ယူကရိန်းနယ်စပ်၌ ရုရှားတပ်ဖွဲ့၀င်အင်အား လျှော့ချရေး အမေရိကန်နှင့် ဂျာမနီ တိုက်တွန်း

ယူကရိန်းနယ်စပ်၌ ရုရှားတပ်ဖွဲ့၀င်အင်အား လျှော့ချရေး အမေရိကန်နှင့် ဂျာမနီ တိုက်တွန်း
Photo - AFP

ဧပြီ ၁၅

ယူကရိန်းနိုင်ငံနှင့်အကြား နယ်စပ်ဒေသတွင် ရုရှားစစ်သည်တပ်ဖွဲ့၀င် အင်အားလျှော့ချရေးအတွက် ရုရှားကို တိုက်တွန်းတောင်းဆိုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျာမနီ၀န်ကြီးချုပ် အန်ဂျလာ မာကဲလ်တို့အကြား သဘောတူခဲ့ကြကြောင်း မာကဲလ်၏ ရုံးက ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

ယူကရိန်းနယ်စပ်ရှိ ရုရှားတပ်ဖွဲ့၀င်အင်အားပြန်လည်လျှော့ချခြင်းက ထိုဒေသ၌ ဖြစ်ပေါ်နေသော တင်းမာမှုကို ကူညီလျှော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦးစလုံးက ဧပြီ ၁၄ ရက်၌ ဖုန်းဆက်ဆွေးနွေးစဥ် သဘောတူခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်း နယ်စပ်များနှင့် သိမ်းပိုက်ခံ ခရိုင်းမီးယားတွင် ရုရှားတပ်များ အင်အားတိုးချထားမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ခဲ့သလို ယူကရိန်း၏ အချုပ်အချာအာဏာနှင့် နယ်မြေပိုင်နက် တည်ကြည်ခိုင်မြဲမှုအပေါ် ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်” ဟုလည်း အိမ်ဖြူတော်က ပြောခဲ့သည်။

ဒေသတွင်းရှိ နယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်စေရန် ရုရှားဘက်က ကြိုးပမ်းနေသည်ဟု ဧပြီ ၁၄ ရက် အစောပိုင်းက ဂျာမနီကာကွယ်ရေး၀န်ကြီး အန်းဂရက် ခရမ့်ပ် ကာရန်ဘော်က စွပ်စွဲခဲ့သည်။

“တုံ့ပြန်မှုတစ်ခု ဖြစ်လာအောင် လှုံ့ဆော်ဖို့အတွက် ရုရှားဘက်က အရာအားလုံးကို ကြိုးစားနေပါတယ်” ဟု သူမက ပြောသည်။

ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှားတပ်ဖွဲ့၀င်များ တိုးမြင့်ချထားမှုကြောင့် ပြီးခဲ့သည့် ရက်များအတွင်း အနောက်အုပ်စုနိုင်ငံများအကြား စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်ထားစေခဲ့သည်။

ယူကရိန်းနယ်စပ်တွင် ရုရှားတပ်ဖွဲ့၀င်များ ရှိနေမှု လယ်ဗယ်များသည် ယူကရိန်းအရှေ့ပိုင်းတွင် မော်စကို ကျောထောက်နောက်ခံ ခွဲထွက်ရေးသမားများနှင့် စစ်ပွဲ ဖြစ်ပွားခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအတိုင်းအတာ ဖြစ်နေကြောင်း ၀ါရှင်တန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly