အမေရိကန်က ရုရှားအပေါ် ဒဏ်ခတ်အရေးယူပြီး သံတမန်များကို နှင်ထုတ်

အမေရိကန်က ရုရှားအပေါ် ဒဏ်ခတ်အရေးယူပြီး သံတမန်များကို နှင်ထုတ်
Photo - AFP

ဧပြီ ၁၆

ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ကြောင်းနှင့် ရုရှားသံတမန် ၁၀ ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အမေရိကန်က ဧပြီ ၁၅ ရက်တွင် ကြေညာသွားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲကို ရုရှား ကြား၀င်နှောင့်ယှက်မှု၊ ကြီးမားသည့် ဆိုက်ဘာတိုက်ခိုက်မှုနှင့် အခြားသော ရန်လိုသော လုပ်ဆောင်မှုတို့အပေါ် တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ မော်စကိုအပေါ် အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၀ါရှင်တန်က ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံဆွေး‌နွေးရန် ကမ်းလှမ်းခဲ့ပြီး တူညီသော သီတင်းပတ်ထဲမှာပင် ယခုကဲ့သို့ ရုရှားအပေါ် ဘိုင်ဒင်၏ ထိုးနှက်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်သော်ငြား လက်ရှိအချိန်သည် တင်းမာမှုများ လျော့စဲစေရန် အချိန်ရောက်ပြီဖြစ်ကြောင်း ဘိုင်ဒင်က ပြောခဲ့သည်။

၀ါရှင်တန်အနေဖြင့် ရုရှားနှင့်အကြား သဘောကွဲလွဲမှုနှင့် တင်းမာမှု စက်၀န်းတစ်ခုကို အစပြုရန် ကြိုးပမ်းနေခြင်း မရှိကြောင်း ဘိုင်ဒင်က ပြောခဲ့သလို အရေးယူဒဏ်ခတ်မှုများသည်လည်း အချိုးကျမှု ရှိကြောင်း ပြောခဲ့သည်။

ဒီမိုကရက်တစ် သမ္မတ ဘိုင်ဒင်၏ အမိန့်ညွှန်ကြားချက်အောက်တွင် သူလျှိုထောက်လှမ်းမှု၌ ပါ၀င်ပတ်သက်ခဲ့သည် သံတမန် ၁၀ ဦးကို နှင်ထုတ်ကြောင်းနှင့် ၂၀၂၀ သမ္မတရွေးကောက်ပွဲတွင် ကြား၀င်နှောင့်ယှက်ခဲ့သည်ဟု စွပ်စွဲခံရသူ လူပုဂ္ဂိုလ် ၃၂ ဦးအပေါ် အရေးယူဒဏ်ခတ်ကြောင်း ပါရှိခဲ့သည်။

အကယ်၍ ရုရှားဘက်က မတည်မငြိမ်ဖြစ်စေသော လုပ်ဆောင်ချက်များကို ဆက်လက် အရှိန်မြှင့်လုပ်ဆောင်နေမည်ဆိုပါက ရုရှားအပေါ် မဟာဗျူဟာအရနှင့် စီးပွားရေးအရ ထိခိုက်သက်ရောက်စေမည့် နည်းလမ်းဖြင့် အမေရိကန်ဘက်မှ အရေးယူဒဏ်ခတ်မှုများ ချမှတ်သွားမည် ဆိုသည်ကို ယခု ဘိုင်ဒင်၏ အမိန့်ညွှန်ကြားချက်က အချက်ပြလိုက်ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

ယခုကဲ့သို့ အရေးယူဒဏ်ခတ်မှုများက ခေါင်းဆောင်နှစ်ဦးအကြား ထိပ်သီးတွေ့ဆုံပွဲအတွက် အကူအညီဖြစ်စေမည်မဟုတ်ကြောင်း ရုရှားအစိုးရအိမ်တော်က ထုတ်ပြန်ခဲ့သည်။ အလားတူ ရုရှားဘက်ကလည်း လက်တုံ့ပြန်မှုကို မလွဲမသွေ လုပ်ဆောင်မည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေး၀န်ကြီးဌာနက သတိပေးသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly