၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်သုံးဦးစာရင်း ဖီဖာထုတ်ပြန်ကြေညာ

၂၀၁၅ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ဆန်ခါတင်သုံးဦးစာရင်း ဖီဖာထုတ်ပြန်ကြေညာ

ဇူးရစ်၊ ဒီဇင်ဘာ ၁ ။           ။ ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်ကစားသမားများအဖြစ် ဘာစီလိုနာတိုက်စစ်မှူးများဖြစ်သည့် မက်ဆီနှင့်နေမာ၊ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ ရွေးချယ်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီရရှိရန် ရေပန်းစားလျက်ရှိနေပြီး နေမာနှင့် စီရော်နယ်ဒိုတို့မှာ ဒုတိယနေရာအတွက်သာ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

မက်ဆီနှင့်နေမာတို့သည် ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား၊ လာလီဂါဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကို ရယူနိုင်ခဲ့ကြသည်။ စီရော်နယ်ဒိုမှမူ ဂိုးပေါင်း ၆၁ ဂိုးအထိသွင်း ယူနိုင်ခဲ့ပြီး ဥရောပ၏ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့သော်လည်း ဆုဖလားအောင်မြင်မှု ရယူနိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ပြီးခဲ့သည့်လက စီရော်နယ်ဒိုက 'ရိုးရိုးသားသားပြောရရင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီပဲရရှိလိမ့်မယ်လို့ ထင်ပါတယ်။ သူက ဆုဖလားတွေအများကြီးရရှိခဲ့လို့ပါ။ မဲပေးရွေးချယ်မှုက ဆုဖလားရရှိမှုပေါ်မှာ မူတည်နေပါတယ်' ဟု ပြောဆိုထားသည်။ စီရော်နယ်ဒိုမှာ ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးဆုကို ရရှိထားသူဖြစ်သည်။

နေမာကလည်း ၎င်းသည် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်လာရန် သို့မဟုတ် ကမ္ဘာ့အကောင်းဆုံးဆုရရှိရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဘယ်သောအခါကမှ ဘောလုံးကစားခဲ့ခြင်းမရှိပဲ ပိုမိုကောင်းမွန်သည့် ကစားသမားဖြစ်လာရန်သာ ဘောလုံးကစားခဲ့ကြောင်း ပြောသည်။ နေမာမှာ ကမ္ဘာ့အကောင်းဆုံးဆု ဆန်ခါတင်စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာခြင်း ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်သုံးဦးရွေးချယ်ရာတွင် ဘာစီလိုနာနည်းပြ လူးဝစ္စအင်းနရစ်၊ ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာနှင့် ချီလီအသင်းကို ကိုပါအမေရိကဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဆမ်ပါအိုလီတို့ရွေးချယ်ခံခဲ့ရသည်။

အမျိုးသမီးကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက်မူ ကာလီလွိုက်(အမေရိကန်)၊ မီယာမာ(ဂျပန်)နှင့် ဆီလီယာဆာဆစ်(ဂျာမနီ)တို့ ရွေးချယ်ခံခဲ့ရပြီး အမျိုးသမီးကမ္ဘာ့အကောင်းဆုံး နည်းပြဆု အတွက် ဂျေးအယ်လစ်(အမေရိကန်)၊ ဆာဆက်(ဂျပန်)၊ မက်ဆမ်ဆွန်(အင်္ဂလန်)တို့ရွေးချယ်ခံခဲ့ရသည်။

ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို ၂၀၁၆ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ကြေညာသွားမည်ဖြစ်သည်။

ရည်ညွှန်း ဂါးဒီးယန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly