တရုတ်၏ ခြိမ်းခြောက်မှု ဆိုးရွားလာကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ ဖော်ပြ

By Zee News
16 April 2021
တရုတ်၏ ခြိမ်းခြောက်မှု ဆိုးရွားလာကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ ဖော်ပြ

တရုတ်က ဩဇာကြီးထွားစေရန် တိုးချဲ့လုပ်ဆောင်လာခြင်းသည် အမေရိကန်ကို ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေကြောင်း အရေးကြီးသည့် နှစ်ပတ်လည် ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရုရှားနှင့် တရုတ်အစိုးရတို့က နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြောင်းလည်း ယင်းအစီရင်ခံစာတွင် သတိပေးထားသည်။ ထောက်လှမ်းရေးအဖွဲ့အစည်း၏ တွေ့ရှိချက်များကို အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ထောက်လှမ်းရေးဆိုင်ရာ အဖွဲ့များက ယခုသီတင်းပတ် နှောင်းပိုင်းတွင် စစ်ဆေးကြားနာမည် ဖြစ်သည်။

ကမ္ဘာ့အနှံ့မှ ခြိမ်းခြောက်မှုများနှင့် သက်ဆိုင်သည့် အစီရင်ခံစာအား နှစ်စဉ် ထုတ်ပြန်လေ့ရှိသော် လည်း သမ္မတထရမ့် အစိုးရသည် အဆိုပါ အစီရင်ခံစာကို ၂၀၁၉ ခုနှစ်က နောက်ဆုံး ထုတ်ပြန်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မထုတ်ပြန်ခဲ့ပေ။

“ကပ်ရောဂါ ဖြစ်ပွားမှုရှိနေသော်လည်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကို ထိခိုက်စေရန် တရုတ်၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားအစိုးရများက လုပ်ဆောင်နေကြောင်း၊ တရုတ်သည် အနီးဆုံးပြိုင်ဖက်ဖြစ်ပြီး အမေရိကန်အား စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာအစရှိသည့် နယ််ပယ်များတွင် ခြိမ်းခြောက်မှုများ လုပ်ဆောင်ကာ ကမ္ဘာ့စံနှုန်းများကို ပြောင်းလဲရန် လုပ်ဆောင်နေသည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

“ရုရှားသည် အမေရိကန်အစိုးရအား နည်းပညာနှင့် အင်အားအသုံးပြုကာ ကမ္ဘာ့အနှံ့ ဖြစ်နိုင်သည့် နေရာမှ ဆန့်ကျင်နေကြောင်း၊ အီရန်သည် ဒေသတွင်း ခြိမ်းခြောက်မှုများကို ဆက်လက် လုပ်ဆောင် နေကြောင်းနှင့် မြောက်ကိုရီးယားသည် ဒေသတွင်းနှင့်ကမ္ဘာ့အခင်းအကျင်းတွင် အဖျက်လုပ်ရပ်များ လုပ်ဆောင်နေသည်” ဟု လည်း အစီရင်ခံစာတွင် ရေးသားထားသည်။

နယူးယောက်တိုင်းမ်သတင်းစာတွင် တရုတ်သည် ခြိမ်းခြောက်မှု အဆိုးရွားဆုံးနိုင်ငံများ စာရင်းတွင် ထိပ်ဆုံးမှ ဖြစ်ပြီး ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့လည်း အဆိုပါနိုင်ငံများ စာရင်းတွင် ပါဝင်သည်။

တရုတ်၏ မဟာဗျူဟာသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအကြား သပ်လျှို သွေးခွဲရန်ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

တရုတ်အစိုးရသည် ဒေသတွင်း ခြိမ်းခြောက်မှုလုပ်ဆောင်နေပြီး တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှု ပိုမိုမြင့်တက်လာကြောင်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

တရုတ်အနေဖြင့် ထိုင်ဝမ်နှင့် ပူးပေါင်းရေးကို ဖိအားပေး နေပြီး ထိုင်ဝမ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် လုပ်ဆောင်နေသည့် အမေရိကန်အစိုးရကို ပြစ်တင်ဝေဖန်ခဲ့သည်။

“ပြန်လည်ပေါင်းစည်းရေးအတွက် ထိုင်ဝမ်အာဏာပိုင်များကို တရုတ်အစိုးရက ဖိအားပေးလိမ့်မည်ဖြစ်ကြောင်းနှင့် အမေရိကန်နှင့် ထိုင်ဝမ်ဆက်ဆံရေး တိုးမြင့်လာမှုကို ပြစ်တင် ရှုတ်ချပါလိမ့်မယ်။ တရုတ်က ထိုင်ဝမ်အနီး စစ်ရေး လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး တိုင်ပေအနေဖြင့် နိုင်ငံတကာတွင် အထီးကျန်စေရန်နှင့် ပြည်မကြီးအပေါ် စီးပွားရေးနှင့် ကြွယ်ဝမှုတို့အတွက် အားထားစေရန် တရုတ်အစိုးရက တိုးမြှင့် လုပ်ဆောင်ပါက မသင့်မြတ်မှုများ ပိုမိုဆိုးရွားလာမည်ဟု ခန့်မှန်းနိုင်သည်”ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly