နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၁၉)ရက်၊ စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အားထောက်ခံကြောင်း ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း )

ရန်ကုန်တိုင်းဒေသကြီး

• ဂျပန်အလွတ်တန်းသတင်းထောက် YuKi Kitazumi မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ကြိမ်မြောက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။ ယမန်နေ့ညက လက်နက်ကိုင်စစ်တပ်က ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကာ ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း စမ်းချောင်း၊ မြေနီကုန်းတွင် လူထုဆန္ဒဖော်ထုတ်မှုကို သတင်းရယူစဉ်က ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီး ထိုနေ့တွင်ပင် ပြန်လည်လွှတ်ပေးခဲ့သည်။

• လှိုင်တွင် လူငယ်များက စစ်အာဏာရှင် အလိုမရှိကြောင်းနှင့် NUG အစိုးရသာလျှင် ပြည်သူ့အစိုးရဖြစ်ကြောင်း စာသားများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• အင်းစိန် ကြို့ကုန်းတွင် သပိတ်စစ်ကြောင်း နားနေချိန် နံနက် ၁၁ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်မှ လက်နက်ကိုင် စစ်နှင့် ရဲများ ရောက်ရှိလာသည့်အတွက် လူစုခွဲခဲ့သော်လည်း ဆေးခန်းတစ်ခုတွင် ပိတ်မိနေသည့် ဆန္ဒပြလူငယ် အမျိုးသမီး ၁၇ ဦးနှင့် အမျိုးသား လေးဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

• ယနေ့ နေ့လယ်ပိုင်းက တာမွေမြို့နယ်၊ ကျောက်မြောင်း၊ သီတာလမ်းဘက်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကိုင် စစ်နှင့် ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူငယ် ၅ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ ထိုသို့ ဖမ်းဆီးမှုများ ရှိနေသည့်ကြားကပင် လူငယ်များ ခေါင်းဆောင်သည့် ပြည်သူ့သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• အမျိုးသမီး သရုပ်ဆောင် မျိုးသန္တာထွန်းကို ရန်ကုန်လေဆိပ်တွင် ယနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားသည်ဟု သိရသည်။ ဧပြီလ ၁၇ ၇က်ကလည်း ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး ပြန်လာသူ သရုပ်ဆောင် ဇဏ်ခီနှင့် ဇနီးဖြစ်သူ ခရစ္စတီနားခီတို့ကိုလည်း လေဆိပ်တွင်ပင် အရပ်ဝတ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားပြီး နေအိမ်အကျယ်ချုပ် ချထားကြောင်း သိရသည်။ အတည်မပြုနိုင်သည့်သတင်းများအရ ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင် NLD ပါတီအောင်နိုင်ရေး အတွက် ရိုက်ကူးခဲ့သည့် "ခေတ်ဝန်ကို ထမ်း၊ ခေတ်လမ်းကို လျှောက်" ဇာတ်လမ်းတိုတွင် ပါဝင်သူများကို ဖမ်းဝရမ်းထုတ် ထားသည်ဟု သိရသည်။

• လှိုင်သာယာတွင် လူငယ်အချို့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ဆူးလေ Shangri-La Asia အနေဖြင့် လူသတ်စစ်လက်နက်များ ဝယ်ယူရာတွင် အဓိကကျသည့် စစ်ထောက်ချုပ်ရုံးနှင့် ဆက်ဆံမှုများ ရှိနေပြီး စစ်တပ်နှင့် စီးပွားရေးဆက်လက်လုပ်ကိုင်နေသည့်အတွက် Shangri-la ဟိုတယ်များကို သပိတ် မှောက်ကြရန်နှင့် နိုင်ငံတကာက အရေးယူမှုများ ပြုလုပ်ကြရန် Justice for Myanmar က ထုတ်ပြန်လိုက်သည်။

• သာကေတမြို့နယ်၊ ခိုင်ရွှေဝါရပ်ကွက်ရုံးတွင် ယနေ့ နေ့လယ် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ရုံးတွင်း ဝရိန်ဆော်နေ ရာမှာ ဝါယာရှော့ခ်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

• နေလယ် ၁ နာရီခွဲခန့်က အင်းစိန်၊ ရွာမကျောင်းလမ်းအနီးရှိ KBZ ဘဏ်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရပြီး အကြမ်းဖက်စစ်တပ်ဘက်က လုံခြုံရေးချထားပြီး ယမန်နေ့ကလည်း မြင်းခြံမြို့ရှိ KBZ ဘဏ် တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

• တောင်ဒဂုံတွင် ကျောင်းသားသမဂ္ဂများ၊ ကျန်းမာရေးမိသားစုများ စုပေါင်း၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• မြောက်ဒဂုံတွင်လည်း ဒေသခံလူငယ်များက စစ်အုပ်စု အဆုံးသတ်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြောက်ဥက္ကလာပတွင် လူငယ်များက ရောင်စုံစက္ကူများတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စာများ ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• သန်လျင်မြို့နယ်တွင် ကျောင်းသားသမဂ္ဂနှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော် ခဲ့သည်။

• ရန်ကုန်မြို့ မြို့နယ်တိုင်းနီးပါးတွင် အကြမ်းဖက်စစ်အုပ်စုဘက်က အိမ်စီးကားများ တားဆီးစစ်ဆေးမှုများကို တစ်နေ့လုံးနီးပါး ပြုလုပ်လျက် ရှိသည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေး၊ အမရပူရမြို့နယ်ရှိ အထင်ကရနေရာများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• အမရပူရတွင်ပင် ဗကသ၊ ပညာရေးမိသားစု၊ ဘုရားကြီး ငြိမ်းချမ်းရေး၊ အထက (၇) ကျောင်းသားဟောင်း၊ တမ္ပဝတီနှင့် စိန်ပန်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။ တပ်ပေါင်းစုသပိတ်ကို အကြမ်းဖက်စစ်တပ်ဘက် လေးဘက်လေးလံ ပိတ်ဆို့၍ ဖြိုခွင်းရန် ကြိုးစားလာ မှုကြောင့် လူစုခွဲခဲ့ပြီး အချို့မှာ ပိတ်မိနေခဲ့သည်ဟု သိရသည်။

• မန္တလေးတွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်စစ်ကြောင်း နှစ်ခုကို အကြမ်းဖက်စစ်တပ်က အိမ်စီးကား များဖြင့် တိုက်ကာ မင်းမဲ့စရိုက်ဆန်စွာ ဖြိုခွင်းမှုကြောင့် အမျိုးသမီးငယ်တစ်ဦး ကားကြိတ်ခံရကာ တစ်ဦးမှာ သေနတ်ဒဏ်ရာ ရရှိခဲ့သည်ဟု ကနဦး မြေပြင်သတင်းများအရ သိရသည်။ ထို့ပြင် ဖမ်းဆီးခံရသူ အနည်းဆုံး ၁၀ ဦးထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

• စစ်တပ်အများအပြားရှိသည့် မိတ္ထီလာတွင် ယနေ့ နံနက်ပိုင်းက ပညာရေးမိသားစုနှင့် ဒေသခံများက "စစ်တပ်အလင်းဝင်ပါ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကလေးမြို့တွင် ခံတပ်ကြီးများ ကျသွားပြီးနောက် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ရှိနေခဲ့ကာ ယနေ့နံနက်ပိုင်းကလည်း လူအင်အား ၁၀၀ ကျော် ပါဝင်သည့် ကလေးမြို့သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ်အား ဆက်လက်တိုက်ထုတ်လျက် ရှိသည်။

• မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ခံတပ်တွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် ယနေ့ နေ့လယ်ပိုင်းအထိ ပြည်သူများဘက်မှ သုံးဦးဒဏ်ရာရကာ တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေပြီး ပြန်လည်ခုခံမှုကြောင့် စစ်တပ်ဘက် သုံးဦး ထိခိုက်ကာ နှစ်ဦး သေဆုံးသွားသည်ဟု သိရသည်။ ယမန်နေ့ညပိုင်းကတည်းက စစ်တပ်ဘက်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ပြန်လည်ခုခံမှုကြောင့် စစ်တပ်ဘက် ခြောက်ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရပြီးနောက် ယခုနံနက် ပိုင်းတွင် ညောင်ဦး၊ မိတ္ထီလာနှင့် မန္တလေးတို့မှ တပ်အင်အားဖြည့်ကာ ထပ်မံဖြိုခွင်းလာခြင်းဖြစ်ပြီး စက်သေနတ်များပင် သုံးစွဲပစ်ခတ်ခဲ့သည်ဟု ဒေသခံများက နေ့လယ် ၁၂ နာရီခွဲတွင် အတည်ပြုပြောဆိုသည်။ ညပိုင်း ပစ်ခတ်မှုများတွင် ပြည်သူ များဘက်က အထိအခိုက်မရှိသော်လည်း ခြောက်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရပြီး အမှတ် (၆) ရပ်ကွက်ခံတပ်မှာ သဲအိတ်များဖြင့် အဆင့်ဆင့် ပြုလုပ်ထားသော ပင်မခံတပ်လည်း ဖြစ်သည်။ မြင်းခြံမြို့တွင် အကြမ်းဖက်စစ်တပ်ဘက်က လက်နက်သုံး အကြမ်းဖက်ဖြိုခွင်းမှုကြီး ပြုလုပ်လာခြင်းမှာ နှစ်ကြိမ်ရှိပြီဖြစ်ကာ မတ်လ ၃ ရက်မှ ဧပြီလ ၁၇ ရက်အထိ ပြည်သူဘက်မှ ၂၅ ဦးအထိ ကျဆုံးထားသည်။ ယနေ့နံနက်ပိုင်းတွင် နေ့စဉ်မပြတ် ပြုလုပ်နေသည့် မြင်းခြံသပိတ်စစ်ကြောင်းကို ခေတ္တ ရပ်ဆိုင်းထားပြီး နေ့လယ် ၁ နာရီခန့်အထိ အကြမ်းဖက်စစ်တပ်ဘက်က ပစ်ခတ်မှုအချို့ ဆက်လက်လုပ်ဆောင်ကာ နေ့လယ် ၁ နာရီခွဲခန့်ကလည်း အမှတ် (၃) နှင့် (၄) ရပ်ကွက်ကြားရှိ ကဗျာလမ်းထိပ်တွင် ပြည်သူများပိုင် ဆိုင်ကယ်လေးစီး ကို မီးရှို့မှုများလည်း ပြုလုပ်ခဲ့သည်ဟု မြင်းခြံမြို့ခံတစ်ဦးက ဆိုသည်။

• မိုးကုတ်တွင် လူထုအင်အား ရာနှင့်ချီ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် ၂၀၀၈ ခြေဥ ပျက်ပြီဖြစ်ကြောင်းကို မီးရှို့ဖျက်ဆီးပြကာ NUG အစိုးရ ကြိုဆိုကြောင်း ဆန္ဒပြခဲ့ကြသည်။

• မန္တလေး၊ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာဘက်တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်စီးလာသူများကို စစ်ဆေးခြင်းနှင့် တိုက်ခန်းအချို့အား ဝင်ရောက်စစ်ဆေးမှုများ ဆက်တိုက်ရှိနေပြီး လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်များနှင့် ဖြတ်သန်းသွား လာသူများကို စစ်ဆေးမှုများလည်း ဆက်လုပ်နေခဲ့ကြောင်း ညနေ ၄ နာရီတွင် မန္တလေးမြိုခံတစ်ဦးက အတည်ပြု ပြောဆို သည်။ ထို့ပြင် ရပ်ကွက်ရုံးများတွင်လည်း စစ်ဝတ်စုံဝတ် လက်နက်ကိုင်များကို အနည်းဆုံး ၄ ဦးခန့်စီ လုံခြုံရေးချထားပြီး ယခင်က နှစ်ဦးစီခန့်သာ ထားရှိခြင်း ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့ ဆင်ဖြူကွင်းသုဿန်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သည့် နွေဦးအာဇာနည်သူရဲကောင်းဗိမာန် ကို စည်ပင်ဥပဒေနှင့် မကိုက်ညီဟုဆိုကာ လာရောက်ဖယ်ရှားခိုင်းနေပြီး လက်နက်ကိုင်တပ်ဘက်ကလည်း အရပ်ဝတ်ဖြင့် လုံခြုံရေးယူထားသည်ဟု သိရသည်။ အဆိုပါဆင်ဖြူကွင်းသုဿန်တွင် ကျဆုံးသွားသည့် အာဇာနည်များကို ဂုဏ်ပြုသည့် အနေဖြင့် အုတ်ဂူတစ်ခုတည်းတွင်း ထားရှိကာ သူရဲကောင်းဗိမာန်အဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။

• ပဲခူး၊ ဥဿာမြို့သစ်၊ (၃) ရပ်ကွက်ရှိ ရတနာမာန်အောင်ဘုန်းကြီးကျောင်းအား အကြမ်းဖက်စစ်တပ်က စစ်၊ ရဲနှင့် လဝက ဝန်ထမ်းပါ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

• နတ္တလင်းမြို့နယ်၊ လှေကြပ်ကုန်းကျေးရွာအုပ်စုတွင် ဒေသခံများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

• ရွှေကျင်မြို့တွင် စစ်သင်တန်းတက်ပြီး ပြန်လာသည်ဟု စွပ်စွဲကာ လူငယ် ၁၈ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားပြီး စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ကသာမြို့တွင် ဒေသခံအင်အား ရာနှင့်ချီ ပါဝင်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြင့် အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• စစ်ကိုင်းတွင် ပညာရေးမိသားစုနှင့် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကသာခရိုင်၊ ဗန်းမောက်မြို့တွင် အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေးနှင့် NUG အစိုးရ ကြိုဆိုထောက်ခံကြောင်း သပိတ်စစ်ကြောင်းကို လူအင်အား ရာနှင့်ချီ စုပေါင်းကာ ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်။

• ရွှေဘိုတွင် ယနေ့နံနက်ပိုင်းက ပညာရေးမိသားစုနှင့် ဒေသခံများ စုပေါင်းထားသည့် ပင်မသပိတ်စစ်ကြောင်းဖြင့် စစ်အုပ်စု ဇာတ်သိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဒီပဲယင်း၊ မရကန်ရွာတွင် ရာနှင့်ချီသော ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရွာတွင်း လမ်းမများ၌ လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

• ရေဦးတွင်လည်း NUG အစိုးရထောက်ခံကြောင်း လူထုဆန္ဒဖော်ထုတ်မှုကို လူအင်အား ၁၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သည်။

• စစ်ကိုင်း၊ ယာကြီးလမ်းပေါ် ကနီနှင့် မင်းကင်ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံ ခုခံရေးသမားများကြား ဧပြီလ ၁၅ ရက်ကတည်းက အပြန်အလှန်တိုက်ခိုက်မှုများ ရှိနေပြီး ရွာအချို့လည်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြ ရသည်။ ဧပြီလ ၁၅ ရက် တိုက်ခိုက်မှုအပြီး ဧပြီလ ၁၈ ရက်တွင် ဖမ်းဆီးခံရသည့် ဒေသခံများ ပါဝင်သည့် စစ်ကားတန်းကို ကနီမြို့အနီး လပို့ကျေးရွာအနီးတွင် ပြန်လည်တိုက်ခိုက် လုယူရာမှ ဒေသခံနှင့် စစ်တပ်အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာကာ ဒေသခံဘက် က နှစ်ဦးကျဆုံးကာ စစ်တပ်ဘက် တစ်ဦးကျပြီး သုံးဦးဒဏ်ရာရသည်ဟု စစ်တပ်သြဇာခံ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဧပြီလ ၁၅ ရက်က ဖြစ်ပွားခဲ့သည့် အပြန်အလှန်တိုက်ခိုက်မှုတွင် စစ်တပ်ဘက်က လက်နက်ကြီးသုံး တိုက်ခိုက်မှုများ ရှိခဲ့သည့်အတွက် ပြည်သူဘက်က ၁၀ ဦးကျဆုံးကာ သံဃာတော်တစ်ပါးလည်း ပါဝင်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ဧပြီလ ၁၉ ရက်နေ့ သတင်းများအရ အကြမ်းဖက် စစ်တပ်ဘက်က မုံရွာနှင့် ကလေးဝဘက်မှ စစ်ကူထပ်ဖြည့်ထားပြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လျက် ရှိသည်။

• မုံရွာမြို့ ကန်သာယာတွင် လူငယ်များက ရောင်စုံစက္ကူဖြင့် ပြုလုပ်ထားသည့် ကြိုးကြာရုပ် ၁၀၀၀ ကို ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့ကြသည်။

• ညောင်ဦး၊ ရှေးဟောင်းနယ်မြေပုဂံတွင် စစ်တပ်ဘက်က ရွေ့လျားလုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်နေသည့်ကြားကပင် ဒေသခံများက ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ သည်။
• တန့်ဆည်တွင် ပြည်သူ ၁၂ ဦး ကျဆုံးသည်အထိ အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့ပြီး မြို့ပေါ်တွင်လည်း လုံခြုံရေးယူထား သည့်အတွက် ပင်မသပိတ်စစ်ကြောင်းမှာ တန့်ဆည်မြို့နယ်တွင်း ကျေးရွာများတွင် လှည့်လည်၍ ဆိုင်ကယ်သပိတ် ပြုလုပ် ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ပခုက္ကူတွင် မယ်သီလရှင်၊ ပညာရေးမိသားစုနှင့် ဒေသခံများပါဝင်သည့် အင်အား ၂၀၀ ကျော်ခန့်ရှိ သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် လမ်းမကြီးများပေါ်တက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် ဒေသခံ ရာနှင့်ချီ စုဝေး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

• မြိုင်တွင် ဒေသခံအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းတွင် ယနေ့နံနက် အစောပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ထားဝယ်တွင် အကြမ်းဖက်စစ်တပ်က ဖြိုခွဲမှုများ ရှိသော်လည်း ယနေ့နံနက်ပိုင်းကလည်း အင်ဂျင်နီယာ၊ နည်းပညာကျောင်းသားနှင့် ပညာရေးမိသားစုများ ပါဝင်သည့် ဒေသခံအင်အား အများအပြားပါဝင်သည့် တပ်ဦးသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင် အဆုံးသတ်ရေး ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် တပ်ပေါင်းစုသပိတ်ကလည်း တော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများ ပါရှိသည့် "ဥသြစာစဉ်" ကိုလည်း လိုက်လံဖြန့်ဝေလျက် ရှိသည်။

• ရေဖြူ၊ ကံပေါက်တွင် စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြမှုကို နေ့စဉ်မပြတ် ပြုလုပ်ခဲ့ရာယနေ့နံနက်ပိုင်းတွင်လည်း ဒေသခံအင်အား ရာနှင့်ချီ စုပေါင်းကာ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြိတ်တွင် မြိတ်ခရိုင် ကျောင်းသားသမဂ္ဂ ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန္ဒပြ တော်လှန်ခဲ့သည်။

• လောင်းလုံမြို့၊ မဲမော်ကျေးရွာသပိတ်စစ်ကြောင်းမှာ ညင်းမော်၊ လေးသွန်းခံ၊ ကထောင်းနီ၊ ကညုံကျွန်း ကျေးရွာသပိတ် စစ်ကြောင်းများ ပူးပေါင်း၍ စစ်အာဏာရှင်ကို တော်လှန်ဆန္ဒပြခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့တွင် အကြမ်းဖက်စစ်တပ်က လုံခြုံရေးအချို့ ချထားသည့်ကြားကပင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။

• မအူပင်တွင် ယနေ့ နံနက်ပိုင်းက ဆရာဝန်လေးဦးနှင့် ကရုဏာလူမှုကူညီရေးအသင်းသား တစ်ဦးတို့အား အကြမ်းဖက်စစ် ကောင်စီက နေအိမ်များတွင် လာရောက်ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် မအူပင်ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။ ဖမ်းဆီးခံရသူငါးဦးအနက် ဆရာဝန်နှစ်ဦးမှာ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာပြီဟု ညနေ ၄ နာရီခန့်က သိရသည်။

• မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို မြို့ခံများက ဆန္ဒဖော်ထုတ် ပြသခဲ့ကြသည်။

• ဟင်္သာတမြို့တွင် အကြမ်းဘက်စစ်အုပ်စုဘက်က ဖြိုခွင်းမှုများကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို မြို့တွင်း၌ မလုပ်ဆောင်နိုင်သည့်အတွက် မြို့အဝင်လမ်း သစ်ပင်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်များ ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ဖျာပုံမြို့ ဗိုလ်ချုပ်ကြေးရုပ်တွင် "လုံးဝအုပ်ချုပ်၍ မရစေရ" အပါအဝင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ကျိုက်ထိုတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော လူငယ်များက အလိုမရှိကြောင်း ကြွေးကြော်သံများတိုင်ကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• သထုံခရိုင်၊ ပေါင်မြို့တွင် ပြည်သူများက NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒ ဖော်ထုတ်ခဲ့သည်။

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ် အူခူရီးကျေးရွာတွင် လူအင်အား ထောင်နှင့်ချီသည့် ဒေသခံများပါဝင်သော သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော် နာနတ်တောရပ်ကွက်၌ လူငယ်များက ရပ်ကွက်လမ်းများအတွင်း ပျောက်ကြားသပိတ် ဆက်လက်ပြုလုပ်နေပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း သေနတ်များ ပစ်ဖောက်ခဲ့သည့်အပြင် ဆန္ဒပြပြည်သူများ ပြုလုပ်ထားသည့် လုံခြုံရေးအတားအဆီးများကိုလည်း ဝင်ရောက်ဖယ်ရှားလျက် ရှိသည်။ ထို့ပြင် ရပ်ကွက်နေ လူငယ်အချို့ လည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

ကရင်ပြည်နယ်

• ဘားအံမြို့နယ်၊ အိန္ဒူစံပြကျေးရွာတွင် ဒေသခံလူငယ်များက NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကရင်အမျိုးသားအစည်းအရုံး - KNU ထိန်းချုပ်ရာ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်ရာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် တပ် BGF ကားသုံးစီး၊ ရဲကား နှစ်စီးနှင့် အိမ်စီးကား နှစ်စီးက ကရင်စုဝင်ယာဉ်ရပ်နားစခန်းတွင် ပိတ်ဆို့ကာ လိုက်လံဖမ်းဆီး မှုများ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• မိုးညှင်းတွင် စစ်အာဏာရှင်စနစ် ပျက်သုန်းရေး လူထုသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က သပိတ်ပြီးဆုံးခါနီးအချိန်တွင် ဝင်ရောက်ဖြိုခွဲခဲ့သဖြင့် ကိုကျော်မြင့်ထွန်းဆိုသူ လူငယ်တစ်ဦးနှင့် မြစ်ကြီးနားတက္ကသိုလ်တွင် သင်္ချာဘာသာ အထူးပြုဖြင့် မဟာတန်းတက်နေသူ မမြတ်နိုးဝေတို့ ဖမ်းဆီးခံခဲ့ရသည်။

• မိုးကောင်းတွင် "နွေဦးနှစ်သစ် အစိုးရသစ် NUG ကို ထောက်ခံပါ၏" စာသားပါ ဆိုင်းဘုတ်ကိုင်ဆောင်ကာ အင်အား ၁၀၀ ကျော်ဖြင့် လမ်းများပေါ်တက်ကာ အာဏာသိမ်းစစ်အုပ်စုအား တော်လှန်ခဲ့သည်။

• နမ္မတီးတွင် ပညာရေးမိသားစုနှင့် ဒေသခံအင်အား ရာနှင့်ချီ ပါဝင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဖားကန့်၊ တာမခန်တွင် လူငယ်အချို့က စကောပေါ်တွင် ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသားကာ စကောသပိတ် ပြုလုပ်ခဲ့သည်။ ဖားကန့်၊ ဆိုင်းတောင်တွင်လည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆိုင်ကယ်အလံသပိတ်ကို စီးရေ ၁၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြသေးသည်။ ထို့ပြင် အေးမြသာယာတွင်လည်း လူအင်အား ထောင်နှင့်ချီ စုဝေးက စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။ ယနေ့ နံနက်ပိုင်းကလည်း ဖားကန့် ကံဆီးနှင့် လယ်ပြင်ရှိ အကြမ်းဖက်စစ်တပ် စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် - KIA ဘက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်မှုများ ရှိသည်ဟု သိရသည်။ ယမန်နေ့ကလည်း ဖားကန့်၊ လုံးခင်းအုပ်စုရှိ အောင်ဘာလေကျေးရွာအနီး တန်ဂေါင်တောင်ရှိ အကြမ်းဖက်စစ်တပ်စခန်းတစ်ခုကို KIA က သိမ်းယူထားသည်။

ရှမ်းပြည်နယ်

• ကွတ်ခိုင်တွင် လူငယ်များက "တောင်တန်းဒေသလူမျိုးပေါင်းစုံ တော်လှန်ရေး" ဆိုင်းဘုတ်ကိုင်ဆောင်ကာ မြို့တွင်းလမ်းများပေါ် လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• သီပေါတွင် ဒေသခံ ရာနှင့်ချီ စုဝေး၍ မြို့တွင်းလမ်းများပေါ် တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း တော်လှန်ဆန္ဒ ပြခဲ့ကြသည်။

ရခိုင်ပြည်နယ်

• သံတွဲတွင် လူငယ်အချို့က လက်များပေါ်တွင် "နွေဦးတော်လှန်ရေး"၊ "အရေးတော်ပုံအောင်ရမည်"၊ "NUG” စသည့် စာများ ရေးသားကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနားစျေးကြီးတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို တော်လှန်ရေးသီချင်းများ သီဆိုခြင်း၊ ကြွေးကြော်ခြင်းများ ပြုလုပ်၍ ထုတ်ဖော်ပြသခဲ့ကြသည်။

• နေပြည်တော် အဆင့်မြင့်ပညာဦးစီးဌာနမှ CDM ဝင်နေသည့် ဦးစီးအရာရှိ (စာရင်းကိုင်-ဘဏ္ဍာ) ဦးရန်မျိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ထွေးထွေးကျော် (စာရင်းကိုင် - ၂) တို့အား မန္တလေး၊ တံတားဦးမြို့နယ်အထိ သွားရောက်ဖမ်းဆီးခဲ့သည်ဟု စစ်တပ်ပိုင် မီဒီယာက ထုတ်ပြန်သည်။

ဧပြီ ၁၉ သုံးသပ်ချက်

• ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းလိုလိုတွင် သပိတ်များ ဆက်လက်တည်ရှိနေကာ စစ်အုပ်စုဘက်ကလည်း ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်လုပ်လာနေလျက် ရှိသည်။ သပိတ်ကြီးများ မရှိသည့်တိုင် ပျောက်ကြားသပိတ်များ အားကောင်းနေပြီး သပိတ်ပုံစံ ပြောင်းလဲရန်အတွက် တာစူလျက် ရှိသည်။ စစ်အုပ်စုဘက်ကလည်း လုံခြုံရေးအစီအမံများကို မြို့တွင်းတိုက်ပွဲရှိနေသည့်ပုံစံ သို့ ပြောင်းလဲလာလျက်ရှိပြီး လုံခြုံရေးအင်အားကိုလည်း ဖြန့်ထားလျက် ရှိသည်။

• မန္တလေးမြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အိမ်စီးကားသုံး ဖြိုခွင်းမှုပုံစံကို ဆက်လက်ကျင့်သုံးကာ သပိတ်များ ဖြိုခွဲလျက်ရှိပြီး သပိတ်အားနည်းနေသည့် မြို့နယ်များတွင် သပိတ်များ ထပ်မံမဖြစ်စေရန် နေ့ပိုင်းတွင် အင်အားသုံးဖမ်းဆီးခြင်းနှင့် ညပိုင်းတွင် ခြောက်လှန့်ပစ်ခတ်မှုပုံစံများ သုံးလျက်ရှိသည်။ သပိတ်များအနေဖြင့် လုံခြုံရေးအစီအမံရှိသည့် နေရာများ တွင် သပိတ်ပြုလုပ်ခြင်းကို သတိပြုရန်နှင့် ယင်းနေရာများသို့ စစ်အုပ်စုဘက်က အင်အားထပ်မံဖြည့်တင်း ဖြိုခွင်းလာနိုင် ခြေ ရှိနေသည်။

• ယခင် သတိပေးခဲ့သည့်အတိုင်း လူအင်အားများသည့် သပိတ်များရှိသော မိုးကုတ်၊ မြင်းခြံ၊ ဖားကန့်တို့တွင် အင်အားသုံး ဖြိုခွဲခြင်းများအား အကြမ်းဖက်စစ်အုပ်စုက ဆက်တိုက်ပြုလုပ်လာနေပြီး သပိတ်များမှာလည်း ဆက်လက်အားကောင်းနေဆဲ ဖြစ်သည်။ ထို့ပြင် အခြားသော နယ်မြို့များတွင်လည်း သပိတ်မျာ ဆက်တိုက်ရှိနေခဲ့ကာ သပိတ်အားနည်းသည့် ဒေသများ တွင်ပင် သပိတ်များ အားကောင်းလာလျက်ရှိသည်။

• အကြမ်းဖက်စစ်အုပ်စုဘက်က ပြည်တွင်းသပိတ်များ၊ CDM လှုပ်ရှားမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် လက်နက် ကိုင်တိုက်ပွဲ၊ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ၏ နိုင်ငံတကာ မျက်နှာစာတိုက်ပွဲများကြောင့် အကျပ်ရိုက်လျက်ရှိပြီး လတ်တလောတွင် နိုင်ငံတကာမျက်နှာစာတွင် အသာရရေးနှင့် သပိတ်များ ဖြိုခွဲရေးတို့အပေါ် အဓိက ထားလျက်ရှိသည်။ မြို့ကြီးအချို့တွင် ပုံစံကွဲလာသည့် တော်လှန်မှုများကြောင့် မြို့ပေါ်လုံခြုံရေးအတွက် အင်အားပိုသုံးလာနေရပြီး ခုခံအား ကောင်းသည့် နယ်မြို့များအတွက် တပ်နှင့် ရဲအင်အား အများအပြား သုံးနေရသည့်အတွက် အုပ်ချုပ်ရေးပိုင် အသာစီးရနိုင်ရေးမှာ ထင်သလောက် မလွယ်သည့် အခြေအနေ ဖြစ်နေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly