ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်မြင့်တက်နေ၍ ပိတ်ပင်ကန့်သတ်မှုများ ချမှတ်

ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်မြင့်တက်နေ၍ ပိတ်ပင်ကန့်သတ်မှုများ ချမှတ်
Photo - AFP

ဧပြီ ၁၇

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာသစ်တွေ့ရှိမှုသည် လေးရက်ဆက်တိုက် ၁,၀၀၀ အထက်တွင် ရှိနေခဲ့ပြီးနောက် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပိတ်ပင်ကန့်သတ်မှုများ ချမှတ်လုပ်ဆောင်လျက် ရှိသည်။

ဧပြီ ၁၇ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ အခမဲ့ စစ်ဆေးစမ်းသပ်မှု ခံယူရန် ဘန်ကောက်မြို့ရှိ အားကစားရုံတစ်ခုတွင် လူပေါင်းရာနှင့်ချီ စောင့်ဆိုင်းခဲ့ကြသည်။

ယခုလအစောပိုင်းက ညပွဲလမ်းသဘင်များဖြင့် စည်ကားသည့် အရပ်ဧရိယာတစ်ခုတွင် ကူးစက်မှုများဖြစ်ခဲ့သည်ကို ခြေရာခံသိရှိခဲ့ပြီးနောက်ပိုင်း ယခုအခါ မြို့တော် ဘန်ကောက်သည် ယင်းနိုင်ငံ၏ ဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်း၏ ဗဟိုချက် ဖြစ်မည့်ပုံ ပေါ်နေသည်။

ပြီးခဲ့သည့် ၁၀ ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ကူးစက်မှုသည် ၂၉,၉၀၀ ကနေ ၄၀,၅၀၀ ကျော်အထိ ခုန်တက်ရောက်ရှိခဲ့သည်။ ဗြိတိန်တွင် မူလအစ တွေ့ရှိခဲ့သည့် ကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲတစ်ခုကြောင့် ယခုကဲ့သို့ ထိုင်းတွင် ကူးစက်မှုများ သိသိသာသာ မြင့်တက်ခဲ့ဖွယ် ရှိကြောင်း သိရသည်။

“ဒီအပတ်ထဲမှာပဲ ကူးစက်မှုအသစ် ၁၀,၀၀၀ နီးပါးအထိ တွေ့ခဲ့တယ်” ဟု ထိုင်း၏ ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ်တားဆီးရေး အထူးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တာဝီးဆင် ဗီဆာနူယိုသင်းက ပြောသည်။

ယာယီကုသရေးနေရာများ အပါအ၀င် ဆေးရုံများတွင် ဆေးကုသမှုခံယူနေရသည့် လူနာ ၁၂,၀၀၀ နီးပါး ရှိနေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ယခုအပတ် ဆုန်ကရန် နှစ်သစ်ကူး ပွဲတော်မတိုင်မီကတည်းက အာဏာပိုင်များသည် ပြည်နယ်များအကြား ခရီးသွားလာမှု ဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များကို ချမှတ်ထားခဲ့ရသည်။

အဆိုပါ နှစ်သစ်ကူး အားလပ်ရက်ကာလသည် ပုံမှန်အားဖြင့် လမ်းများပေါ်တွင် ရေပက်ကစားမှုများ ရှိသော်လည်း ယခုအပတ်ထဲ ဘန်ကောက်တွင် တိတ်ဆိတ်နေခဲ့ပြီး ဘားများ၊ စားသောက်ဆိုင်များနှင့် ညစျေးများမှာ စောစီးစွာ ပိတ်ခဲ့သည်။

ပိတ်ပင်ကန့်သတ်ချက်အသစ်များမှာ ဧပြီ ၁၈ ရက်မှစ၍ အသက်၀င်လာမည်ဖြစ်ပြီး ယင်းတွင် စားသောက်ဆိုင်များ၊ ဘားများ၌ အရက် ပိတ်ပင်ချက်တစ်ခုလည်း ပါ၀င်မည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတ၀န်း ဖျော်ဖြေပွဲကျင်းပရာနေရာများကိုလည်း နှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်သည်။

၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်သော ထိုင်းအစိုးရအဖွဲ့၏ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ ကိုင်တွယ်လုပ်ဆောင်မှုများအပေါ် အတိုက်အခံ နိုင်ငံရေးသမားများက ဝေဖန်ပြစ်တင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly