ကလေးများပါ မချန် အကြမ်းဖက်နေမှုများကို ရပ်ဆိုင်းရေး စစ်အုပ်စုလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်များကို ကုလ တိုက်တွန်း

ကလေးများပါ မချန် အကြမ်းဖက်နေမှုများကို ရပ်ဆိုင်းရေး စစ်အုပ်စုလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်များကို ကုလ တိုက်တွန်း
Representative Image

ဧပြီ ၁၅

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်များ၏ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုများအတွင်း ကလေးငယ် ၅၁ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ကလေးငယ်များပါမချန် အကြမ်းဖက်နေခြင်းများမှ ရှောင်ကြဉ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များကို ကုလသမဂ္ဂက တိုက်တွန်းတောင်းဆိုကြောင်း ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်း ဒူဂျာရစ်က ဧပြီ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောသွားခဲ့သည်။

“ဧပြီ ၁၃ ရက်အထိ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲ ရဲ့ ပစ်ခတ်မှုတွေကြောင့် ကလေးငယ် ၅၁ ဦးထက်မနည်း သေဆုံးခဲ့သလို အခြား အရွယ်မရောက်သေးတဲ့လူပေါင်း ၁,၀၀၀ နီးပါး မတရား ထိန်းသိမ်းဖမ်းဆီးခံထားရပါတယ်” ဟု ဒူဂျာရစ်က ပြောသည်။

“ဒါကြောင့် ကလေးငယ်တွေနဲ့ လူငယ်တွေကို အကြမ်းဖက်မှုကနေ ရှောင်ပြီး ဘေးကင်းစေရေး လုပ်ဆောင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ကုလဘက်က ဆက်လက် တိုက်တွန်းတောင်းဆိုပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

ထို့ပြင် ကလေးများအပေါ် ကျည်အစစ်များအသုံးပြုခြင်း အပါအ၀င် အင်အားသုံး နှိမ်နင်းမှုများ ဆက်ရှိနေသည်ဆိုသည့် သတင်းများကြောင့် ကုလ အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ဒူဂျာရစ်က ပြောသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly