ရာသီအကုန်တွင် ဂွါဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာတော့မည်ဟု စပိန်မီဒီယာများဖော်ပြ

ရာသီအကုန်တွင် ဂွါဒီယိုလာ မန်စီးတီးနည်းပြဖြစ်လာတော့မည်ဟု စပိန်မီဒီယာများဖော်ပြ

နိုဝင်ဘာ ၂၇၊ မန်ချက်စတာ ။             ။ ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် လာမည့်ရာသီသစ်တွင် မန်စီးတီးအသင်းကို တာဝန်ယူကိုင်တွယ်ရန် အကြိုသဘောတူညီမှု ရရှိထားသည်ဟု စပိန်မီဒီယာများက ဖော်ပြလျက်ရှိနေကြသည်။

ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်တို့၏ စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလအတွင်း ဘိုင်ယန်မြူးနစ်အသင်း၏စီအီးအို ရူမင်နစ်ဂီနှင့်ဂွါဒီယိုလာတို့ စာချုပ်သစ် အတွက်ဆွေးနွေးကြမည်ဖြစ်သည်။

သို့သော် စပိန်ရေဒီယိုသတင်းဌာန Cadena COPE က ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို နည်းပြရန် ဆုံးဖြတ်ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။ ထိုသတင်းကြေညာမှုမှာ 'ဂွါဒီယိုလာဟာ သူ့ရဲ့နည်းပြဘဝကို အပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ ဂျာမနီမှာ သုံးနှစ်တာနည်းပြပြုလုပ်ခဲ့သည်မှာ ပြီးပြည့်စုံပြီဟု ဂွါဒီယိုလာမှာ ထင်မြင်လျက်ရှိပြီး အင်္ဂလန်မှာ နည်းပြပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်' ဟု ပါရှိသည်။

ဘာစီလိုနာအခြေစိုက် El Mundo Deportivo သတင်းစာကလည်း အီတလီနိုင်ငံ တူရင်မြို့တွင် ဂျူဗင်တပ်စ်အသင်းကို မန်စီးတီးအသင်းရှုံးနိမ့်ပြီးနောက် ၂၄ နာရီအတွင်း ဂွါဒီယိုလာနှင့် အကြိုသဘောတူညီမှု ရယူခဲ့သည်ဟု ဖော်ပြထားသည်။

ဘိုင်ယန်မြူးနစ်စီအီးအို ရူမင်နစ်ဂီကို ဂွါဒီယိုလာ၏အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းထားရာတွင်မူ 'အစားထိုးလို့ မရနိုင်တဲ့သူဆိုတာ ဘယ်သူမှ မရှိပါဘူး။ ကစားသမားတွေဟာ အသင်းကိုရောက် လာမယ် ပြီးရင် ပြန်ပြောင်းသွားမယ်။ နည်းပြတွေလည်း ဒီလိုပါပဲ။ နည်းပြတွေဟာ အသင်းကိုရောက်လာပြီး တစ်ချိန်ချိန်မှာ ပြန်လည်ထွက်ခွာသွားမှာပါပဲ။ ဂွါဒီယိုလာ ထွက်ခွာသွားခဲ့ရင်လည်း ရည်မှန်းထားတဲ့ နည်းပြတစ်ဦးဦးရောက်လာပါလိ့မ်မယ်' ဟု ပြောသည်။

ရူမင်နစ်ဂီမှ ယခုလိုပြောဆိုထားသော်လည်း ဘိုင်ယန်မြူးနစ်အသင်းသည် ဂွါဒီယိုလာကို ဆက်လက်သက်တမ်းတိုးရန် ဆန္ဒပြင်းပြနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly