တောင်ကိုရီးယား၏ POSCO C&C က မြန်မာစစ်တပ်ပိုင်ကုမ္ပဏီနှင့်အကြား ဖက်စပ်လုပ်ငန်းကို အဆုံးသတ်မည်

တောင်ကိုရီးယား၏ POSCO C&C က မြန်မာစစ်တပ်ပိုင်ကုမ္ပဏီနှင့်အကြား ဖက်စပ်လုပ်ငန်းကို အဆုံးသတ်မည်

ဧပြီ ၁၆

တောင်ကိုရီးယား သံမဏိ (စတီး) ထုတ်လုပ်ရေး ကုမ္ပဏီ POSCO ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် POSCO C&C သည် မြန်မာအာဏာသိမ်းစစ်တပ် ထိန်းချုပ်သည့် လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့်အကြား ယင်း၏ ဖက်စပ်လုပ်ငန်းကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း ဧပြီ ၁၆ ရက်တွင် ပြောသည်။

ဖက်စပ်လုပ်ငန်းကို မည်ကဲ့သို့ အဆုံးသတ်သွားမည် ဆိုသည်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို တောင်ကိုရီးယားကုမ္ပဏီက ထုတ်ဖော်ခဲ့ခြင်း မရှိဘဲ ယင်းအနေဖြင့် ဆက်စပ်ကိစ္စရပ်များကို ဆက်လက်ထုတ်ဖော်သွားမည်ဟု ထုတ်ပြန်ချက်တစ်စောင်တွင် ပြောခဲ့သည်။ ကုမ္ပဏီအနေဖြင့် ဖက်စပ်လုပ်ငန်း ပတ်သက်မှုကို အဆုံးသတ်ခြင်း ဖြစ်သော်လည်း ယင်းအနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခြင်း မဟုတ်ဟု POSCO C&C ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာကို ပြောသည်။

“မိမိတို့ရဲ့ သံမဏိထုတ်လုပ်ငန်းက မြန်မာနိုင်ငံရဲ့ လူနေထိုင်မှုဆိုင်ရာ ပတ်၀န်းကျင်ကို တိုးတက်စေဖို့နဲ့ စီးပွားရေးကို ပြန်လည်သက်၀င်လှုပ်ရှားလာစေဖို့အတွက် ဆက်လက် ပါ၀င်ပံ့ပိုးသွားမယ်လို့ မျှော်လင့်ထားပါတယ်” ဟု POSCO C&C က ထုတ်ပြန်ပြောဆိုသည်။

POSCO C&C အနေဖြင့် ဖက်စပ်လုပ်ငန်းကို မည်သို့မည်ပုံ အဆုံးသတ်ရမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး စဥ်းစားသုံးသပ်နေကြောင်း ရိုက်တာက အစောပိုင်းတုန်းက ဖော်ပြခဲ့သည်။ POSCO သည် မြန်မာနိုင်ငံရှိ သံမဏိလုပ်ငန်းကနေ ယမန်နှစ်အတွင်းက အကျိုးအမြတ် ဒေါ်လာ ၁ ဒသမ ၇၇ သန်း (၀မ် ၂ ဘီလီယံ) ခန့် ရရှိခဲ့သည်။

မြန်မာနိုင်ငံတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရထံမှ ဖေဖေါ်၀ါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုအာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများအပေါ် စစ်တပ်နှင့် ရဲက အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခဲ့ရာ လူပေါင်း ၇၁၅ ဦးခန့် သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly