နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဧပြီ ၂၀၂၁)
(Photos: : AFP - ဧပြီလ (၁၇)ရက် မန္တလေးမြို့ရှိ လူငယ်များမှ အကြမ်းဖက်စစ်အာဏာရှင်အားအလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• ရုပ်ရှင်သရုပ်ဆောင် ဇဏ်ခီနှင့် ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့အား ယနေ့နံနက်ပိုင်းက ရန်ကုန်လေဆိပ်တွင် အရပ်ဝတ်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။

• စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုများတွင် ပါဝင်သည့် သရုပ်ဆောင် မေတိုးခိုင် (အိန္ဒြာကျော့်ဇင် တူမ) အား အကြမ်းဖက်စစ်တပ် လုံခြုံရေးများက ဖမ်းဆီးသွားသည်ဟု သိရသည်။

• စစ်တပ်ဒေါက်တိုင် ရုံးအများအပြားရှိသည့် မင်္ဂလာဒုံတွင် လူငယ်အချို့က စစ်အာဏာရှင် ဆန့်ကျင်ရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ရန်ကုန် အင်းစိန်ထောင်အပါအဝင် တနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၂၃၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်က ပြန်လွှတ်ပေးကြောင်း ကြေညာထားသည်။

• စမ်းချောင်းမြို့နယ်၊ မကြီးကြီးလမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်တွင် အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်များက ဆန္ဒပြမှုအား ဖြိုခွင်းရာမှာ ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးအား လက်လုပ်ဗုံးရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။ ယင်းနောက်ဆက်တွဲအဖြစ် မြေနီကုန်းဘက်တွင်လည်း ရဲနှင့် စစ်အင်အား ၅၀ ကျော်ဖြင့် လမ်းမများနှင့် နောက်ဖေးလမ်းကြားပါ မကျန် လိုက်လံစစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အမျိုးသမီးငယ်တစ်ဦး ထပ်မံဖမ်းဆီးခံရသည်။

• သာကေတတွင် လူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး တော်လှန်မှုအဖြစ် ရောင်စုံစက္ကူများဖြင့် ခေါက်ထားသည့် ကြိုးကြာရုပ်များ ပြုလုပ်ကာ လမ်းဆုံလမ်းခွများတွင် ချိတ်ဆွဲထားခဲ့သည်။

• ရန်ကုန်အထင်ကရ နေရာများဖြစ်သည့် သိမ်ဖြူလမ်း၊ ဝန်ကြီးချုပ်ရုံးဟောင်းရှေ့နှင့်မြို့လယ် ဆူးလေပန်းခြံတို့တွင် လူငယ်များက "လုံးဝအုပ်ချုပ်၍ မရစေရ" စာများ ရေးသားကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

• လှိုင်သာယာတွင် လူငယ်အချို့က လုံခြုံရေးတင်းကြပ်ထားဆဲအချိန်၌ပင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း စာသားများ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်တွင် ဖမ်းဆီးခံခေါင်းဆောင်များ လွတ်ပေးရန်နှင့် NUG ထောက်ခံကြောင်း အောင်သပြေဆုတောင်းသပိတ် ပြုလုပ်ခဲ့သည်။

• ကမာရွတ်တွင် NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို လူငယ်များက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကြည့်မြင်တိုင်တွင် ကွမ်းရွတ်များပေါ် စာရွက်များကပ်၍ စစ်အာဏရှင်စနစ် ဆန့်ကျင်သော စာသားများရေးကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• မြောက်ဥက္ကလာပတွင် ဒေသခံလူငယ်မျာက NUG အစိုးရအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ရွှေပြည်သာတွင်လည်း မုန့်လုံးရေပေါ်များတွင် စစ်အာဏာရှင်ဆန့်ကျင်သော စာသားများပါ ဆိုင်းဘုတ်ငယ်များ စိုက်ထူ၍ အာဏာရှင် စစ်တပ်အား ဆန့်ကျင်ခဲ့ကြသည်။

• သင်္ဃန်းကျွန်းတွင် လူငယ်အချို့က "နှစ်သစ်မှာ ခေတ်သစ်တည်မည့် NUG” စာသားပါ ပိတ်စကြီးများ ကိုင်ဆောင်ကာ စက်ဘီးပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မရမ်းကုန်မြို့နယ်တွင်လည်း လူငယ်များက NUG ကြိုဆိုထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ကျဆုံးစေရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရန်ကင်း (၂) ရပ်ကွက်၊ (၆) လမ်းထိပ်ရှိ Golden City ရှေ့ရှိ အုပ်ချုပ်ရေးရုံးတွင် ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ရာ အနည်းဆုံး လုံခြုံရေးယူထားသည့် အကြမ်းဖက်စစ်တပ်ဘက်က နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

• စမ်းချောင်းမြို့နယ်၊ တော်လှန်ရေးပန်းခြံရှေ့ရှိ Denko ဓာတ်ဆီဆိုင်အနီးတွင် နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်က ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သည်။

• တာမွေပလာဇာရှေ့ရှိ မီးသတ်ဌာနရှေ့တွင် ညနေ ၄ နာရီခွဲခန့်က လမ်းမကြီးနှစ်ဘက်စလုံး ပိတ်ဆို့ကာ အကြမ်းဖက်စစ် တပ်လုံခြုံရေးအဖွဲ့များက အိမ်စီးကားများကို စစ်ဆေးလျက်ရှိပြီး မည်သည့်နေရာသို့ သွားမည်ဆိုသည့်အချက်ကို အဓိကထား မေးမြန်းနေသည်ဟု သိရသည်။ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က ဒေါပုံ ဂျပန်တံတားအဆင်းတွင်လည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေးတွင် မြတောင်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှစနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်မှုကို နေ့စဉ်မပြတ် ဆန္ဒပြခဲ့ကြသည်။

• မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ရပ်ကွက်ရုံးတွင် နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ခဲ့ပြီး မြို့ထဲ ဘူတာကြီးနားရှိ ရပ်ကွက်ရုံးတစ်ခုတွင်လည်း ပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့သည်ဟု မန္တလေးမြိုခံများက အတည်ပြု ပြောဆိုသည်။

• မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဗကသ၊ အ.ထ.က (၇) ကျောင်းသားဟောင်း သပိတ်စစ်ကြောင်းများ ပူးပေါင်း၍ "စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု" ဖြင့် NUG အစိုးရ ထောက်ခံကြောင်းကို လူအင်အား ရာနှင့်ချီ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန္တလေးမြို့ပေါ်ရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဝင် ထောက်ခံအိမ်များက လမ်းမများပေါ်တက်က စတုဒီသာကျွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ အိမ်များမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လမ်းမပေါ်တက် လှုပ်ရှားမှုမျိုး မလုပ်ဆောင်ဘဲ တိတ်ဆိတ်နေခဲ့ရာမှ ယနေ့ နှစ်ဆန်းတစ်ရက် တွင်မူ ပြန်လည်ပြုလုပ်လာခြင်း ဖြစ်သည်။

• မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြင်းခြံ၊ ဗောဓိတထောင်၌ ကျဆုံးသွားသည့် အာဇာနည်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခြင်း၊ NUG အစိုးရထောက်ခံကြောင်းနှင့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆုတောင်း သပိတ် ပြုလုပ်ခဲ့သည်။
• မြင်းခြံတွင် ကျောင်းသားနှင့် လူငယ်များ ဦးဆောင်သည့် ကျေးလက်သပိတ်စစ်ကြောင်းဖြင့် ဇိဝိတဒါနအဖြစ် ငါးများကို ဘေးမဲ့လွှတ်ကာ စစ်အာဏာရှင် ကျဆုံရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မိုးကုတ်အရှေ့ဘက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး ကျဆုံးခဲ့ကာ အလောင်းကိုလည်း သိမ်းဆည်းသွားကာ ဒဏ်ရာရထားသူ နှစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ လက်ရှိတွင် မိုးကုတ်မြို့ရှိ လမ်းမကြီးများနှင့် လမ်းဆုံများတွင် လက်နက်ကိုင်စစ်တပ်က လုံခြုံရေးယူထားဆဲ ဖြစ်သည်။

• ညောင်ဦးတွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို လမ်းမကြီးများပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

ပဲခူးတိုင်းဒေသကြီး

• ဖြိုးမြို့နယ်၊ ကညွတ်ကွင်းတွင် စစ်အာဏာရှင်အလိုမရှိကြောင်း အာရုဏ်ဦးသပိတ်ကို မြို့ခံအင်အား ၁၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့သည်။

• ဖြိုး၊ ဇေယျဝတီတွင်လည်း ဒေသခံများက ပြည်သူ့သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

• ညောင်လေးပင်တွင် လူငယ်များက ရောင်စုံစက္ကူလှေများတွင် စစ်အာဏာရှင် အလိုမရှိကြောင်း စာများရေးသားကာ လူမဲ့ သပိတ် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG အား ထောက်ခံကြိုဆိုကြောင်းနှင့် စစ်အာဏာရှင်စနစ် ပျက်သုန်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် နေ့လယ်ပိုင်း၌လည်း "တစ်ဗိုလ်ကျရင် နှစ်ဗိုလ်တက်မယ်" ဟု ကြွေးကြော်ကာ မုံရွာပင်မသပိတ်စစ်ကြောင်းဖြင့် ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• စစ်ကိုင်း၊ ကျွန်းလှတွင် NUG ကို ထောက်ခံကြောင်း ဒေသခံ ၁၀၀ ခန့်ဖြင့် လမ်းများပေါ်ထက် ဆန္ဒဖော်ပြခဲ့သည်။

• ကလေးမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက် နံနက်ပိုင်းက "အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ထောက်ခံကြောင်း"  ဆိုင်းဘုတ်များကိုင်ဆောင်ကာ အင်အား ရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ယနေ့နံနက်ပိုင်းတွင် ထားဝယ်တောင်ပိုင်းစစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ကြောင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံကြောင်းကို ဒေသခံအင်အား ရာနှင့်ချီ ပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ထားဝယ်မြို့ ပေါ်ရပ်ကွက် အချို့တွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆုတောင်းသပိတ် ပြုလုပ်ခဲ့ကြသည်။

• အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ထောက်ခံကြောင်းနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအနာဂတ်အတွက် ရလဒ် ကောင်းများ ဆောင်ကျဉ်းနိုင်မည်ဟု ယုံကြည်ကြောင်း တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်က ထုတ်ပြန်ထားသည်။

• လောင်းလုံ ပင်မသပိတ်စစ်ကြောင်းနှင့် ကျေးရွာသပိတ်စစ်ကြောင်းများ စုပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်မှု အဆုံးသတ်ရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ချောင်းဆုံတွင်လည်း ဒေသခံအချို့က စစ်အာဏာရှင် တော်လှန်သော စာသားပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံတွင် "R2P – NUG” စာသားများကို မုန့်များဖြင့် ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ဘီးလင်းတွင် ယမန်နေ့ ည ၉ နာရီခန့်က ဘီးလင်းရဲစခန်းရှေ့တွင် ဖြတ်သန်းမိသည့်အတွက် အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ကျဆုံးကာ တစ်ဦး ဖမ်းခံခဲ့ရသည်။

• ကျိုက်ထိုတွင် အုပ်ချုပ်ခွင့် မရစေရနှင့် CRPH ထောက်ခံကြောင်းစာသားများပါသည့် ပိတ်စများကို မြို့လယ် ကြော်ငြာဆိုင်းဘုတ်များတွင် ကပ်ထားခြင်း၊ အာဏာရှင်ကျဆုံးစေရမည်ဟု ရေးသားထားသည့် အနီရောင်စာရွက်များကို လမ်းမများ ပေါ်သို့ ကြဲချခြင်းများ ပြုလုပ်၍ စစ်အုပ်စု အလိုမရှိကြောင်း ပြသခဲ့ကြသည်။

• ပေါင်မြို့နယ်တွင် ဒေသခံများက ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး ဆိုင်းဘုတ်များကိုင်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မုဒုံတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော နှင်းဆီသပိတ်ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• လွိုင်ကော်၊ ထေးငှားလျားရပ်ကွက် မိုးရွာသွန်းနေသည့်ကြားကပင် အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ဆင်နွှဲခဲ့သည်။

• မိုင်းလုံရပ်ကွက်တွင် NUG အစိုးရအား ထောက်ခံကြိုဆိုသည့်အနေဖြင့် သပြေပန်းသပိတ် ဆင်နွှဲခဲ့သည်။

• နာနတ်တောရပ်ကွက်တွင် ဒေသခံနှင့် လူငယ်အင်အား ရာနှင့်ချီသော သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင် အလိုမရှိမကြောင်း မိုးရွာသွန်းမှုများကြားကပင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကရင်ပြည်နယ်

• အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကို ထောက်ခံကြောင်းနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်သွားရန် မျှော်လင့်ကြောင်း KNU Concerned Group က ထုတ်ပြန်လိုက်သည်။

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဒေသခံအင်အား ၁၀၀ ကျော်က အကြမ်းဖက်စစ်တပ် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ကို ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• မြစ်ကြီးနား၊ မော်ဖောင်းကျေးရွာအနီးရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ လေတပ်စခန်းသို့ လက်နက်ကိုင်တစ်စုက ယနေ့နက် ၈ နာရီကျော်ခန့်တွင် လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ လက်နက်ကြီးကျည်အချို့ ကျေးရွာအနီး ကျရောက်၍ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး လေတပ်စခန်းလည်း ကျည်သင့်ခဲ့သော်လည်း အပျက်အစီးနှင် ထိခိုက်မှုကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

• ကချင်၊ ဝါရှောင်မြို့အနီး ဝါရှောင်-ချီဖွေ-ကန်ပိုက်တီလမ်းဆုံတွင် ရှိသည့် အကြမ်းဖက်စစ်တပ်စခန်းကို ယနေ့နံနက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က တိုက်ခိုက်သိမ်းယူလိုက်ပြီ ဖြစ်သည်။ တိုက်ပွဲစဖြစ်ပြီး နှစ်နာရီအကြာတွင် သိမ်းယူလိုက်ခြင်းဖြစ်ကာ နှစ်ဖက်ထိခိုက်မှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး ဝါရှောင်မြို့မှာ မြစ်ကြီးနားနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည်။ လက်နက်ကိုင်စစ်တပ်ဘက်က စခန်းကျပြီးနောက် ဝါရှောင်ဘက်သို့ မြစ်ကြီးနားမှ စစ်ကူလွှတ်နေပြီး မြစ်ကြီးနားမြို့ပေါ်၌လည်း စစ်ရဟတ်ယာဉ်များ ပျံသန်းလျက်ရှိသည်။

• မိုးညှင်းတွင် ယနေ့နံနက်ပိုင်းက လူငယ်များက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ဦးအကြိုအဖြစ် မိုးကောင်းမြို့တွင် ဒေသခံများက အိင်္ကျီအဖြူရောင်များ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်း ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ဒေသခံတချို့ကလည်း NUG အစိုးရအား ထောက်ခံကြောင်းကို ရောင်စုံစက္ကူများပေါ်တွင် ရေးသား၍ မြစ်ထဲ လွှတ်သည့် လှုပ်ရှားမှုကိုလည်း ပြုလုပ်ခဲ့ကြသည်။

• ဖားကန့်တွင် တာမခန်မြို့သစ်၊ ဟွေဆိုင်း၊ ဟောင်ပါးနှင့် ခိုမ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စုပေါင်းသပိတ် ပြုလုပ်ခဲ့သည်။

• ရွှေကူမြို့တွင် ဒေသခံများက စစ်အာဏာရှင် ဆန့်ကျင်ကြောင်းကို ရေကြောင်းနှင့် ကုန်းကြောင်း သပိတ်များ ပြုလုပ်၍ ထုတ်ဖော်ပြသခဲ့သည်။

ရှမ်းပြည်နယ်

• သီပေါတွင် မြန်မာ့နှစ်ဆန်းတစ်ရက် ယနေ့ပိုင်းတွင် မိုးရွာသွန်းခဲ့သော်လည်း တန်ခူးတော်လှန်ရေး ဆိုင်းဘုတ်များ ကိုင်ကာ အင်အားရာနှင့်ချီသည့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့်မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
• ကျောက်မဲတွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် ဒေသခံများက ဆိုင်ကယ်သပိတ်များ ပြုလုပ်ဆင်နွှဲခဲ့သည်။

နေပြည်တော်

• အာဏာသိမ်းစစ်အုပ်စု အခြေချနေသည့် နေပြည်တော်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဖော်ထုတ်သည့် မုန့်လုံးရေပေါ်သပိတ် ပြုလုပ်ခဲ့သည်။

ဧပြီ ၁၇ သုံးသပ်ချက်

• နှစ်ဆန်းတစ်ရပ်နေ့ ဖြစ်သော်လည်း ပုံစံမျိုးစုံဖြင့် သပိတ်များ ဆက်လက်အားကောင်းဆဲဖြစ်ပြီး သပိတ်တိုင်းလိုလိုတွင် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထောက်ခံကြောင်း ဆိုင်းဘုတ်ကိုင်ကာ ကြွေးကြော်သံများလည်း ပြောင်းလဲလာသည်။ ထို့ပြင် မြို့နယ်အတော်များများတွင် ပေါက်ကွဲမှုများ ဆက်တိုက်ရှိနေကာ အကြမ်းဖက်စစ်တပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာရသည်အထိ ပြင်းထန်လာခဲ့သည်။ စစ်တပ်ဘက်က ဖမ်းဆီးမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိကာ အသွား အလာစစ်ဆေးမှုများကိုလည်း ပိုက်စိတ်တိုက် လုပ်လာနေသည်။ လူအင်အား ထောင်နှင့်ချီ သပိတ်များ ဖြိုခွဲစဉ်က ထားရှိသည့် လုံခြုံရေးအစီအမံများထက် ပိုမို၍ လုပ်ဆောင်လာလျက်ရှိပြီး စစ်တပ်ဘက်တွင် မလုံခြုံမှု ရှိနေသည်ကို သိသာစေသည်။

• မန္တလေးတွင် သပိတ်များ အားကောင်းဆဲနည်းတူ အကြမ်းဖက်စစ်အုပ်စု ဒေါက်တိုင် အဆောက်အဦများတွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်လာနေသည်။ မြို့ပေါ်ရပ်ကွက်အချို့တွင် လုံခြုံရေးအတားအဆီး ကျန်ရှိနေသေးပြီး သပိတ်များ အားကောင်းနေသည့်အတွက် စစ်တပ်ဘက်က အင်အားသုံးဖြိုခွင်းရန် အခက်တွေ့နေပြီး အိမ်စီးကားနှင့် အရပ်ဝတ်လက်နက်ကိုင်များ အသုံးပြုဖြိုခွဲသည့် ပုံစံကို ဆက်လက်သုံးနေနိုင်ဖွယ် ရှိသည်။ ထူးခြားချက်အနေဖြင့် စစ်တပ် ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီအမာခံများဘက်တွင် လှုပ်ရှားမှုအချို့ ရှိလာနေပြီး ၎င်းတို့ကို ရပ်ကျေးအုပ်ချုပ်ရေးအပိုင်းများတွင် နေရာပေး ခိုင်းစေလာနိုင်ဖွယ် ရှိသည်။

• ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပ အခြားသော တိုင်း/ပြည်နယ်ရှိ မြို့ကြီးနှင့် နယ်မြို့များတွင် သပိတ်များမှာ အားကောင်းကောင်းဖြင့် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး မြို့ကြီးများ ထိန်းချုပ်နိုင်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် ရင်ဆိုင်တိုက်ပွဲများကြောင့် အင်အားသုံး ဖြိုခွင်းခြင်းများကို လတ်တလောတွင် လုပ်ဆောင်နိုင်ခြင်း မရှိနိုင်သေးပေ။ သို့သော် သပိတ်တိုက်ပွဲ ဆင်နွှဲနေသူများအနေဖြင့် မိမိဒေသအတွင်း သတင်းပေးများ၏ အန္တရာယ်ကို သတိချပ်ကြရန် လိုအပ်သည်။

• အကြမ်းဖက်စစ်တပ်အနေဖြင့် ဘက်ပေါင်းစုံ ထိုးနှက်မှုများကြောင့် အခက်တွေေ့နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဖွဲ့စည်းလိုက်သည့်အတွက် နိုင်ငံတကာမျက်နှာစာတွင်ပါ အကျပ်တွေ့နေပြီ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပခရီးစဉ်မထွက်ဘဲ ရှိနေသည့် အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ယင်းဖိအားများ ကြောင့် လာမည့် ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာတွင် ပြုလုပ်မည့် အာဆီယံအစည်းအဝေးသို့ ကိုယ်တိုင် တက် ရောက်မည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လာနေပြီ ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly