“ဒေါ်အောင်ဆန်းစုကြည်၊ ဖိုးလပြည့်နဲ့ သတင်းမီဒီယာ လောက”

“ဒေါ်အောင်ဆန်းစုကြည်၊ ဖိုးလပြည့်နဲ့ သတင်းမီဒီယာ လောက”

ကိုမျိုးသန့်ရေ

ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိုးလပြည့် တွေ့ကြတဲ့အကြောင်း ပြောပြချင်တယ်။ ဖိုးလပြည့်ဆိုတာက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ချစ်လှစွာသော မြေး ကိုနေရွှေသွေးအောင်ကို ပြောတာပါ။ ဒီလို ပြောတာကိုလည်း အငေါ်တူးတယ်လို့ မထင်ပါနဲ့။ တကယ့်ကို ချစ်လှစွာသော မြေးပါ။ အကြောင်းကတော့ အရင် စစ်အစိုးရခေတ်တုန်းက ရုပ်မြင်သံကြား သတင်းတွေကို ကြည့်ရင် အဲဒီမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သတင်းတွေပါရင် ထူးထူးခြားခြား ဖိုးလပြည့်ကို အမြဲလို မြင်တွေ့နေရလို့ပါ။ ပြောရရင် ရုပ်မြင်သံကြားကနေ တဆင့် ဖိုးလပြည့် တဖြေးဖြေး အရွယ်ရောက် ကြီးပြင်းလာတာကိုတောင် မြင်တွေ့ကြရတဲ့ အထိပါပဲ။ နောက်ဆုံး ကျွန်တော် မှတ်မိသလောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံခြား ထွက်တဲ့အခါဆို ဖိုးလပြည့်က အနောက်တိုင်း ဝတ်စုံ အပြည့်နဲ့ ရှေ့ဆုံးကနေ သွားတာကိုလည်း တွေ့ရသဗျ။ ထားပါ။ ကျွန်တော် တကယ် ဆွေးနွေးချင်တာက ဖိုးလပြည့်နဲ့ သတင်းလောက အကြောင်းပါ။

ကျွန်တော်တို့ သတင်းလောကက လူတွေတော့ သိပြီးဖြစ်မှာပါ။ ဖိုးလပြည့်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာကို အရင်ဆုံး ဖော်ပြခဲ့တာကတော့ The Voice မီဒီယာကပါ။ ကျွန်တော် မှတ်မိသလောက် အွန်လိုင်းပေါ်ပဲ တင်သလားလို့။ နောက်တော့ ဘီဘီစီ မြန်မာပိုင်းက အတည်ပြုပြီး သတင်းအဖြစ် တင်ပါတယ်။ အဲဒီနောက်ပိုင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာ တစ်ချို့က ကျွန်တော့်ကို မေးပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲတဲ့။ ကျွန်တော်ကတော့ ကောင်းကောင်းမွန်မွန် ဖြေပါတယ်။ မဖြေပါရစေနဲ့ပေါ့လေ။ အကြောင်းက ဒီသတင်းဟာ အတည်ပြုနိုင်တဲ့ သတင်းလို့ ကျွန်တော်က မယူဆသေးဘူး။ နောက်တစ်ကြောင်းက အတည်ပြုနိုင်ခဲ့ရင်တောင် အားလုံး ဖြစ်နေနိုင်တဲ့ကိစ္စ တစ်ခုကို ကျွန်တော် မဝေဖန် မသုံးသပ်တတ်လို့။ ဥပမာ ဖိုးလပြည့်က  သီတင်းကျွတ် လပြည့် သွားကန်တော့တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲ အနိုင်ရတာကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သွားပြောပြီး သားလည်း ကျရာနေရာကနေ တာဝန်ထမ်းဆောင်ပါ့မယ် ဆိုပြီး ပြောတာလည်း ဖြစ်နိုင်တာပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တစ်ခုခု အမှာစကား ပါးတာမျိုးလည်း ဖြစ်နိုင်တာပဲ။ အမျိုးမျိုးပေါ့။ ကျွန်တော်ကတော့ မတွေးတတ်ပါဘူး။

ကိုမျိုးသန့်ရေ

သတင်း အတည်မပြုနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ဒီနေ့က ခေတ်က ပြောင်းနေပြီ။ ဘယ်ကိစ္စမှ သိပ်ပြီး လျှို့ဝှက်တာမျိုး မလုပ်တတ်ကြဘူး။ ဥပမာ တစ်ယောက်ယောက်နဲ့ တွေ့တယ်ဆိုရင် လျှို့ဝှက်စရာ မလိုဘူး၊ တွေ့ရင် တွေ့တယ် ပြောမယ်၊ ပြီးရင် ဘာဆွေးနွေးသလဲ မပြောပဲ ထားမယ်၊ အဲလို လုပ်လို့ ရနေတာပဲနော။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်တွေက မေးရင် တစ်ချိန်ချိန်မှာ ပြောလိမ့်မယ်လို့ပဲ ထင်ခဲ့တယ်။ သူက တွေ့ရင် တွေ့တယ် ပြောမှာပဲ။ ဘာဆွေးနွေးသလဲ ထပ်မေးရင် ပြောချင် ပြောမယ်၊ ပြောစရာ မရှိဆို မရှိလို့ ဖြေမယ်။ ကျွန်တော် သိရသလောက် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဘယ်တော့မှ လိမ်ညာ ဖုံးကွယ်တာမျိုး လုပ်မှာ မဟုတ်ဘူး။

နောက်တစ်ခု သတင်းဌာနတွေက သတင်းကို အတည်ပြုချက် ရယူနိုင်ပေမယ့် နာမည် ထုတ်မပြောနိုင်ဘူးဆိုတဲ့ ကိစ္စ။ ဒါကလည်း ဒီနေ့ခေတ်မှာ ရှားလိမ့်မယ်လို့ ကျွန်တော်က ထင်တယ်။ သိပ်အရေးကြီးလွန်းတာ မဟုတ်ရင်၊ ထိခိုက်နစ်နာစရာတွေ မပါဘူးဆိုရင် ခုလို တွေ့ကြ ဆုံကြ ဆိုတာဟာ နာမည် မဖော်ပဲ ပြောဖို့ မလိုဘူးလို့ ကျွန်တော်က ထင်ထားလို့ပါ။ အဲဒါတွေကြောင့်ပဲ ကျွန်တော့်ကို ထင်မြင်ချက် မေးတာကို ကျွန်တော် မဖြေလိုက်ရတာ ဖြစ်ပါတယ်။

နောက်ပိုင်း သတင်းကို ဒေါ်အောင်ဆန်းစုကြည် အတည်ပြုပြီးနောက်လည်း ကျွန်တော့် ထင်မြင်ချက် မေးတာ ခံရပါသေးတယ်။ အဲဒီမှာလည်း ကျွန်တော် တောင်းပန်ခဲ့ပါတယ်။ ဘာမှ သိပ်ပြီး မထင်တတ်တဲ့အကြောင်း။ ပြသနာက ဖြစ်နိုင်ခြေတွေ အလွန်များနေလို့ပါ။ စောစောက ပြောသလို သီတင်းကျွတ် လာကန်တော့တာ၊ ရွေးကောက်ပွဲ အနိုင်ရလို့ လာဂုဏ်ပြုတာ စတာမျိုးတွေ ဖြစ်နိုင်သလို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆက်စပ်ပြီး နိုင်ငံရေးနဲ့ ဆိုင်တာ အမှာစကား ပါးတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်လို့ပါ။ ဒါကြောင့် ကျွန်တော်ကတော့ ဘာမှတ်ချက်၊ ဘာထင်မြင်ချက်မှ မပေးတတ်ဘူးလို့ ဖြေခဲ့တာပါ။

တကယ်တော့ ဇာတ်လမ်းတွေ စဉ်းစားပြီး ထင်မြင်ချက်တွေ ပေးလိုက်လို့ကတော့ လွယ်ပါတယ်။ ကျွန်တော်ကတော့ မလုပ်တတ်ပါဘူး။ လက်ရှိ ကျွန်တော် လုပ်နေတာဟာ သတင်းအချက်အလက်အပေါ် အခြေခံပြီးမှ သုံးသပ်တဲ့ ဝေဖန်သုံးသပ်ရေးမျိုးပါ။ နိုင်ငံရေးကိုလည်း အဲလိုပဲ အကဲခတ်ပါတယ်။ အထူးသဖြင့် အများပြည်သူ ရှေ့မှောက်နဲ့ တရားဝင် ပေါ်ထွက်လာတဲ့ သတင်းအချက်အလက်တွေ အပေါ်မှာပဲ အခြေပြု အကိုးအကားလုပ်ပါတယ်။ ဒါကြောင့် အဲလို ကိစ္စမျိုး ဇာတ်လမ်းတွေ ဖန်တီး ဝေဖန်သုံးသပ်လိုက်ရင် လူစိတ်ဝင်စားစရာ ဖြစ်လာနိုင်ပေမယ့် ကျွန်တော် မလုပ်တတ်လို့ မလုပ်ခဲ့တာ ဖြစ်ပါကြောင်း။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly