ကက်ရှ်မီးယားအခက်အခဲကို ကျော်လွှားရန် အိန္ဒိယနှင့် ပါကစ္စတန် လျှို့ဝှက်စည်းဝေး

By News 18.com
16 April 2021
ကက်ရှ်မီးယားအခက်အခဲကို ကျော်လွှားရန် အိန္ဒိယနှင့် ပါကစ္စတန် လျှို့ဝှက်စည်းဝေး

အိန္ဒိယနှင့် ပါကစ္စတန်မှ ထိပ်တန်းထောက်လှမ်းရေးအရာရှိများသည် ကက်ရှ်မီးယားဒေသတွင် စစ်ရေးတင်းမာမှုများကို လျော့ချရန် ကြိုပမ်းမှုအသစ်အနေဖြင့် ဇန်နဝါရီလက ဒူဘိုင်းတွင် လျှို့ဝှက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများကဒေလီရှိ Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

အသက် ၂၂ နှစ်အရွယ် အသေခံဗုံးခွဲသမားတစ်ဦးက လက်လုပ်ဗုံးများသယ်ဆောင်လာသည့် ယာဉ်ဖြင့် လုံခြုံရေးယာဉ်တန်းအား အတင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် ဗဟိုအရံရဲတပ်ဖွဲ့ (CRPF) မှ ရဲ (၄၀) သေဆုံးခဲ့ရသည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က ပူဝါမာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နျူကလီယား လက်နက်တပ်ဆင်ထားသည့် ပြိုင်ဘက်နိုင်ငံနှစ်ခု၏ ဆက်ဆံရေး အေးခဲသွားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ပါကစ္စတန်အခြေစိုက် Jaish-e-Mohammed (JeM) အကြမ်းဖက်အဖွဲ့က ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်မှုအပြီး ၁၂ ရက်အကြာ ဖေဖော်ဝါရီ ၂၆ ရက် အားလပ်ရက်၌ အိန္ဒိယလေတပ်ဂျက်လေယာဉ်များသည် ပါကစ္စတန်နိုင်ငံ ၊ ခီဘာ ပက်ခ်တွန်ခဝါရှိ ဘာလာကော့မှ ဂျေအမ် စခန်းကို ဗုံးကြဲခဲ့သည်။

လအနည်းငယ်ကြာပြီးနောက်၊ အိန္ဒိယဗဟိုအစိုးရက ဂျမူးနှင့် ကက်ရှ်မီးယားကို အထူးအခွင့်အရေးပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၀ ကိုဖျက်သိမ်းလိုက်ခြင်းကြောင့် ပါကစ္စတန်က ဒေါသအမျက်ထွက်ခဲ့ပြီး သံတမန်အဆက်အသွယ်များ အဆင့်လျော့ချခဲ့ပြီးကာ နှစ်နိုင်ငံကုန်သွယ်ရေးကို ဆိုင်းငံ့ခဲ့သည်။

သို့သော်လာမည့်လများအတွင်းဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် အဆင်ပြေစေနိုင်မည့်လမ်းပြမြေပုံအတွက် လျှို့ဝှက်သံတမန်နည်းလမ်းကို နှစ်ဖက်အစိုးရများက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ယင်းပုဂ္ဂိုလ်များက ဆိုသည်။

ကက်ရှ်မီးယားသည် အိန္ဒိယနှင့် ပါကစ္စတန်အကြား ကာလကြာရှည်စွာကတည်းက အငြင်းပွားနေသော နေရာဖြစ်သည်။ နှစ်နိုင်ငံစလုံးက ဒေသတစ်ခုလုံးကိုပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားနေသော်လည်း တစ်စိတ်တစ်ပိုင်းစီတွင်သာ အုပ်ချုပ်စိုးမိုးနိုင်ကြသည်။

ပြင်ပထောက်လှမ်းရေးအေဂျင်စီဖြစ်သော အိန္ဒိယ၏ သုတေသနနှင့်ခွဲခြမ်းစိတ်ဖြာလေ့လာရေးဌာနမှ ဝန်ထမ်းများနှင့် ပါကစ္စတန် အပြန်အလှန်စောင့်ကြည့်ရေး ထောက်လှမ်းရေးအဖွဲ့မှ အရာရှိများသည် အာရပ်စော်ဘွားများအစိုးရမှ စီစဉ်ပေးသော အစည်းအဝေးတစ်ခုအတွက် ဒူဘိုင်းသို့ ထွက်ခွာသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly