သုံးမြှောင့်ပုံ မှန်ကွန်ကွက်ထဲက ရောင်စုံတဲ့ နွေဦးတော်လှန်ရေး

By ထွဏ်းမောင်
16 April 2021
သုံးမြှောင့်ပုံ မှန်ကွန်ကွက်ထဲက ရောင်စုံတဲ့ နွေဦးတော်လှန်ရေး

ဧပြီ ၁၆ 

ကျနော်ကတော့ တော်လှန်ရေး ဆိုတဲ့ စကားစုကို အခုလိုပဲ အဓိပ္ပာယ်ဖွင့်လေ့ ရှိတယ်။ “အများလက်မခံတဲ့ စနစ်တစ်ခုကို ကာကွယ်နေသူတစ်စုကို အများလက်ခံတဲ့ စနစ်တစ်ခုဖြစ်ဖို့ ဖိနှိပ်ခံတွေက အာခံတွန်းလှန်ခြင်း" ပဲ။ တော်လှန်ရေးဟာ ပုံစံမျိုးစုံရှိသလို တော်လှန်ရေးတခုကနေ နောက်တခုကို ဆင့်ကဲဖြစ်တဲ့ တော်လှန်ရေးဆိုတာလည်း ရှိပါတယ်။ တော်လှန်ရေးဆိုတာ နေရာတိုင်း၊ ကဏ္ဍတိုင်းမှာ ရှိသလို နိုင်ငံနဲ့ချီတဲ့ တော်လှန်ရေးဆိုတာလည်း ရှိပါတယ်။

တော်လှန်ရေးအများစုဟာ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ အကြမ်းမဖက် ပြီးဆုံးသွားတတ်သလို အချို့သော တော်လှန်ရေးတွေဟာ ဒီမိုကရေစီနည်းနဲ့ ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ကြလေ့ ရှိပါတယ်။ ဒီနေရာမှာ လက်နက်ကိုင်ကကော တော်လှန်ရေးပဲလား စောဒကတက်သူ တွေ ရှိနိုင်ပါတယ်။ မှန်ပါတယ်။ လက်နက်ကိုင်တာဟာလည်း တော်လှန်ရေးတစ်မျိုးပါပဲ။ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ ရရဲ့လား အကြမ်းဖက်ဖိနှိပ်လာရင်တော့ မိမိကိုယ်ကို ခုခံဖို့အတွက် လက်နက်ကိုင်သင့်ရင် ကိုင်ရမှာပဲ။ အခြားနည်းနဲ့ ဖြေရှင်းလို့ မရခဲ့ရင်တော့ လက်နက်ကိုင်ခြင်းဟာလည်း တော်လှန်ရေးပါပဲ။

"တော်လှန်ရေး" ဆိုတဲ့ စကားသံကို ကြားရုံနဲ့ ရွံသူ၊ ကြောက်သူ၊ အော့နှလုံးနာသူတွေ ရှိကြပါတယ်။ တစ်ဖက်မှာလည်း မြတ်နိုးသူ၊ ယုံကြည်သူ၊ ပီတိလွှမ်းသူတွေ ရှိကြပါတယ်။ တော်လှန်ရေး ရွံသူ၊ ကြောက်သူ၊ အော့နှလုံးနာသူတွေဟာ လူ့ဘောင်လောကနဲ့ မသက်ဆိုင်၊ လူ့ဘောင်အပြင်ဘက်ကို ရောက်နေတဲ့ လူရှော်တွေသာ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် တော်လှန်ရေးဆိုတာ ကမ္ဘာနဲ့ ချီပြီး အချိန်တိုင်း ဖြစ်နေတဲ့ ပြောင်းလဲဖြစ်စဉ်ကြောင့်ပါပဲ။

လူ့ဘောင်လောကနဲ့ မဆိုင်၊ လူ့ဘောင်အပြင်ဘက် ရောက်သူတွေထက် ဆိုးတာကတော့ ပြောင်းလဲတိုးတက်မှုနောက် မလိုက်ဘဲ အဟောင်းအမြင်းမှာ သာယာတဲ့၊ စနစ်ဟောင်းမှာပဲ ပျော်မွေ့လိုတဲ့ သူတွေပါ။ ဒီလူတွေဟာ တော်လှန်ရေးဆိုတဲ့ စကား နားဝမှာတောင် မကြားလိုသူတွေ။ အဆင့်လိုက် ပြောင်းလဲနေတဲ့ တော်လှန်ရေးဖြစ်စဉ်ကို အလွဲသုံးစားလုပ် ဖျက်ဆီးပြီး ကိုယ်ကျိုးရှာ လုပ်စားချင်သူတွေ။ တော်လှန်ရေးကို အလွဲသုံးစား လုပ်တဲ့နေရာမှာလည်း သိသိချည်းနဲ့ အလွဲသုံးစားလုပ်သူ၊ သူများ စည်းရုံးလို့ ရောယောင် အလွဲသုံးစားလုပ်သူဆိုပြီး ခွဲခြားနိုင်ပါတယ်။

သူများစည်းရုံးလို့ ရာယောင်သူတွေဟာ တစ်ချိန်မှာ တော်လှန်ရေးလမ်းမှန်ပေါ် တက်လာနိုင်ပါသေးတယ်။ ကုဖို့ ဆေး ရှိသေးသူတွေ ပါ။ သိလျက်နဲ့ အလွဲသုံးစားလုပ်သူတွေကတော့ သိလျက်နဲ့ လမ်းမှားလိုက်သူလို့ ပြောရပါမယ်။ လမ်းမှားကိုပဲ သိသိချည်းနဲ့ လျှောက်ရင်း တချိန်မှာ ချောက်ထဲကျမှာပါ။ ချောက်ထဲကျပြီဆိုရင်တော့ သူတို့အတွက် ပြန်လမ်းမရှိတော့ပါဘူး။ တစ်လမ်းသွား သက်သက် သာ ဖြစ်သွားပါပြီ။

တော်လှန်ရေးမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ ဘာသာအယူဝါဒ တော်လှန်ရေး၊ လူမှုတော်လှန်ရေး၊ စီးပွားတော်လှန်ရေး၊ အုပ်ချုပ်မှု တော်လှန်ရေး၊ အတွေးအခေါ် တော်လှန်ရေး၊ စက်မှုတော်လှန်ရေး၊ လူတန်းစားတော်လှန်ရေး စသဖြင့် အမျိုးစုံပါတယ်။

ဒါပေမဲ့ ဒီတော်လှန်ရေးတွေဟာ သီးခြားစီ တည်ရှိနေတာ မဟုတ်ဘဲ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာ နှလုံးသွင်းထားဖို့ လိုအပ်ပါတယ်။ နိုင်ငံနဲ့ချီတဲ့ တော်လှန်ရေးမှာ ဒီလို ဖောက်ပြန်သူတွေ ကျဆုံးပြီး တခြားသူတစ်စုက နိုင်ငံရေးအာဏာ ယူ၊ အစိုးရတက်လုပ်ရုံနဲ့ တော်လှန်ရေး မမည်ပါဘူး။ အချိန်တိုင်း ပြောင်းလဲနေတဲ့ တော်လှန်ရေးဖြစ်စဉ်ကို အမီလိုက်နေ၊ လုပ်နေနိုင်မှသာ တော်လှန်ရေးစစ် စစ်လို့ ဆိုနိုင်မှာ ဖြစ်တယ်။

ဒီကနေ့ မြန်မာ့နွေဦး တော်လှန်ရေးဟာလည်း တော်လှန်ရေးပေါင်းစုံ စုဖွဲ့ထားတဲ့ တော်လှန်ရေးကြီးပါ။ စစ်အာဏာရှင်စနစ် အပြီးတိုင်း ပျက်သုန်းဖို့ ကြိုးစားတဲ့ လူထုတော်လှန်ရေး၊ စစ်အာဏာရှင်စနစ် ဒေါက်တိုင်မှန်သမျှ အပြီးတိုင်ဇာတ်သိမ်းပေးဖို့ ကြိုးစားတဲ့တော်လှန်ရေး၊ လူတစ်အုပ်စု အာဏာတည်မြဲရေးကို အဆုံးသတ်ဖို့ ကြိုးစားတဲ့ ဒီမိုကရေစီတော်လှန်ရေး၊ တတိုင်းပြည်လုံး လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်မြောက်ရေး ကြိုးစားတဲ့ တော်လှန်ရေး၊ လူထုအာဏာကို လူထုဆီက သက်ဆင်းတယ်ဆိုတာကို သက်သေပြဖို့ ကြိုးစားတဲ့ တော်လှန်ရေး၊...၊ တော်လှန်ရေးပေါင်းစုံ စုထားတဲ့ နွေဦး တော်လှန်ရေး။

မြန်မာ့အပြောင်းအလဲကို ဖော်ဆောင်မယ့် နွေဦးတော်လှန်ရေးမှာ သိသိချည်းနဲ့ ဖောက်ပြန်နေတာက မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စု လက်တစ်ဆုပ်စာပါ။ အဲဒီလက်တစ်ဆုပ်စာမှာ အရိုးအရင်းကိုက်ရဖို့ မာန်ဖီပြနေတဲ့ စစ်အုပ်စု အိမ်စောင့်ခွေးတစ်သိုက်လည်း ပါပါတယ်။ ဒီလူတွေထဲမှာ အာဏာ၊ ငွေ၊ လုပ်ပိုင်ခွင့် ဗန်းပြလို့ ဖောက်ပြန်လမ်းဟာ လမ်းမှန်ထင်ပြီး မှားတဲ့သူတွေလည်း ရှိပါသေးတယ်။ ဒီလူတွေက လူထုရဲ့ အရောင်အသွေးစုံတဲ့ နွေဦးတော်လှန်ရေးကို မယုံကြည်ဘဲ ကန့်လန့်တိုက် ဘေးထိုင်၊ ဘုပြောနေတဲ့ သူတွေပါ။ နွေဦးတော်လှန်ရေး ရောင်နီပျိုးတာနဲ့ "ဝါး" သမ်းပြီး အိမ်ရှေ့ထွက် လက်ဆန့်တန့်ကြမယ့် ဖောက်ပြန်သူတွေပါ။ ဒီလိုလူတွေ ဟာ စစ်အုပ်စု လက်တစ်ဆုပ်စာထဲတင် မဟုတ်ပါဘူး။ တော်လှန်သော အစုအဖွဲ့ထဲမှာလည်း ရှိနေတဲ့ ဖောက်ပြန်ရေးသမားတွေပါ။ ဒီလူတွေက ဇိဝိန်ချုပ် ဇာတ်သိမ်းပေးဖို့ပဲ လိုပါတော့တယ်။

နွေဦးတော်လှန်ရေးဟာ သုံးမြှော့င့်ပုံ မှန်ပြွန်ပြောင်းထဲက ရောင်စုံစက္ကူ စတွေလို လှည့်ကြည့်လိုက်တိုင်းမှာ ပုံစံအမျိုးမျိုး ပြောင်းပြရင်း ဖောက်ပြန်သူတွေကို ပုံစံပေါင်းစုံနဲ့ တွန်းလှန်နေပါပြီ။ ဒီနွေဦးတော်လှန်ရေးဟာ ခေတ်အဆက်ဆက်မှာ နည်းပေါင်းစုံနဲ့ ဖောက်ပြန်အသက်ရှင်နေသူ မှန်သမျှကို တပြိုင်နက်တည်း တော်လှန်နေပါပြီ။ နွေဦးတော်လှန်ရေးဟာ လူမှုရေးတော်လှန်မှု၊ စီးပွားရေးတော်လှန်မှု၊ ဉာဏ်သစ်/အမြင်သစ် တော်လှန်မှု၊ ချိုးကပ်နေတဲ့ စနစ်ဟောင်းနဲ့ ဖောက်ပြန်သူမှန်သမျှကို အမြစ်ဖြုတ်မယ့် တော်လှန်မှု စတာတွေ ပေါင်းစည်းထားတဲ့ လူထုတော်လှန်ရေးပါ။ လူထုအာဏာဟာ လူထုလက်ထဲမှာ ဆိုတဲ့ အတိအလင်း ဖော်ပြလိုက်တဲ့ တော်လှန်ရေး။ တော်လှန်သူတွေ လက်နဲ့ပဲ နိုင်ငံ့အနာဂတ်ကို ပုံဖော်ထုဆစ်မယ့် နွေဦးတော်လှန်ရေး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly