိုင်ယန်မြူးနစ်နှင့် ဝုဖ်ဘတ်တို့၏ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် လီဝန်ဒေါစကီးသည် လူစားဝင်ရောက်ကစားပြီး ကိုးမိနစ်အတွင်း ငါးဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ လီဝန်ဒေါစကီးသည် ၅၁ မိနစ်၊ ၅၂ မိနစ်၊ ၅၅ မိနစ်၊ ၅၇ မိနစ်နှင့် မိနစ် ၆၀ တို့တွင် ဂိုးငါးဂိုးသွင်းယူခဲ့သည်။

ထို့ကြောင့် လီဝန်ဒေါစကီးသည် ဘွန်ဒက်စ်လီဂါတွင် အမြန်ဆုံးသုံးဂိုးသွင်းနိုင်သူ၊ အမြန်ဆုံးလေးဂိုးသွင်းနိုင်သူ၊ အမြန်ဆုံးငါးဂိုးသွင်းနိုင်သူအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့သလို လူစားလဲဝင်ရောက်ရာမှ ဂိုးအများဆုံးသွင်းနိုင်သူအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့သည်။

'ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းဝင်ခဲ့ခြင်းက ကျွန်တော့်ရဲ့ ကွင်းအတွင်းအောင်မြင်မှုတွေမှာ အကြီးကျယ်ဆုံးဂုဏ်ယူစရာဖြစ်ရပ်ပါပဲ' လို့ လီဝန်ဒေါစကီးက တွစ်တာတွင် ရေးသားခဲ့သည်။

လီဝန်ဒေါစကီးသည် ယခုရာသီတွင် ၂၅ ပွဲတွင် ၂၆ ဂိုးသွင်းယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly