ရှမ်းပြည်တွင်း တိုက်ပွဲများ ရပ်ပေးရန် ရန်ကုန်လူငယ် ကွန်ယက် တောင်းဆို

ရှမ်းပြည်တွင်း တိုက်ပွဲများ ရပ်ပေးရန် ရန်ကုန်လူငယ် ကွန်ယက် တောင်းဆို

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ လုံးဝရပ်တန့်ပေးရန် ရန်ကုန် လူငယ်ကွန်ရက်နှင့် ရှမ်း လူငယ်အဖွဲ့အစည်းမျာက တောင်းဆိုလိုက်သည်။ နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းက ရန်ကုန်မြို့  မြေနီကုန်းလမ်းဆုံ အနီးတွင်ပြုလုပ်သည့် စစ်ပွဲများ ရပ်တန့်ပေးရေး လှုပ်ရှားမှုတွင် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

" အခု ရှမ်းပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို လုံးဝရပ်တန့်ပေးပါ။ ဒီစစ်ပွဲတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ သေးဆုံးနေရတယ်၊ အမျိုးသမီးတွေ ကလေးငယ်တွေကအစ ထွက်ပြေး တိမ်းရှောင် နေရတယ်။အဲဒါကြောင့် နှစ်ဖက်စလုံးကိုပြောချင်ပါတယ်။ စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးပါ"ဟု ရန်ကုန်လူငယ်ကွန်ရက်မှ ကိုဇေလင်းက ပြောသည်။

အဆိုပါလှုပ်ရှားမှုတွင် စစ်ပွဲများ ရပ်တန့်ပေးရေးလူထု လက်မှတ်ကောက်ခံခြင်းများ၊ စစ်ဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းရန် အလှူငွေ ကောက်ခံခြင်များ၊ အသံတိတ် သရုပ်ပြခြင်းများ လုပ်ဆောင်ခဲ့သည်။

"ကျွန်တော်က ရှမ်းလူငယ် တစ်ယောက်ပဲလေ၊ အခုကျွန်တော်တို့ ရှမ်းပြည်မှာ စစ်ပွဲတွေကြောင့်ဒုက္ခတွေ ရောက်နေကြတယ်။ စစ်ပွဲတွေ ရပ်ပြီး စားပွဲဝိုင်းပေါ် အမြန်ဆုံး သွားကြပါ။ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ လုပ်ကြပါ"ဟု လှုပ်ရှားမှုတွင် ပါဝင်သည့် ကိုစိုင်းပေါင်ကပြော သည်။

ရှမ်းပြည်နယ်အတွင်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများမှာ လားရှိုး မြို့ပေါ်တွင် ၁၀၇ ဦး၊ ဝမ်၀ စစ်ဘေးရှောင်စခန်းတွင် ၁၁၀၀ဦး၊ ဟိုင်းပါတွင် ၁၅၀၀ဦး၊ မိုင်းရှုးတွင် ၁၅၀၀ဦး၊ တောင်ကြီးတွင် ၁၃၀ဦး ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရှမ်းလူငယ် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

စစ်ပွဲများရပ်တန့်ပေးရန် ပြည်သူများလက်မှတ်ရေးထိုးမှု လှုပ်ရှားမှုကို နိုဝင်ဘာလ ကုန်ပိုင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားလှုပ်ရှားမှုများကိုလည်း လူငယ်အဖွဲ့အစည်းများနှင့် တိုင်ပင်ကာ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကိုဇေလင်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ ယခုထိ အစိုးရစစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်အစောပိုင်းက SSPP/SSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း တစ်နိုင်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး မပါဝင်သဖြင့် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags