တောင်ကိုရီးယားက မြန်မာရှိ အခြေခံအဆောက်အအုံ စီမံကိန်းများကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းထား

တောင်ကိုရီးယားက မြန်မာရှိ အခြေခံအဆောက်အအုံ စီမံကိန်းများကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းထား
Citizens of Myanmar protest on the streets of Yangon on Feb. 11. (AFP-Yonhap)

ဧပြီ ၁၇

မြန်မာနိုင်ငံ၏ အခြေအနေများအပေါ် တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားအစိုးရသည် မြန်မာရှိ အစိုးရအခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ခြင်းကို လာမည့်နှစ်အထိ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ထား‌ကြောင်း သတင်းရင်းမြစ်တစ်ဦးက The Korea Herald ကို ဧပြီ ၁၆ ရက်တွင် ပြောခဲ့သည်။

“တောင်ကိုရီးယား စီးပွားရေးနဲ့ ဘဏ္ဍာရေး၀န်ကြီးဌာနဟာ ကိုရီးယား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (EDCF) ကနေတဆင့် မြန်မာစစ်အစိုးရရဲ့ အခြေခံအဆောက်အအုံ စီမံကိန်းသစ်တွေအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို ယာယီ ရပ်ဆိုင်းထားလိုက်ပါပြီ” ဟု ကိုရီးယား ပို့ကုန်သွင်းကုန်ဘဏ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

“စစ်တပ်အာဏာသိမ်းမှု မတိုင်မီ ကာလကြာကတည်းက ရှိခဲ့တဲ့ မြန်မာအတွက် ရှိရင်းစွဲ EDCF လုပ်ငန်းတွေကို ရပ်ထားမလား ဆိုတာနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပါတယ်၊ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ ခုထက်ထိ ဘာမှတော့ အတည်မပြုရသေးပါဘူး” ဟု ၎င်းက ပြောသည်။

EDCF သည် ဆင်းရဲပြီး ဖွံ့ဖြိုးမှု နည်းပါးသော နိုင်ငံများကို အတိုးနှုန်းနည်း ချေးငွေများ ထုတ်ပေးခြင်းဖြင့် အကူအညီပေးရန် ၁၉၈၇ ခုနှစ်တွင် ထူထောင်ခဲ့သည့် နိုင်ငံပိုင်ရန်ပုံငွေတစ်ရပ်ဖြစ်သည်။ ယင်းကို တောင်ကိုရီးယား ဘဏ္ဍာရေး၀န်ကြီးဌာနက စီမံခန့်ခွဲသည်။

“EDCF ကနေ ငွေကြေးထောက်ပံ့တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းသစ်တွေကို အားပေးထောက်ကူမှုအပိုင်းနဲ့ပတ်သက်လို့ မြန်မာနဲ့အကြား ဆွေး‌နွေးမှုတွေကို တောင်ကိုရီးယားအစိုးရဘက်က ယာယီဆိုင်းထားပါတယ်” ဟု ဘဏ္ဍာရေး၀န်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောခဲ့သည်။ နောက်ထပ် အသေးစိတ်အချက်အလက်များကို ၎င်းက ထပ်မံပြောဆိုခဲ့ခြင်းတော့ မရှိပေ။

၂၀၁၉ ခုနှစ် စက်တင်ဘာလက တောင်ကိုရီးယားအစိုးရသည် မြန်မာနှင့်အကြား ယင်း၏ လက်ရှိ EDCF သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီး အမျိုးမျိုးသော အခြေခံအဆောက်အအုံ စီမံကိန်းများကနေတဆင့် စက်မှုလုပ်ငန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူပံ့ပိုးရန် အရှေ့တောင်အာရှ မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ်အထိ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ချေးငွေများ ထောက်ပံ့ပေးအပ်မည်ဟု ကတိပြုထားခဲ့သည်။

သဘောတူညီချက်အရ EDCF ပရောဂျက်များကို စီမံသော ဘဏ္ဍာရေး၀န်ကြီးဌာနအောက်တွင် ကိုရီးယား ပို့ကုန်သွင်းကုန်ဘဏ်သည် မြန်မာတွင် ကိုရီးယား-မြန်မာ စက်မှုဇုန်တစ်ခု ကူညီထူထောင်ရန် ၀မ်ငွေ ၇၀ ဘီလီယံ (ဒေါ်လာ ၆၂ ဒသမ ၇၉ သန်း) ချေးငွေတစ်ရပ်ကို ကမ်းလှမ်းပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

၂၀၂၄ တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားသော အဆိုပါ စက်မှုဇုန်ကို ‌တောင်ကိုရီးယားအစိုးရပိုင် ကိုရီးယား မြေနှင့် အိမ်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး၀န်ကြီးဌာနတို့က ရန်ကုန်မြို့၏မြောက်ဘက် မြို့တစ်မြို့တွင် ပူးပေါင်းတည်ထောင်သွားရန် ရှိနေခဲ့သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုသည် အာဏာသိမ်းမှုမတိုင်မီ စတင်ထားခဲ့သော အခြေခံအဆောက်အအုံ ပရောဂျက်များကို ဆက်လုပ်မည်လား ဆိုသည်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ထားခြင်း မရှိရာ စက်မှုဇုန်အပါအ၀င် ကိုရီးယားအစိုးရ ပံ့ပိုးထားခဲ့သော လက်ရှိ ပရောဂျက်များနှင့်ပတ်သက်ပြီး မရေရာမှုများ ဖြစ်စေကြောင်း တောင်ကိုရီးယားဘဏ္ဍာရေး၀န်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly