နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ ဧပြီ ၂၀၂၁)
(Photo: : EPA - ဧပြီလ ၂၉ ရက်၊ မန္တလေးမြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီအားအလိုမရှိကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) အားထောက်ခံကြောင်း သပိတ်စစ်ကြောင်းဖြင့် ဆန္ဒဖော်ထုတ်လှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• ရန်ကုန်၊ တာမွေအဝိုင်းတွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရှုံးရေး စာများရေးသားထားသည့် ဆိုင်းဘုတ်ငယ်များ အား လမ်းမများပေါ် စိုက်ထူ၍ လူမဲ့အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• “ရန်ကုန်ရဲ့ အင်းစိန်" လူငယ်သပိတ်စစ်ကြောင်းနှင့် "အဆုံးထိတိုက်မယ့် ကြည့်မြင်တိုင်" လူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်း အင်းစိန်မြို့နယ်အတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• လှိုင်သာယာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်ရုံးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ မြို့နယ်နေ လူငယ်များကလည်း ယနေ့နံနက်ပိုင်းတွင်ပင် "လှိုင်သာယာသပိတ်စစ်ကြောင်း" ဖွင့်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• စစ်တပ်မြို့နယ်ဟု ခေါ်ဆိုရမည့် မင်္ဂလာဒုံမြို့နယ်တွင်ရှိ ကျောင်းအချို့တွင် လူငယ်များက "ကျွန်ပညာရေး ဒို့ မသင်ဘူး" အပါအဝင် စစ်အာဏာရှင်များ လုပ်ဆောင်မှုများကို ဆန့်ကျင်သည့်အနေဖြင့် Paper Strike ပြုလုပ်ခဲ့သည်။

• အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ကြောင်း စာရွက်များကို မရမ်းကုန်း၊ တောင်ဥက္ကလာပနှင့် သန်လျင်မြို့နယ်များရှိ လူငယ်များက ဓာတ်တိုင်နှင့် လူစည်ကားရာနေရာများတွင် ကပ်ထားခဲ့သည်။

• သာကေတတွင် မိုးရွာသွန်းနေသည့်ကြားကပင် နေ့လယ် ၂ နာရီခန့်တွင် လူငယ်များက စစ်အာဏာရှင်စနစ် ကျရှုံးပါစေ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြောက်ဥက္ကလာပမြို့နယ်တွင် လူငယ်အချို့က စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှုံ့ဆော်စာများအား ရပ်ကွက်စျေးနှင့် ဆိုင်ကားဂိတ်များတွင် ဖြန့်ဝေခဲ့ကြသည်။

• တောင်ဒဂုံမြို့နယ်၊ (၅၄) ရပ်ကွက်ရုံးတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

• လူငယ်များ ရာနှင့်ချီ ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့သည့် စမ်းချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေး အထူးတင်း ကြပ်ထားကာ နံနက်ပိုင်းကတည်းက မြို့နယ်တွင်းလမ်းများ၌ ကင်းလှည့်ခြင်းနှင့် ရပ်ကွက်ဓမ္မာရုံးများတွင် အထိုင်ချကင်းများ ချထားခဲ့သည်။

• ဒဂုံမြို့သစ် မြောက်ပိုင်းတွင်လည်း ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပတွင်လည်း လူငယ်များက ကိုဗစ်ကူးစက်မှုကို ကာကွယ်ရန်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကြောင်း Mask များပေါ်တွင် ရေးသား၍ အလှူသပိတ် ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေး၊ ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ၈ နာရီကျော်အချိန်က ၂၇ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ စစ်တပ် နောက်ခံ ကြံ့ခိုင်ရေးပါတီတိုင်းရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ယင်းနေ့ နေ့လယ်ပိုင်းကလည်း စစ်အုပ်စုခန့် မန္တလေးဒုမြို့တော်ဝန် နေအိမ်တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။ အလားတူ ရန်ကုန်-မန္တလေးလမ်းဟောင်းဘက် မြို့အထွက်ရှိ စွယ်တော် ကညနရုံး၌လည်း ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

• မိတ္ထီလာတွင် ပုန်းရှောင်နေရာမှ မိတ္ထီလာစက်မှုဇုန်ရှိ အိမ်သို့ ခဏပြန်လာသူ တိုင်းလွှတ်တော်အမတ် ဦးလွင်မောင်မောင်အား နေအိမ်ရောက်ရှိပြီး နာရီပိုင်းခန့်အကြာ ည ၉ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
• ရှေးဟောင်းနယ်မြေ ပုဂံမြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အဝတ်နှင့် စက္ကူဆိုင်းဘုတ်များ ထောင်ကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် လူငယ်များက စစ်အုပ်စု ဆောင်ရွက်လိုသည့် ကိစ္စတိုင်းအား ငြင်းဆန်ကြောင်း "ဘူး" သပိတ်လည်း ပြုလုပ်ခဲ့သည်။

• မိတ္ထီလာမြို့ရှိ စစ်အုပ်စုလေတပ်စခန်းအား ယနေ့နံနက်ပိုင်းက ရှော့တိုက်ဒုံးဖြင့် ငါးကြိမ် ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိ မှုအခြေအနေကိုမူ စုံစမ်းဆဲ ဖြစ်သည်။ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက မိတ္ထီလာမြို့အဝင်နေရာများဖြစ်သည့် မလှိုင်(ကံကောင်းရွာ)၊ ပျော်ဘွယ်(ကုန်းသာရွာ)၊ ကျောက်ပန်းတောင်း (ဆည်ကုန်းရွာ)၊ မန္တလေးမြို့( သပြေဝရွာ)၊ ရှမ်းပြည်နယ် အဝင်အထွက်လမ်း (မြို့ရှောင်လမ်းစုံ)၊ ရန်ကုန်မြို့ အဝင်အထွက်လမ်းများအားလုံး ပိတ်ထားလိုက် ကြောင်း သိရသည်။

• မန္တလေး၊ ကျွဲဆည်ကန် ၇၈ လမ်းပေါ်တွင် ဒေသခံများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း စာသားများကို ပူဖောင်းများပေါ်ရေး၍ လမ်းလယ်အကာအရံများတွင် ချိတ်ဆွဲကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ဘုရားကြီး ငြိမ်းချမ်းရေး၊ သမဝါယမတက္ကသိုလ် ကျောင်းသား/သူ သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ "နွေဦးခေတ်သစ် ပျောက်ကြာသပိတ်စစ်ကြောင်း" ဖွင့်၍ ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ထို့ပြင် ယင်းတပ်ပေါင်းစုသပိတ်စစ်ကြောင်း၌ မန်းတကသ၊ စိ်နပန်း၊ အ.ထ.က (၇) ကျောင်းသားဟောင်း၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်းများလည်း ပါဝင်သည်။ တပ်ပေါင်းစုသပိတ် ပြုလုပ်ပြီးချိန် နံနက် ၇ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စု ဘက်က ရောက်ရှိလာသည့်အတွက် နောက်ချန်နေခဲ့သည့် Defense Team မှ လူငယ် ၇ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

• မန္တလေးမြို့ပေါ်ရှိ ကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်း ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြတောင်သပိတ်စစ်ကြောင်းမှာလည်း ယနေ့နံနက်ပိုင်းက စစ်အုပ်စု တပ်စွဲထားသည့် ကျုံးနံဘေးအထိ တက်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ရတနာပုံတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းမှာလည်း ယမန်နေ့က ဖြိုခွဲခံရပြီး ခြောက်ဦး ဖမ်းခံခဲ့ရသော် လည်း ယနေ့နံနက်ပိုင်းတွင်မူ လမ်းမကြီးများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မန္တလေးမြို့ပေါ်တွင် ယနေ့နေ့လယ်ပိုင်းက ပေါက်ကွဲမှုများ ရှိခဲ့ရာ နေ့လယ်ပိုင်းက မဟာအောင်မြေမြို့နယ်၊ ၃၇ လမ်းနှင့် လမ်း ၇၀ အနီးရှိ စည်ပင်ဝန်ထမ်းအိမ်ရာတွင် လက်လုပ်ဗုံး ပစ်ခံရ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် နေ့လယ် ၁ နာရီခွဲအချိန်ခန့်ကလည်း မန္တလေး၊ ၇၈ လမ်းပေါ်ရှိ ယူနိုက်တက်အမရာဘဏ် - UAB ဘဏ်ခွဲတွင်လည်း လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနှစ်ရပ်စလုံးတွင် လူထိခိုက်မှု မရှိခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။

• မြင်းခြံတွင် ဗကသ လူငယ်များ ဦးဆောင်ကာ မြို့တွင်းစျေးနှင့် လူစည်ကားရာနေရာများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မိုးကုတ်၊ နီလာစျေးကြီးတွင် စျေးလာဝယ်သည့် ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ပါရှိသည်ဟုဆို ကာ ဖမ်းဆီးသွားကြောင်းနှင့် ဖမ်းဆီးခံရသူ မည်သူဖြစ်ကြောင်းကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး

• သာယာဝတီမြို့နယ်၊ တပ်မ ၆၆ လက်အောက်ခံ ခလရ (၃၅) ၏ လက်နက်တိုက် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပေါက်ကွဲမှုများလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ အဆိုပါလက်နက်တိုက်မှာ တပ်တွင်းရှိသူတိုင်းပင် ဝင်ရောက်ခွင့်မရသည့် နေရာဖြစ်ပြီး သီးသန့်လုံခြုံထား စောင့်ကြည့်ရသည့် နေရာလည်း ဖြစ်သည်။

• ကညွတ်ကွင်းတွင် ဒေသခံလူငယ်များက "အသံမတိတ် အလံမလိပ် ကညွတ်ကွင်းသပိတ်" ဆိုင်းဘုတ် ကိုင်ဆောင်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ပေါင်းတည်တွင် စစ်အုပ်စု ကျောင်းပြန်ဖွင့်ရန် စီစဉ်လာမှုကို ဆန့်ကျင်သည့်အနေဖြင့် လူငယ်များက "ကျောင်းမတက်နဲ့ ကျောင်းပျက်" စာများရေးသားကာ Paper Strike ပြုလုပ်ခဲ့သည်။

• ဗဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း၏ ဇနီးနှင့် မိသားစုဝင်များကို စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် ကတည်းက ပဲခူးတိုင်းအစိုးရအိမ်တော်ဝန်းအတွင်း အကျယ်ချုပ် ချထားရာမှ ယမန်နေ့ညက ၎င်းတို့ဇာတိဖြစ်သည့် ရေတာ ရှည်မြို့နယ်အိမ်သို့ ပြန်ခွင့်ပြုလိုက်ကြောင်း သိရသည်။ ဦးဝင်းသိန်းကိုမူ ယခုအချိန်အထိ တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ယခင်အစိုးရးအဖွဲ့ဝင်များဖြစ်သည့်စီမံ/ဘဏ္ဍာဝန်ကြီး ဦးညွန့်ရွှေနှင့် မိသားစု၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် မိသားစု၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ဖွယ်စေနှင့် မိသားစုများကိုလည်း အစိုးရ အိမ်တော်ဝန်းအတွင်း ဆက်လက်၍ အကျယ်ချုပ်ထား ထိန်းသိမ်းထားလျက် ရှိသည်။

• ပဲခူးမြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ခတ်မှုကြောင့် အကျအဆုံးများခဲ့သော်လည်း လူငယ်များက အသံမတိတ် အလံမလိပ်ဟု ကြွေးကြော်ကာ ပျောက်ကြားသပိတ်များ ပြုလုပ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆက်လက်ဆန္ဒဖော်ထုတ်လျက် ရှိသည်။

• တောင်ငူတွင်လည်း ဒေသခံများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာတွင် အကြမ်းဖက်စစ်အုပ်စုက ဖိနှိပ်မှုများ ဆက်တိုက်လုပ်နေသည့်ကြားကပင် ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း မုံရွာမြို့ပေါ် ကျောင်းအချို့ တွင် "စစ်ကျွန်ပညာရေး အလိုမရှိ" ဟု စာသာများအား ဆေးအနီများဖြင့် ပတ်ဖြန်းကာ တော်လှန်သောစာများ ရေးထား သည့် စာရွက်များကို ကျောင်းအုတ်နံရံများ၌ ကပ်၍ ဆန့်ကျင်တော်လှန်ခဲ့ကြသေးသည်။ မုံရွာမြို့နယ်၊ ကျွဲရဲ (တ)  ကျေးရွာတွင် ဒေသခံများက သပိတ်စစ်ကြောင်းဖွင့်က စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

• ကလေးမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးများ မပြတ်ချထားလျက်ရှိသော်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းများ ဖွင့်ကာ ဆက်လက်ဆန့်ကျင် တော်လှန်လျက်ရှိသည်။

• ယင်းမာပင်အပိုင် ရေကြည်ပင်ရွာတွင် ဒေသခံနှင့် ကလေးငယ်များက ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေးနှင့် စစ်အာ ဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရွှေဘိုပင်မသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက ရွှေဘိုစျေးအနီး ဆန္ဒထုတ်ဖော်နေစဉ် စစ်အုပ်စုဘက်က အရပ်ဝတ်လက်နက်ကိုင်များဖြင့် လာရောက်ဖြိုခွင်းခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး အပါအဝင် ဖမ်းဆီးခံရသူအချို့ ရှိခဲ့သည်။

• ရေဦးတွင်လည်း ဒေသခံများက လယ်ကွင်းများအတွင်း ဆင်း၍ NUG အစိုးရထောက်ခံကြောင်း အဝတ်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• မကွေးမြို့ရှိ လေတပ်စခန်းအား ယနေ့နံနက်ပိုင်းက ရှော့တိုက်ဒုံးဖြင့် နှစ်ကြိမ်ပစ်ခတ်ခံရပြီး အကြမ်းဖက်စစ်တပ်ဘက်က ခြောက်ဦး သေဆုံးသွားသည်ဟု သိရသည်။

• စစ်အုပ်စုက ကျောင်းပြန်ဖွင့်ရန် ကြိုးစားနေချိန်တွင် ကျောင်းဖွင့်ပါက ဆက်တက်မည်မဟုတ်တော့ကြောင်း မကွေးတက္ကသိုလ်ကျောင်းသားများက Paper Strike လုပ်ကာ ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။

• ပခုက္ကူမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်နှစ်ခုတွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ မြန်မာ့ရှေ့ဆောင်ဘဏ် - MAB နှင့် ယူနိုက်တက်အမရာဘဏ် - UAB တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ UAB ဘဏ်ပေါက်ကွဲမှုတွင် ထိခိုက်မှု တစုံတရာ မရှိခဲ့သော်လည်း MAB ပေါက်ကွဲမှုတွင် ငွေထုတ်သူ ပြည်သူတစ်ဦး ခြေထောက်ထိမှန်ကာ ဘဏ်လုံခြုံရေး ဝန်ထမ်းတစ် ဦး လက်ထိခိုက်ခဲ့သည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်တွင် ဒေသခံငါးဦးအား ယနေ့နံနက် ၆ နာရီခန့်က အကြမ်းဖက်စစ်အုပ်စုဘက်က စစ်ကားငါးစီး၊ ရဲနှင့် စစ်သားအင်အားအများအပြားဖြင့် နေအိမ်များအတွင်း လက်နက်ပြုလုပ်နေသည်ဟူသည့် အကြောင်းပြချက်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ နေ့လယ်ပိုင်းတွင်မူ ဖမ်းဆီးထားသူများထဲမှ သုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ထားဝယ် တက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုအောင်ထက်ပိုင်နှင့် အကိုဖြစ်သူ ကိုဇာနည်မောင်တို့ကိုမူ ဆက်လက်ထိန်းသိမ်းထား သည်။

• ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းမှာလည်း နေ့စဉ်မပျက် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။ အဆိုပါ သပိတ်စစ်ကြောင်းတွင် နည်းပညာ၊ အင်ဂျင်နီယာနှင့် ဒေသခံသပိတ်စစ် ကြောင်းများ ပါဝင်သည်။

• လောင်းလုံမြို့ပေါ်တွင်လည်း ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရှုံးရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံမြို့နယ်တွင်းရှိ ကုန်းဇရပ်၊ အောက်ရေဖြူ၊ မောင်းမကန်၊ မင်းရပ် စသည့် ကျေးရွာများတွင်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်နှင့် လှည့်လည်သပိတ်များ ပြုလုပ်ခဲ့သည်။ လောင်းလုံမြို့နယ် ဝေဒီနှင့် ပန်းဒလဲကျေးရွာအုပ်စု ကြေးနုပ်ပြင်ရွာမှ ရွာသားနှစ်ဦးအား လက်လုပ်သေနတ်များ ရှိသည်ဟု ဆိုကာ အကြမ်းဖက်စစ်အုပ်စုက ယမန်နေ့ညပိုင်းက ဖမ်းဆီးသွားခဲ့သည်။

• သရက်ချောင်းမြို့နယ်တောင်ပိုင်းကျေးရွာများရှိ လူငယ်များက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း အာရုဏ်ဦးဆိုင်ကယ် သပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံမြို့နယ်၊ အောက်ကွင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်ဘက်က ပစ်ခတ်မှုကြောင့် ကိုစံပေါ (ခ) ခေါင်းဖြူဆိုသူမှာ ယနေ့နံနက်ပိုင်းက ဘိုကလေးဆေးရုံး၌ ကျဆုံးသွားသည်။ ယမန်နေ့ညပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ရွာတွင်းထဲထိ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးစံပေါမှာ ဗိုက်နှင့် လက်မောင်းတွင် ကျည်ဆံထိ မှန်ခဲ့ပြီး ၎င်းအပါအဝင် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်

• မော်လမြိုင်တွင် ဒေသခံလူငယ်များက "ငါတို့သည် အမေနှင့်အတူ - ဗေဒါပျံ အံကိုခဲ ပန်းပန်းလျက်ပဲ" ဆိုင်းဘုတ်များ ကိုင် ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မော်လမြိုင်၊ စစ်ကဲကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ထွဋ်ကို ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် အကြမ်းဖက်စစ် အုပ်စုလက်နက်ကိုင်များက အင်အား ၅၀ ခန့်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်။

• မော်လမြိုင် Ocean စင်တာရှိ ပုဂ္ဂလိကပိုင် KBZ ဘဏ်တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေသူများအား သေချာမတန်းစီဟုဆို ကာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်တွင်လည်း ပြီးခဲ့သည့်လအတွင်းက KBZ ဘဏ်တွင် ငွေထုတ်မပေးသည့်အပြင် ဆူပူမှုပြုလုပ်သည်ဟုဆိုကာ ဘဏ်ဝန်ထမ်းများက တိုင် ကြားသဖြင့် လေးဦးဖမ်းဆီး ထောင်ချခံခဲ့ရသည်။

• ပေါင်မြို့နယ်တွင် လူငယ်အချို့က ဖက်ဒရယ်တပ်မတော် ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

• မုဒုံတွင် စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများအား ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် Mytel  ဆင်းကတ်များတွင်  "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" စာသားများ ရေးကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

ချင်းပြည်နယ်

• ဟားခါးမြို့နယ် ချင်းပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်အောင် နေအိမ်ရှေ့တွင် ယနေ့နံနက် ၄ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ချင်းဦးစီးရပ်ကွက် စုပေါင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် မြို့သစ်တွင် နေထိုင်ပြီး ဒေသခံများက စစ်အုပ်စု ဒလံဟု သတ်မှတ်ထားသူတစ်ဦး၏ နေအိမ်ရှေ့တို့တွင်လည်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ကချင်ပြည်နယ်

• နမ္မတီးတွင်လည်း ပညာရေးမိသားစုများ ဦးဆောင်ကာ ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့သည်။

• မြစ်ကြီးနားမြို့ပေါ်တွင် လူငယ်အများစု ပါဝင်သည့် ကချင်ပြည်နယ် အထွေထွေထသပိတ်စစ်ကြောင်းမှာလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင် ကျရှုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မြစ်ကြီးနားမြို့ပေါ် ကျောင်းအချို့တွင်လည်း ကျောင်းအပေါက်ဝများတွင် သွေးစွန်းနေသည့်ပုံစံ ဆေးနီများပတ်ဖြန်းထားသည့် ကျောင်းဝတ်စုံများ ချိတ်ဆွဲကာ "စစ်ကျွန်ပညာရေး အလိုမရှိကြောင်း" လည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဖားကန့်တွင် အောင်မြေကွက်သစ်ကျေးရွာနှင့် မရှီကထောင်ရပ်ကွက် ပူးပေါင်း၍ သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင် စနစ်အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ တာမခန်မြို့သစ်တွင်လည်း ကချင်အလံများ လွှင့်ထူကာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ကြောင်းနှင့် KIO/KIA ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ဖားကန့် ငြိမ်းချမ်းသာယာ၊ မလန်းနှင့် လုံးခင်းကျေးရွာအုပ်စုများ စုပေါင်း၍ ပညာရေးနှင့် ကျောင်းသား/သူနှင့် ဒေသခံအင်အား ၅၀၀ ခန့်ဖြင့် စစ်အုပ်စုက ဖွင့်လှစ်မည့်ကျောင်းများ မတက်ရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• မိုးကောင်းတွင် ဒေသခံလူငယ်များက NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြ သည်။

• ရွှေကူမြို့တွင်လည်း ဒေသခံများက အစီးရေ ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ကျရှုံးရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ဟိုပင်တွင်လည်း လူငယ်များက အကြမ်းဖက်လူသတ်စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကယားပြည်နယ်

• အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်များအထိ ဝင်၍ ပြည်သူများပြုလုပ်ထားသည့် အကာအရံများ ဖျက်ဆီးကာ ပစ်ခတ် နှိမ်နင်းမှုများ ပြုလုပ်လျက်ရှိသော်လည်း လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်တွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်လျက် ရှိသည်။

• ဖရူဆိုမြို့နယ် ထီးတရဲရပ်ကွက်တွင် နေထိုင်သည့် မောင်ဂေးဘတ်နှင့် မောင်တင်ဝင်း ဆိုသူတို့အား ယနေ့နနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့သည်။

• ဧပြီလ ၂၇ ရက်က အကြမ်းဖက်စစ်အုပ်စု ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်တွင် နေထိုင်သူ ဦးပေါလူ စျာပနကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ဒေသခံအင်အား ရာနှင့်ချီ၍ တော်လှန်ရေးအလံများ လွှင့်ထူကာ လာရောက်အလေးပြုခဲ့ကြသည်။

ကရင်ပြည်နယ်

• ဘားအံမြို့တွင် ဒေသခံများက ရောင်စုံစက္ကူများဖြင့် ဒေါင်းရုပ်များလုပ်၍ အရုပ်များပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်သော စာသားများ ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• ကွတ်ခိုင်မြို့တွင်လည်း ဒေသခံလူငယ်များက "တောင်တန်းဒေသ လူမျိုးပေါင်းစုံတော်လှန်ရေး" ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• တောင်ကြီးမြို့တွင် ဒေသခံများက အကြမ်းဖက်စစ်အုပ်စုက ကျောင်းများပြန်ဖွင့်ရန် လုပ်ဆောင်နေမှုကို ဆန့်ကျင်သည့် အနေဖြင့် "ပင်စင်ယူခါနီးဝန်ထမ်းတွေကို အလုပ်ပြန်လုပ်ဖို့ တောင်းဆိုနေကတည်းက  CDM အားကောင်းနေတာကို ပြတာပဲ" ဟူသည့် စာများရေးသားကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• ကျောက်မဲတွင်လည်း ဒေသခံလူငယ် အင်အား ၁၀၀ ခန့်က NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• သီပေါမြို့တွင် လူငယ်ရာနှင့်ချီ ပါဝင်သည့် ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ကျရှုံးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဧပြီ ၂၉ သုံးသပ်ချက်

• ရန်ကုန်မြို့ပေါ်တွင် ပျောက်ကြားသပိတ်များ ဆက်လက်အားကောင်းနေဆဲဖြစ်ကာ စစ်အုပ်စုဒေါက်တိုင် ရပ်ကွက်ရုံးနှင့် အခြားအဆောက်အဦများတွင်လည်း ပေါက်ကွဲမှုများ ရှိနေခဲ့သည်။ စစ်အုပ်စုဘက်က နေ့လယ်ပိုင်း လူမြင်ကွင်း အချိန်များ တွင် နေအိမ်၊ တိုက်ခန်းများအထိ ဝင်ရောက်စီးနင်း ဖမ်းဆီးခြင်းများထက် ညပိုင်းများတွင် အင်အားသုံးဖမ်းဆီးခြင်းပုံစံကို ပိုမိုပြုလုပ်လာလျက် ရှိသည်။

• မန္တလေး သပိတ်စစ်ကြောင်းကြီးများမှာ ပိုမိုအားကောင်းလာကာ စစ်အုပ်စု တပ်စွဲထားသည့် နေရာများအနီး၌ပင် ဆန္ဒပြမှု များ ပြုလုပ်လာလျက်ရှိသည်။ ထို့အပြင် အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်များနှင့် စစ်အုပ်စုယန္တရားလည်ပတ်ရေးအတွက် လုပ်ဆောင်ပေးနေသည့် နေရာနှင့် အဆောက်အအုံများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာလျက် ရှိသည်။ စစ်အုပ်စုဘက်က ရဲနှင့် စစ်ဝတ်စုံဝတ် လူလုံးပြဖမ်းဆီးခြင်းထက် အိမ်စီးကားသုံး အရပ်ဝတ်များဖြင့် လုံခြုံရေးယူ ဖမ်းဆီးမှုများ ကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ပေါက်ကွဲမှုများကြောင့် ဆိုင်ကယ်စီးသွားလာမှုများကို ကန့်သတ်လာနိုင်ဖွယ် ရှိသည်။

• နယ်မြို့များတွင် သပိတ်များ အားကောင်းနေဆဲ ဖြစ်ကာ ပေါက်ကွဲမှုမျာလည်း ခပ်စိတ်စိတ် ဖြစ်လာခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ကချင်၊ တနင်္သာရီ၊ ကယား၊ ရှမ်းပြည်နယ်တို့တွင် သပိတ်များ အားကောင်းနေခဲ့ကာ အချို့နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။

• အကြမ်းဖက်စစ်အုပ်စုဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ ရင်ဆိုင်နေရသည့်အပြင် မြို့ကြီးများတွင် လည်း ပြန်လည်ခုခံမှုများ၊ တန်ပြန်ခုခံမှုများ ပေါ်ပေါက်လာသည့်အတွက် လုံခြုံရေးစည်း ကျိုးပေါက်မှုနှင့် ရင်ဆိုင်နေရ သည်။ ထို့ပြင် တပ်တွင်း လုံခြုံရေးတင်းကြပ်သည့် နေရာများတွင်ပါ ပေါက်ကွဲမှုများ ရှိလာခဲ့သည့်အပြင် တပ်နှင့် ရဲများအ ကြား မကျေလည်မှုများကြောင့် တပ်တွင်းစည်းရုံးရေး ပျက်ပြားလာနေကြောင်း သုံးသပ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required