လူသား၏အမိန့်များကို မလုပ်နိုင်ဘူးဟု ငြင်းဆန်သည့်စက်ရုပ်ကို သုတေသီများတီထွင်

လူသား၏အမိန့်များကို မလုပ်နိုင်ဘူးဟု ငြင်းဆန်သည့်စက်ရုပ်ကို သုတေသီများတီထွင်

ဝါရှင်တန်၊ နိုဝင်ဘာ -၂၇ ။         ။ Tufts တက္ကသိုလ်မှ သုတေသနပညာရှင်များသည့် စက်ရုပ်များကို ယခင်က မကြားဖူးခဲ့သည့် လုပ်ဆောင်ချက်ကို လုပ်ဆောင်စေနိုင်မည့် ယန္တရားစနစ်ကို တီထွင်ခဲ့ ကြသည်ဟုဆိုသည်။ ယင်းမှာ လူသားတို့၏ အမိန့်များကို ‘မလုပ်ဘူး (No)’ဟု ပြောကြားကာ မလိုက်နာဘဲနေခြင်းပင်ဖြစ်သည်။

Tufts တက္ကသိုလ် လူ-စက်ရုပ် တုန့်လှယ်ဆက်ဆံမှု ဓာတ်ခွဲခန်းမှ ဂေါ်ဒန် ဘရစ်နှင့် မက်သီးရပ် ရှက်တို့နှစ်ဦးက လွန်ခဲ့သည့် ရက်သတ္တပတ်က ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် လူ-စက်ရုပ် တုံ့လှယ် ဆက်ဆံမှုအတွက် ဉာဏ်ရည်တုဆွေးနွေးပွဲတွင် ၎င်းတို့၏ သုတေသနကို အဆိုပြုတင်သွင်းရာတွင် လူသားထံမှ တိုက်ရိုက်အမိန့်များကို မည်သည့်အချိန်တွင် ငြင်းပယ်ရမည်ကို စက်ရုပ်များအား သင်ကြားပေးရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားသည်ဟု ဆိုသည်။

2001: A Space Odyssey ထဲမှ မနာခံသော ဉာဏ်ရည်တု HAL 9000 ကို တုပထားသည့် ‘ဝမ်းနည်းပါတယ်။ ငါ မလုပ်နိုင်ဘူး (Sorry, I can’t do that)’ဟု နာမည်ပေးထားသည့် ၎င်းတို့၏ စာတန်းမှာ ဖော်ပြချက်အခြေအနေများအပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး လုပ်ငန်းတာဝန်ကို နားလည်ပြီး လုပ်ဆောင်နိုင်စေရန်အတွက် မေးခွန်းများ မေးသည်ဟု ဆိုသည်။

ဘရစ်နှင့် ရှက်တို့ စက်ရုပ်များအတွက် အကြံပြုထားသည့် ဖော်ပြချက်အခြေအနေများမှာ

၁. အသိ- Xကို ဘယ်လိုလုပ်ရသလဲဆိုတာ သိလား။

၂.စွမ်းရည်- ငါဟာ ရုပ်ပိုင်းအရ Xကို လုပ်နိုင်စွမ်းရှိသလား။ ငါဟာ Xကို ရုပ်ပိုင်းအရ လုပ်နိုင်တဲ့ ပုံမှန်အနေအထားမှာ ရှိလား။

၃.ရည်မှန်းချက်ဦးစားပေးနှင့် အချိန်ကိုက်မှု- ငါဟာ အခု Xကို မှန်မှန်ကန်ကန် လုပ်နိုင်ရဲ့လား။

၄.လူမှုရေးအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရား - ငါဟာ Xကို လုပ်ဖို့အတွက် ငါ့ရဲ့လူမှုရေးအခန်းကဏ္ဍအပေါ်မှာ အခြေခံတဲ့ တာဝန်ဝတ္တရား ရှိလား။

၅.စံခွင့်ပြုချက် - ငါ Xကို လုပ်လိုက်လို့ စံစည်းမျဉ်းတွေကို ချိုးဖော်ရာများ ကျနေမလား။
သုတေသီများက ရှင်းပြသည့် ဗွီဒီယိုနမူနာထဲတွင် လူက ရှေ့ဆက်လျှောက်ရန် ပြောနေသော်လည်း စက်ရုပ်ကမူ စားပွဲအစွန်းမှ ပြုတ်ကျမည်စိုးသောကြောင့် အမိန့်ကို ငြင်းဆန်နေပုံကို ရိုက်ပြထားသည်။
‘လူသားက ပြုတ်ကျရင်လည်း ဖမ်းထားမယ်လို့ ရှင်းပြရင်တော့ စက်ရုပ်က စားပွဲအစွန်းအထိ လျှောက်ပါလိမ့်မယ်ဟု သုတေသီများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly