အမေရိကန်သမ္မတနှင့် ဂျပန်၀န်ကြီးချုပ် အိမ်ဖြူတော်၌ တွေ့ဆုံစဥ် တရုတ်၏ လုပ်ရပ်များအပေါ် သတိပေးပြောဆိုခဲ့

အမေရိကန်သမ္မတနှင့် ဂျပန်၀န်ကြီးချုပ် အိမ်ဖြူတော်၌ တွေ့ဆုံစဥ် တရုတ်၏ လုပ်ရပ်များအပေါ် သတိပေးပြောဆိုခဲ့
Photo - AFP

ဧပြီ ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နိုင်ငံသို့ ရောက်ရှိလာခဲ့သော ဂျပန်၀န်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါကို ဧပြီ ၁၆ ရက်က အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံခဲ့ကြပြီး အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် တရုတ်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး သတိပေးစကား အတူတကွ ပြောဆိုခဲ့ကြောင်း သိရသည်။

ဒေသတွင်း၌ တရုတ်၏ မိမိကိုယ်ကိုယ် ယုံကြည်လွန်းသော လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး အမေရိကန်နှင့် ဂျပန်တို့၏ ခေါင်းဆောင်များက အတူတကွ သတိပေးသွားခဲ့သည်။

“ဒေသတွင်းမှာ အခြားသူတွေကို ခြိမ်းခြောက်ဖို့နဲ့ အရှေ့နဲ့ တောင် တရုတ် ပင်လယ်တွေမှာ ရှိရင်းစွဲ အခြေအနေကို ပြောင်းလဲစေဖို့ အင်အားသုံးပြီးဖြစ်စေ ဒါမှမဟုတ် အကျပ်ကိုင်ပြီးဖြစ်စေ ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်ဖို့ မိမိတို့ သဘောတူခဲ့ကြပါတယ်” ဟု ဆုဂါက ဘိုင်ဒင်နှင့်အတူ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ဂျပန်၀န်ကြီးချုပ် ဆုဂါသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက် အမေရိကန်သို့ ပထမဆုံးလာရောက်သော ပြည်ပခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ဂျပန် စီမံထိန်းချုပ်သည့် ဆန်ကာကူ ကျွန်းစုများကို လွှမ်းခြုံသော အမေရိကန်-ဂျပန် လုံခြုံရေး သဘောတူစာချုပ်ကိုလည်း ဘိုင်ဒင်က ထပ်လောင်းအတည်ပြုခဲ့သည်ဟု ဆုဂါက ပြောသည်။

ပေကျင်းသည် ဆန်ကာကူကျွန်းစုကို ဒိုင်အိုယုကျွန်းစုဟု ခေါ်ပြီး ယင်းဧရိယာတွင် လှုပ်ရှားမှုများ တိုးမြင့်လုပ်ဆောင်ထားခဲ့သည်။

အမေရိကန်သမ္မတ ဘိုင်ဒင်ကလည်း ဂျပန်နှင့်အကြား ခိုင်မာသည့် မဟာမိတ်ဖြစ်မှုကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။

“မြောက်ကိုရီးယား အရေးအပြင် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်တို့လို ကိစ္စရပ်တွေ၊ နောက် တရုတ်ဆီက စိန်ခေါ်မှုတွေ နဲ့ပတ်သက်လို့ အတူတကွ ကိုင်တွယ်ရင်ဆိုင်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်” ဟု ဘိုင်ဒင်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required