ရန်ကုန်တွင် ခုံးကျော်တံတားနှစ်စင်း ထပ်မံတည်ဆောက်ဦးမည်

ရန်ကုန်တွင် ခုံးကျော်တံတားနှစ်စင်း ထပ်မံတည်ဆောက်ဦးမည်

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ။ ။ ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုပြဿနာ ဖြေရှင်းရန်ဟုဆိုကာ ခုံးကျော်တံတားနှစ်စင်း ထပ်မံတည်ဆောက်သွားမည်ဟု တိုင်းအစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က နိုဝင်ဘာ ၃၀တွင်ပြုလုပ်သည့် တိုင်းလွှတ်တော်အထူးအစည်းအဝေးတွင် ပြောဆိုလိုက်သည်။

ငွေလုံးငွေရင်းအသုံးစရိတ်၏ အထူးစီမံကိန်းလုပ်ငန်းကြီးများ ခေါင်းစဉ်အောက်တွင် အဆိုပါ ခုံးကျော်တံတား(၂)စင်းအား တည်ဆောက်မည်ဖြစ်ကြောင်း ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို တိုင်းလွှတ်တော်သို့ ရှင်းပြစဉ် ဘဏ္ဍာရေးဝန်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထပ်မံ တည်ဆောက်မည့် ခုံးကျော်တံတားနှစ်စင်းမှာ ကျပ်ဘီလီပေါင်း ၁၅ဒဿမ ၇၅ကုန်ကျမည့် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံ ခုံးကျော်တံတားနှင့် ကျပ်ဘီလီယံ ၁၆ဒဿမ ၄၅ကုန်ကျမည့် မြောက်ဥက္ကလာပလမ်းဆုံ ခုံးကျော်တံတားတို့ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်အမတ်များကို ပြောသည်။

အဆိုပါ ခုံးကျော်တံတား(၂)စင်း တည်ဆောက်မည့် စီမံကိန်းများပါဝင်သော ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို လာမည့် ဒီဇင်ဘာ ၄ရက် အစည်းအဝေးတွင် ဆွေးနွေးပြီး အတည်ပြုချက် ရယူသွားမည်ဖြစ်သည်ဟု တိုင်းလွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်းက ကြေငြာထားသည်။

ရန်ကုန်လွှတ်တော်အစည်းအဝေးများ၏ ၅နှစ်နီးပါး အစဉ်အလာအရ တိုင်းအစိုးရ၏ တင်ပြချက်အားလုံးလိုလို အတည်ဖြစ်သွားသည်ချည်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုင်းအစိုးရ၏ တင်ပြချက်များအပေါ် မှန်သည်၊ မှားသည်ဖြစ်စေ ဝေဖန်ထောက်ပြမည့် လွှတ်တော်အမတ်ဦးရေမှာ ၁၀ဦးပင် မပြည့်သောကြောင့် ဖြစ်သည်။

ရန်ကုန်တွင် လက်ရှိ တည်ဆောက်ပြီးစီးထားသည့် ခုံးကျော်တံတား ၄စင်း ရှိနေပြီဖြစ်သော်လည်း ယာဉ်ကြောကြပ်တည်းမှုပြဿနာမှာမူ လုံလောက်စွာဖြေရှင်းနိုင်ခြင်း မရှိဘဲ သုံးစွဲသည့် ဘဏ္ဍာငွေနှင့် အကျိုးရလာဒ် မျှတမှုမရှိဟု တိုင်းလွှတ်တော်၏ အတိုက်အခံအမတ် ဒေါက်တာညိုညိုသင်းက ဝေဖန်သည်။

ထို့ပြင် တည်ဆောက်ပြီးစီးသော ခုံးကျော်တံတားများဆိုင်ရာ ပြည်သူ့ဘဏ္ဍာငွေစာရင်းရှင်းတမ်းများကို လက်ရှိအစိုးရသက်တမ်းမကုန်မီ ပြည်သူများထံ အသေးစိတ်ထုတ်ပြန်ကြေငြာပေးရန် ဒေါက်တာ ညိုညိုသင်းက တိုင်းလွှတ်တော်သို့ အရေးဆိုခဲ့သေးသည်။

ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန်ဟုဆိုကာ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်နှင့် မြေနီကုန်းတို့တွင် ခုံးကျော်တံတား(၄)စင်း တည်ဆောက်ပြီးစီးပြီဖြစ်ကာ လက်ရှိတွင်လည်း တာမွေ၊ ကုက္ကိုင်းနှင့် ရှစ်မိုင်တို့တွင် ထပ်မံ တည်ဆောက်နေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly