ဝီဂါဒုက္ခသည်များကို ကူညီမည့် အောက်လွှတ်တော် ဥပဒေကြမ်း အမေရိကန် အထက်လွှတ်တော် သဘောတူ

By News York Post
15 April 2021
ဝီဂါဒုက္ခသည်များကို ကူညီမည့် အောက်လွှတ်တော် ဥပဒေကြမ်း အမေရိကန် အထက်လွှတ်တော် သဘောတူ

ဝီဂါများ၏ ဒုက္ခသည်လျှောက်ထားမှုကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည့် ဥပဒေမူကြမ်းကို ဧပြီလ ၁၃ရက်က အမေရိကန်ပါတီနှစ်ခုစလုံးမှ အထက်လွှတ်တော်အမတ်များက သဘောတူလိုက်ခြင်းက တရုတ်နိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုများတွေ့ကြုံနေရသည်ဟု လူ့အခွင့်အရေးသမားများက ပြောဆိုနေသည့် လူများစု မွတ်စလင်လူမျိုးများကို အကူအညီပေးရန်အတွက် အောက်လွှတ်တော်အမတ်များ၏ ကြိုးပမ်းချက်နှင့် ထပ်တူကျ သွားသည်။

ရီပတ်ဘလီကန်ပါတီမှ လွှတ်တော်အမတ် မာကိုရူဘီယိုနှင့် ဒီမိုကရက်တစ်ပါတီမှာ ခရစ်ကုန်းစ်တို့က “ဝီဂါလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေ”ကို တင်ပြခဲ့ပြီး၊ ယင်းက တရုတ်နိုင်ငံ ရှန်ကျန်းဒေသမှ ဖိနှိပ်မှုများကြုံတွေ့ခဲ့ရပြီး ထွက်ပြေးလာသည့် ဝီဂါလူမျိုးများနှင့် ကာဇတ်စ်လူမျိုးများ၊ ကာဂျစ္စလူမျိုးများ အပါအဝင် အခြားအုပ်စုများအား ဒုက္ခသည် ဦးစားပေးအဆင့် ၂ ပေးအပ်ရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးစားပေး အဆင့် ၂ သည် ရာနှင့် ချီသော သို့မဟုတ် ထောင်ဂဏန်းအထိ ရှိနိုင်သော ဝီဂါလူမျိုးများအား ကုလသမဂ္ဂသို့ လွှဲပြောင်းပေးမှုကို စွန့်လွှတ်ပြီး အမေရိကန်အစိုးရသို့ ဒုက္ခသည်များအဖြစ် တိုက်ရိုက်လျှောက်ထားရန် ခွင့်ပြုမည်ဖြစ်သဖြင့် တတိယနိုင်ငံတစ်နိုင်ငံက တရုတ်အစိုးရသို့ အသိပေးကာ ပြန်ပို့ရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို လျော့ကျသွားစေမည် ဖြစ်သည်။

ညှင်းပန်းနှိပ်စက်မှုမလုပ်ကြောင်း တရုတ်က ငြင်းပယ်ထားသော်လည်း တရုတ်အစိုးရသည် လူမျိုး တုံးသတ်ဖြတ်မှုကို ကျူးလွန်နေသည်ဟု အမေရိကန်ပြည်ထောင်စုက ကြေညာခဲ့သည်။

“ရှင်ကျန်းမှာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်က ဆက်လက်ပြီး ထုတ်ဖော်ပြောဆိုနေရပါမယ်။ ဝီဂါအပါအဝင် တခြားလူမျိုးစုတွေက သူတို့ရဲ့ဘာသာရေး၊ လူမျိုးရေးကွဲပြားခြားနားမှုကြောင့် ညှဉ်းပန်းနှိပ်စက်မှုခံနေရသူအားလုံးအတွက်လဲ ကျွန်တော်တို့က အာမခံချက်နဲ့ ကာကွယ်ပေးရပါမယ်” ဟု Coons ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ်လတွင်အောက်လွှတ်တာ်မှ တင်ပြထားသည့် မူကြမ်းကို ပြင်ဆင်ဖြည့်စွက်ရမည့် အထက်လွှတ်တော် ဥပဒေမူကြမ်းတွင် ရီပတ်ဘလီကန်များနှင့် ဒီမိုကရက်များက ကွန်ဂရက်လွှတ်တော်သည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် အခြားဥပဒေပြုအစီအစဉ်များနှင့်အတူ ရှေ့သို့ချီတက်နေသကဲ့သို့ ဒုက္ခသည်များအတွက် အခွင့်အရေးပိုမိုပေးအပ်ရန် အဆင့်တိုးမြှင့်ခြင်းသည် ဥပဒေဖြစ်လာနိုင်သည်ဟု မျှော်လင့်ထားကြသည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥပဒေကြမ်းများကို နှိုင်းယှဉ်သည့် အထက်လွှတ်တော် လက်ထောက်တစ်ဦး က “ ထိရောက်တဲ့ရှုထောင့်ကကြည့်ရင် ဒီမှာ ဦးတည်ချက်တွေက အရမ်း ဆင်တူပါတယ်” ဟု ဆိုသည်။

“ပါတီနှစ်ခုစလုံးက အလွယ်တကူ ထောက်ခံမယ့် ဥပဒေဖြစ်တယ်ဆိုတာ တွေ့မြင်နေရပါတယ်”

အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရန် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လေ့ကျင့်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုဟု တရုတ်အစိုးရက ခေါ်သည့် အစီအစဉ်များအောက်တွင် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါနှင့် အခြားမွတ်စလင်ဦးရေ ၁ သန်းကျော်သည် ပြင်းထန်သော အခြေအနေများအောက်တွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ဆိုထားသည်။

ယင်းဥပဒေမူကြမ်းသည် အမေရိကန်မိတ်ဖက်များနှင့် မဟာမိတ်များအနေဖြင့် ဝီဂါ ဒုက္ခသည်များအတွက် နေထိုင်စားသောက်ရေးကို ပံ့ပိုးပေးရန်လည်း အားပေးမည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly