နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၁ ဧပြီ ၂၀၂၁)
(Photo:         : AFP – ဧပြီလ (၂၁)ရက်၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် အကြမ်းဖက်စစ်အာဏာရှင်အလိုမရှိကြောင်း နေကြာပန်းများကိုင်‌ဆောင်၍ ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

  • စမ်းချောင်းမြို့နယ်တွင် လူငယ်များက အပြာရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ Blue Shirt Campaign ပြုလုပ်၍ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြ တော်လှန်ခဲ့ကြသည်။
  • လှိုင်သာယာတွင် စစ်အုပ်စုကို ထောက်ခံနေသည့် တရုတ်နိုင်ငံအား ကန့်ကွက်ကြောင်းကို တရုတ်အလံ မီးရှို့၍ ဆန္ဒဖော်ထုတ်ပြခဲ့ကြသည်။ လှိုင်သာယာသည် တရုတ်နိုင်ငံသားများ လာရောက်ဖွင့်လှစ်ထားသည့် စက်ရုံမျိုးစုံရှိသည့် မြို့နယ် လည်း ဖြစ်သည်။
  • ရန်ကုန်တက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသားသမဂ္ဂတို့က "ကြားကာလ ရန်ကုန်တက္ကသိုလ်ကောင်စီ" ဖွဲ့စည်းလိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပညာရေး ထူထောင်နိုင်ရေး လုပ်ဆောင်မည်ဟု ကြေညာထားသည်။
  • မရမ်းကုန်း၊ သမိုင်းတွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
  • သင်္ဃန်းကျွန်းတွင် လူငယ်အချို့က Blue Shirt Campaign ပြုလုပ်ကာ အာဆီယံအနေဖြင့် မြန်မာပြည်သူများ မဲပေးရွေးချယ်ထားသည့် အစိုးရအဖြစ် NUG ရှိနေကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
  • သာကေတမြို့နယ်တွင် စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံထားရသူများ လွတ်မြောက်ရေး Blue Shirt Campaign ကို လူငယ်အချို့က ပြုလုပ်ခဲ့ကြသည်။
  • အင်းစိန်တွင် လူငယ်အချို့က ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အပြာရောင်ကမ်ပိန်းလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
  • အကြမ်းဖက်စစ်တပ်မြို့နယ်ဟု ခေါ်ရမည့် မင်္ဂလာဒုံတွင်လည်း လူငယ်များက ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • မြောက်ဒဂုံတွင်လည်း ဖမ်းဆီးခံများ လွတ်မြောက်ရေး Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • လှိုင်မြို့နယ်တွင်လည်း နေ့လယ်ခင်းပိုင်းများတွင်ပင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသော်လည်း လူငယ်အချို့က ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး အပြာရောင်ကမ်ပိန်း ပြုလုပ်ခဲ့သည်။
  • တောင်ဥက္ကလာပမြို့နယ်တွင်လည်း မြို့နယ်နေလူထုက ဖမ်းဆီးခံရသူများ လွတ်မြောက်ရေး အပြာရောင်ကမ်ပိန်း ပြုလုပ်ခဲ့ သည်။
  • စမ်းချောင်းနှင့် ဗဟန်းမြို့နယ်ကြား ဦးဝိစာရလမ်းလယ်ကျွန်းပေါ်တွင် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း နှင့်ဘာသာလူမျိုး မခွဲခြားသော မြန်မာနိုင်ငံသားဟု ရေးသားထားသည့် အိင်္ကျီများကို စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။
  • ရန်ကုန်မြို့ပေါ်ရှိ မြို့နယ်တိုင်းလိုလိုတွင် အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းတို့စခန်းချရာ ရပ်ကွက်ရုံး၊ ကျောင်းနှင့် အဆောက်အဦများတွင် သဲအိတ်ခံတပ်များ အခိုင်အမာ ဆောက်လုပ်လျက်ရှိပြီး ဖြတ်သန်းသွားလာသည့် ယာဉ်များကို မပြတ်စစ်ဆေးလျက် ရှိသည်။ ယာဉ်များကို တားဆီးစစ်ဆေးခဲ့သည့်နေရာများမှာ အထက်ကြည့်မြင်တိုင်လမ်းနှင့် ဗဟိုလမ်း၊ ဗဟိုစည်ဆေးရုံးရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မရမ်းကုန် သမိုင်းမြို့သစ် () လမ်း၊ စမ်းချောင်းလမ်းနှင့် ပဒုမ္မာလမ်း၊ အောက်ကြည့်မြင်တိုင်လမ်း (ကွင်းကျောင်းလမ်းထိပ်)၊ စမ်းချောင်း နာနတ်တောလမ်းတို့တွင် ဖြစ်ပြီး အခြားသော နေရာများတွင်လည်း အလားတူစစ်ဆေးမှုများ ရှိသည်။

မန္တလေးတိုင်းဒေသကြီး

  • မန္တလေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်က လိုက်လံဖြိုခွင်းများ ဆက်တိုက်ပြုလုပ်နေသည့် ကြားကပင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အဆိုပါ တပ်ပေါင်းစုသပိတ် စစ်ကြောင်းတွင် ဘုရားကြီး ငြိမ်းချမ်းရေး၊ ဗကသ၊ မန်းတကသ၊ အထက () ကျောင်းသားဟောင်းနှင့် တမ္ပဝတီ သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။
  • အမရပူရမြို့နယ်တွင် မြို့နယ်သပိတ်စစ်ကြောင်းအား သံဃာတော်များ ဦးဆောင်၍ လူငယ်အများစုဖြင့် NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အုပ်စု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
  • မန္တလေး၊ သိပ္ပံလမ်း၊ ၆၅x၆၆ ကြားရှိ မြို့တော်ဆေးရုံအား အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကိုင်အမြောက်အမြားဖြင့် ယနေ့နံနက်ပိုင်း ဝိုင်းဝန်းပိတ်ဆို့ကာ အထူးကုဆရာဝနန်ကြီးများစာရင်းတောင်းယူသွားသည်ဟု သိရသည်။ ထို့ပြင် ယခင် ရက်များကလည်း ပုဂ္ဂလိကဆေးရုံကြီးများသို့ CDM ဝင်ထားသည့် ဆရာဝန်များအား လက်ခံကုသခွင့်မပေးရန်လည်း အကြမ်းဖက်စစ်အုပ်စုဘက်က စာပို့ အကြောင်းကြားမှုများ ရှိသည်ဟု သိရသည်။
  • မိုးကုတ်တွင်လည်း လူငယ်များက အပြာရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ Blue Shirt Campaign ပြုလုပ်ခဲ့သည်။ မိုးကုတ်မြို့ပေါ်ရှိ ပြည်သူ့သပိတ်ခံတပ်များကို အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဖယ်ရှားကာ လုံခြုံရေး ချထားခဲ့ သော်လည်း လူငယ်အချို့က ယနေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • ယနေ့ နေ့လယ် ၁၂ နာရီခန့်က အကြမ်းဖက်စစ်အုပ်စုဘက်က အိမ်စီးကားနှစ်စီး၊ ဆိုင်ကယ် ငါးစီးခန့်ဖြင့် အောင်မြေသာစံ NLD ဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်ဖွင့်ထားသည့် ဆိုင်အား ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရမှု တစုံတရာမရှိပေ။
  • ယနေ့ နေ့လယ်ပိုင်းက မန္တလေး၊ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်အဖွဲ့များက အင်အား ၃၀ ခန့်ဖြင့် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ကလည်း အဆိုပါအိမ်ရာရှိ တိုက်ခန်းအချို့အား သော့ဖျက်ဝင်ရောက်ကာ ပစ္စည်းများလည်း သိမ်းယူသွားခဲ့သည်။
  • ညောင်ဦး၊ ပုဂံဒေသတွင် ဒေသခံအင်အား ၁၀၀ ကျော်က NUG အစိုးရ ထောက်ခံကြောင်းနှင့် ဖမ်းဆီးခံထားရသူများ လွတ်ပေးရေးအတွက် အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့ကြသည်။
  • စစ်တပ်အများအပြား တပ်စွဲထားသည့် မိတ္ထီလာတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ကို ဆိုင်ကယ်စီးရေ ရာနှင့်ချီ၍ ပြုလုပ်ခဲ့သည်။
  • ပြင်ဦးလွင်တွင်လည်း ပြင်ဦးလွင်လူငယ်သပိတ် အမည်ဖြင့် ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
  • မန္တလေး၊ လမ်း ၆၀ ရှိ ခုတင် ၃၀၀ ဝန်ထမ်းများအား စစ်အုပ်စုက ချက်ချင်းရွှေ့ပြောင်းခိုင်းနေသဖြင့် သွားရောက်ကူညီသူများကို ယနေ့နေ့လယ်ပိုင်းကတည်းက အသံဗုံး၊ ကျည်အစစ်များပါ သုံး၍ ခြောက်လှန့်ပစ်ခတ်မှုများကို ညနေ ၅ နာရီအထိ ဆက်တိုက် ပြုလုပ်နေသဖြင့် ဝန်ထမ်းမိသားစုနှင့် သွားရောက်ကူညီသူများပါ ထွက်ပြေးနေကြရသည်။

ပဲခူးတိုင်းဒေသကြီး

  • ပြည်တက္ကသိုလ်စာသင်ဆောင်များတွင် "စစ်ကျွန်ပညာရေး အလိုမရှိကြောင်း" စာများရေးကာ ကျောင်းဆောင်နံရံများ၌ ဆေးနီများ ပတ်ဖြန်း၍ ဆန္ဒပြခဲ့ကြသည်။
  • ဖြူးမြို့နယ်တွင် ဖမ်းဆီးခံခေါင်းဆောင်၊ ကျောင်းသားနှင့် ပြည်သူများ လွတ်မြောက်ရေး Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • ပေါင်းတည်တွင် ဒေသခံလူငယ်များက NUG အစိုးရထောက်ခံကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

  • ယင်းမာပင်တွင် ယမန်နေ့က ပြည်သူနှင့် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များအကြား အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ပြီး ပြည်သူများဘက်က ငါးဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ပြည်သူများက တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည့်အတွက် စစ်အုပ်စုဘက်က ဒရုန်းများသုံး၍ တည်နေရာထောက်လှမ်းပြီး လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခဲ့သည့် အတွက် ကပိုင်နှင် သီးကုန်းကျေးရွာမှ နှစ်ဦးစီနှင့် ကြိုပင်ရွာမှ တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။
  • ရွှေဘိုတွင် ဒေသခံလူငယ်အများစု ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းက အပြာရောင်အိင်္ကျီများ ဆင်တူဝတ်၍ ခမောက် များ ဆောင်းကာ "ပြန်ပေးဆွဲပြီး ငွေညှစ်တာ ချက်ချင်းရပ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန် တောင်းဆို၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
  • ကလေးမြို့တွင် ပြည်သူများက ဖိနှိပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် စစ်ကြောင်းများခွဲကာ လူအင်အား ရာနှင့်ချီ၍ ဆန္ဒပြခဲ့ကြသည်။
  • မုံရွာတွင် ဒေသခံများက ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • တန့်ဆည်မြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်အတွက် မြို့နယ်တွင်းကျေးရွာများတွင် ဒေသခံအင်အား လူအင်အား ရာနှင့်ချီ စုပေါင်းကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။
  • အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့သည့် တမူးတွင် အကြမ်းဖက်စစ်တပ်က လုံခြုံရေးယူထားဆဲဖြစ်ကာ ပြီးခဲ့သည့်ရက်ပိုင်းကလည်း လူငယ်များကို လိုက်လံဖမ်းဆီးလျက်ရှိရာ အနည်းဆုံး လူငယ် ၃၀ ခန့် ဖမ်းဆီးခံထားရပြီး အထက () ကျောင်းနှင့် မြို့မရဲစခန်းတို့တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

မကွေးတိုင်းဒေသကြီး

  • အောင်လံတွင် NUG ထောက်ခံကြောင်းနှင့် "ငါတို့ကို ဖိလေ ငါတို့က ပိုကြွလေ" ဆိုသည့် စာသားများ ပါဝင်သည့် စာရွက်များကို ဖြန့်ကြဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

  • စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း နေ့စဉ်ရက်ဆက် ဆန္ဒဖော်ထုတ် တော်လှန်နေသည့် ထားဝယ်သပိတ်စစ်ကြောင်းကို ယနေ့ နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်တပ် လက်နက်ကိုင်အဖွဲ့များက ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် သပိတ်တပ်ဦး အလံကိုင် တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် အနည်းဆုံး ငါးဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
  • ထားဝယ်တောင်ပိုင်းကျေးရွာများ စုပေါင်းထားသည့် သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းတွင် ကျေးရွာများအတွင်း လှည့်လည်၍ စစ်အုပ်စု ယန္တရား ပျက်သုန်းရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။
  • ထားဝယ်ခရိုင်၊ ရေဖြူ၊ ကံပေါက်ဒေသ သပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးခံထားရသူများ လွတ်မြောက် ရေးအတွက် ရည်ရွယ်၍ အပြာရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ "စစ်အာဏရှင်စနစ် အလိုမရှိ" ရေးသားထားသော ဗီနိုင်းများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
  • လောင်းလုံတွင် ပြုလုပ်သည့် ပြည်သူ့သပိတ်စစ်ကြောင်းကို နံနက် ၉ နာရီခန့်က ဖြိုခွဲရန်အတွက် လာရောက်ခဲ့ရာ သပိတ်စစ် ကြောင်းတွင်းမှ ပြည်သူများ ဖမ်းဆီးခံရခြင်း မရှိသော်လည်း ဆိုင်ကယ်နှစ်စီးကို အကြမ်းဖက်စစ်အုပ်စုဘက်က သိမ်းဆည်း သွားသည်ဟု သိရသည်။ လောင်းလုံ၊ ညင်းမော်ရွာတွင်လည်း ဒေသခံအင်အား ၁၀၀ ကျော်ပါဝင်သည့် သပိတ်စစ်ကြောင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး

  • ပုသိမ်တွင် ယနေ့နံနက်ပိုင်းက မင်းကြီးလမ်းနှင့် အောင်ရတနာလမ်းထောင့်တွင် တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်နှစ်ဦးအား အကြမ်းဖက်စစ်တပ် လုံခြုံရေးအဖွဲ့များက အိမ်စီးကားဖြင့် ဖမ်းဆီးသွားခဲ့ပြီး မည်သည့်အတွက် ဖမ်းဆီးသည်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ နောက်ဆက်တွဲ စုံစမ်းချက်များအရ ဖမ်းဆီးခံရသူများမှာ ရေကြောင်းတက္ကသိုလ် ဒုတိယနှစ်မှ မောင်သန်းအောင်စိုး (ခ) သားပု ဖြစ်ပြီး ကျန်တစ်ဦးမှာ ၎င်း၏ သူငယ်ချင်းဖြစ်သူ မောင်မြတ်သူရအောင်တို့ ဖြစ်သည်။
  • ကြံ့ခင်းမြို့တွင် ဒေသခံများက ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေး Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • လပွတ္တာတွင်လည်း အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသူများအားလုံး လွတ်မြောက်ရေးအတွက် အပြာရောင်ကမ်ပိန်း ပြုလုပ်ခဲ့သည်။
  • ဖျာပုံတွင်လည်း ဒေသခံများက Blue Shirt Campaign ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

  • မော်လမြိုင်တွင် လူငယ်များက ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး Blue Shirt လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
  • ပေါင်မြို့တွင် NUG အစိုးရ ထောက်ခံကြောင်းစာသားကို အတာအိုး၊ ဆီမီးများဖြင့် ပုံဖော်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ဒေသခံတချို့ကလည်း ရောင်စုံအပ်ချည်လုံးများဖြင့် "ဆုံးရှုံးလိုက်ရတဲ့ ကြယ်ပွင့်တိုင်းအတွက် ကမ္ဘာမကြေဘူး" ဆိုသည့် စာသားများ ရေးသားကာ စစ်အုပ်စု ယန္တား အပြီးတိုင် ချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ကြသည်။

ကရင်ပြည်နယ်

  • ဘားအံမြို့နယ်၊ အိန္ဒုစံပြ နှင့် သာမညကျေးရွာရှိ လူငယ်များက NUG အစိုးရကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ကယားပြည်နယ်

  • လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်တွင် ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး Blue Shirt လှုပ်ရှားမှုနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကချင်ပြည်နယ်

  • မိုးကောင်းတွင် ဒေသခံများက အဖြူရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • မြစ်ကြီးနားတက္ကသိုလ် သပိတ်စစ်ကြောင်းတွင် ပါဝင်သူ သမိုင်းအထူးပြု မဟာတန်း (ဒုတိယနှစ်) ကျောင်းသား ကိုမျိုးထက်နိုင်လင်းကို အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကား ခြောက်စီး၊ ရဲကားနှစ်စီးဖြင့် နံနက် ၆ နာရီခွဲခန့်တွင် ဝိုင်းကာ နေအိမ် အိပ်ခန်းအတွင်း အတင်းအဓမ္မဝင်ရောက်၍ ဖမ်းဆီးသွားသည်။
  • မြစ်ကြီးနား၊ မြို့သစ်ရပ်ကွက်ရှိ OVI ဖုန်းဆိုင် အရောင်းဝန်ထမ်းသုံးဦးကို အကြမ်းဖက်စစ်အုပ်စုဘက် ရဲနှင့် အရပ်ဝတ် လက်နက်ကိုင်များက ယနေ့နံနက်ပိုင်းတွင် ဝင်ရောက်ဖမ်းဆီးသွားပြီး အမှတ် () ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
  • မြစ်ကြီးနား ပင်မသပိတ်စစ်ကြောင်းမှာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်လုံခြုံရေးများ ရှိသည့်ကြားကပင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့ပေါ်လူငယ်အချို့က "ငါတို့ ကျောင်းသား ငါတို့ ပြန်ပေး" "ကျောင်းတက်ချင်ပေမဲ့ ကျောင်းမှာ ခွေးရှိလို့ ကြောက်တယ်" စသည့် စာတန်းများကိုင်ဆောင်ကာ Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • နမ္မတီးတွင် ဒေသခံအင်အား ၂၀၀ ခန့်က အပြာရောင်အိင်္ကျီများ ဆင်တူဝတ်ကာ ဖမ်းဆီးခံရသူ လွတ်မြောက်ရေး Blue Shirt ကမ်းပိန်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ ထို့ပြင် ယောဂီဝတ် အချို့ကလည်း ကျဆုံးသွားသည့် နွေဦးအာဇာနည်များအတွက် ဝတ်ရွတ်ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။
  • ဖားကန့်၊ ဆိုင်းတောင်ရွာတွင် NUG အစိုးရအား အပြည့်အဝ ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဒေသခံအင်အား ရာနှင့်ချီက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။ ဖားကန့် တာမခန်မြို့သစ်တွင်လည်း ဒေသခံအင်အား ရာနှင့်ချီက NUG အစိုးရအား ထောက်ခံကြောင်း ဆိုင်းဘုတ်ကြီးများ ကိုင်ဆောင်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

ရှမ်းပြည်နယ်

  • ကွတ်ခိုင်မြို့၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း "တောင်တန်းဒေသ လူမျိုးပေါင်းစုံ တော်လှန်ရေး" သပိတ်ကို နံနက် ၄ နာရီခွဲခန့်က လူငယ်အများစုပါဝင်သည့် အင်အား ၁၀၀ ကျော်ခန့်ဖြင့် ပြုလုပ်ခဲ့သည်။
  • ကျောက်မဲတွင် ဒေသခံပြည်သူ ၁၀၀ ခန့်က စစ်အာဏာရှင်ယန္တရား အပြီးတိုင် ပျက်စီးရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
  • နန့်စန်တွင် လူငယ်များက ဖမ်းဆီးထားခံရသူများ လွတ်မြောက်ရေး Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • ဟိုပုံးတွင် လူငယ်အချို့က "အစွမ်းထက် ပြင်းထန် CDM ထာဝရ ထင်ကျန် တို့အသံ" ဟု ရေးသားထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးများ ရှိနေသည့်ကြားကပင် ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။
  • လားရှိုးတွင် အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားသည့်သူများအားလုံး လွတ်မြောက်ရေးအတွက် Blue Shirt Campaign ပြုလုပ်ခဲ့သည်။
  • မူဆယ်တွင် မြို့ခံလူငယ်တချို့က အပြာရောင်အိင်္ကျီများ ဆင်တူဝတ်ကာ NUG ထောက်ခံကြောင်းနှင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ချင်းပြည်နယ်

  • မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် အပြာရောင် မိုးပျံပူဖောင်းများနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စာသားများ ရေးသားချိတ်ဆွဲ၍ ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့ သည်။
  • ဖလမ်းမြို့တွင် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားသည့် မြို့ခံလူငယ်များ လွတ်မြောက်ရေးအတွက် အပြာရောင်ကမ်ပိန်း ပြုလုပ်ခဲ့သည်။
  • အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့တွင် လူကို သေစေနိုင်သည့်လက်နက်များအား လာရောက်အပ်နှံကြရန် စာသားများပါရှိသည့် ဗီနိုင်းများ အကြမ်းဖက်စစ်အုပ်စုဘက်က လိုက်လံကပ်ထားမှုများရှိပြီး ယခင်ကလည်း ဖလမ်းမြို့ပေါ်တွင် အလားတူ ကပ်ထားခဲ့သည်။
  • ချင်းအမျိုးသားတပ်ဦး- CNF ဌာနချုပ်ရှိရာ ထန်တလန်မြို့၊ ဝိတိုရိယစခန်းသို့ သွားရာ Vanzang တောင်ကြောရှိ ကျေးရွာ ငါးခုအား ယနေ့မှ စ၍ ၂၆ ရက်အထိ အပြင်မထွက်ရန် အကြမ်းဖက်လက်နက်ကိုင် စစ်အုပ်စုဘက်က အမိန့်ထုတ်ထားသည်။ ပြီးခဲ့သည့် မတ်လအတွင်းက CNF ထံသို့ CDM ဝင် ရဲဝန်ထမ်းများ ရှိနေသည့်အတွက် အကြမ်းဖက်စစ်အုပ်စုဘက်က အင်အား ၃၀ ကျော်ဖြင့် သွားရောက်ကာ ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုများ ရှိခဲ့သည်။

နေပြည်တော်

  • နေပြည်တော်၊ ပျဉ်းမနားတွင် လူငယ်များက ဆိုင်ကယ်စီးရေ ၁၀၀ ခန့်ဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဧပြီ ၂၁ သုံးသပ်ချက်

  • ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားသူများ လွတ်ပေးရေး Blue Shirt Campaign ကို မြို့နယ်တိုင်းလိုလို တွင် ပြုလုပ်ခဲ့ပြီး အခြားနည်းဖြင့် ပြုလုပ်သည့် သပိတ်များလည်း ဆက်လက်ရှိနေခဲ့သည်။ အကြမ်းဖက်စစ်တပ်နှင့် ဆက်စပ်သည့် အဆောက်အအုံ (ရဲစခန်း၊ ရပ်ကွက်ရုံး) များတွင် သဲအိတ်များဖြင့် အကာအရံများကို ပိုမိုတိုးမြှင့်လုပ်ဆောင် လျက်ရှိပြီး လမ်းပေါ်စစ်ဆေးမှုများလည်း မပြတ်ပြုလုပ်နေသည့်အတွက် လုံခြုံရေးပိုင်း စိုးရိမ်မှုများ မြင့်မားနေကြောင်း သုံးသပ်နိုင်သည်။
  • မန္တလေးမြို့ပေါ်တွင် သပိတ်များ အားကောင်းဆဲဖြစ်ပြီး CDM ဝင် ကျန်းမာရေးဝန်ထမ်းများအပေါ် ဖိနှိပ်မှုများကို အကြမ်း ဖက် စစ်အုပ်စုဘက်က ပိုမိုပြုလုပ်လာလျက် ရှိသည်။ ဆေးပညာမိသားစုဝင်များ အလုပ်မလုပ်ဆောင်နိုင်ရန်အတွက် ဖိအား ပေးမှုများကို ဆက်တိုက်ပြုလုပ်လာလျက်ရှိပြီး CDM ကြောင့် စစ်အုပ်စုဘက်တွင် အထိနာနေမှုကို ပိုမိုသိသာစေပါသည်။
  • နယ်မြို့ကြီးများတွင် Blue Shirt Campaign များ ပြုလုပ်လျက်ရှိပြီး အခြားနည်းဖြင့် ဆန္ဒထုတ်ဖော်မှုများကိုလည်း ဆက်လက်ပြုလုပ်နေကြသည်။ အကြမ်းဖက်စစ်အုပ်စုဘက်က အင်အားကောင်းသည့် နေရာအချို့တွင် လက်နက်ကိုင်အင် အားအများအပြားသုံး ဖြိုခွဲမှုကို လုပ်ဆောင်နေပြီး အခြားနယ်များတွင်မူ လုံခြုံရေးအင်အား လျှော့ချထားလျက် ရှိသည်။
  • အကြမ်းဖက်စစ်အုပ်စုအနေဖြင့် နိုင်ငံ့နေရာအနှံ့ ဖြစ်ပွားနေသည့် လူထုအာခံသပိတ်များကို လိုက်လံဖြိုခွင်းနေသည့်အတွက် အင်အားအများအပြား သုံးနေရသည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်တိုက်ပွဲများကြောင့် အကျပ်အတည်း တွေ့လျက်ရှိ သည်။ စစ်အုပ်စုဘက်က အုပ်ချုပ်ရေးယန္တရားပိုင်ဆိုင်ရန်အတွက် လုပ်ဆောင်နေသော်လည်း လက်တွေ့တွင်မူ CDM ဝန်ထမ်းများကြောင့် မလည်ပတ်နိုင်ဘဲ ဖြစ်နေကာ တစ်ဖက်တွင်လည်း တန်ပြန်ဝါဒဖြန့်မှုအချို့ကိုသာ လုပ်ဆောင်နိုင်နေ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly