တောင်ကိုရီးယားတွင် တရုတ်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်

တောင်ကိုရီးယားတွင် တရုတ်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်
Representative Image

ဧပြီ ၁၅

တောင်ကိုရီးယားနိုင်ငံ၊ ဂမ်ဝန်ခရိုင်၌ ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် ရည်မှန်းထားသည့် ကိုရီးယား-တရုတ် ယဉ်ကျေးမှု မြို့တည်ဆောက်မှုကြောင့် တရုတ်ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လျှက်ရှိသည်။

စုပေါင်း လက်မှတ်ရေးထိုး အဆိုပြုခဲ့သူ ၄၁၅၀၀၀ ဦးကျော်က စီမံကိန်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ 

“(အစိုးရ၏)  ချောင်ဝါဒေး ဝက်ဘ်ဆိုက်တွင် မကြာသေးမီက အွန်လိုင်းကနေတစ်ဆင့် လက်မှတ်ရေးထိုး တောင်းဆိုမှုတစ်ခု လုပ်ခဲ့ကြရာမှာ တည်ဆောက်နေတဲ့ တရုတ်မြို့ စီမံကိန်းနှင့် ဂမ်ဝန်ခရိုင်ရှိ ချွန်ချောင်းမှ Legoland စီမံကိန်းတို့ကို ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့သည်” ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် The Korea Times သတင်းစာတွင် မတ်လ ၃၁ ရက်က ဖော်ပြခဲ့သည်။

သဘောထား ထုတ်ဖော်ကြသူများက ကိုရီးယားအနေဖြင့် တရုတ်ထံမှ ယဉ်ကျေးမှုအတွေ့အကြုံများကို အဘယ့်ကြောင့် ရသင့်သည်နှင့် ကိုရီးယားတွင် ‘တရုတ်ဒေသငယ်’ အဘယ့်ကြောင့် ရှိသင့်ကြောင်း ကိုရီးယား ပြည်သူများက နားမလည်ခြင်းတို့ကို ရေးသားခဲ့ကြသည်။ 

‘ကိုရီးယား-တရုတ်မြို့’ တွင် တရုတ်ရိုးရာ ယဉ်ကျေးမှုဥယျာဉ်များအပါအဝင် အဆောက်အဦများနှင့် စိတ်ဝင်စားဖွယ်ရာများပါဝင်မည်ဖြစ်ကာ အင်ချွန်းရှိ တောင်ကိုရီးယား၏ တရားဝင် တရုတ်မြို့ထက် ၁၀ ဆ ပိုကြီးမည်ဖြစ်သည်။

ကိုရီးယား-တရုတ်မြို့နှင့်အတူ Legoland ပန်းခြံကိုလည်း တည်ဆောက်မည်ဖြစ်ကာ ဒေသတွင်း ခရီးသွားလုပ်ငန်း တိုးတက်စေရေးအတွက် တရုတ်ဧည့်သည်များကို ဝန်ဆောင်မှုပေးမည့် ဟိုတယ်တစ်လုံး ပါဝင်မည်ဖြစ် ကြောင်း South China Morning Post သတင်းစာက ဖော်ပြသည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား၏ ပထမဆုံး ဝန်ကြီးအဆင့် တရုတ်နိုင်ငံသို့ ဧပြီ၃ ရက်က သွားရောက်ကာ ကျားမန်းအရပ်တွင် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ၍ နိုင်ငံရေးအရ ပြေလည်အောင် ဆွေးနွေးခဲ့သော်လည်း ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးမှာ အစွန်းအထင်း ရှိနေဆဲ ဖြစ်သည်။

စီမံကိန်းအပေါ် ကန့်ကွက်ရခြင်းနှင့်ပတ်သက်၍ လူတစ်ဦးက အွန်လိုင်းပေါ်၌ “ကိုရီးယား-တရုတ် ဆက်ဆံရေးတွင် ယဉ်ကျေးမှုဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသည် အရေးပါသော်လည်း နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအရ အငြင်းပွားမှုဖြစ်ပေါ်နေချိန်တွင် နားမလည်နိုင်ပါ” ဟု ရေးသားထားသည်။

The Korea Times သတင်းစာတွင် “လက်မှတ်ရေးထိုး တောင်းဆိုသူများက တရုတ်အနေဖြင့် ကင်ချီ၊ ဟန်ဘွတ်နှင့် အခြား ကိုရီးယား ယဉ်ကျေးမှုများကို တရုတ်ပိုင်ဖြစ်ကြောင်း တရုတ်ထင်ရှားကျော်ကြားသူများနှင့် ဝက်ဘ်ဆိုက်များတွင် ရေးသားမှုများကြောင့် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်” ဟု ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ် ဖြစ်ပွားသည့် ၂၀၁၉  ခုနှစ်မတိုင်မီက တောင်ကိုရီးယားသို့ ခရီးသွားဧည့်သည် ၁၇ ဒသမ ၅ သန်း လာရောက်ခဲ့ရာတွင်  ၆ သန်းသည် တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ဖော်ပြသည်။

အဆိုပါ ကပ်ရောဂါဖြစ်ပွားနေစဉ်မှာပင် တရုတ်နှင့် ကိုရီးယားနိုင်ငံသားများအကြား အစားအသောက်၊ အဝတ်အစားနှင့် အပ်စိုက် ကုထုံး ပညာရပ်များနှင့် ပတ်သက်၍မူလ စတင်သည့် နိုင်ငံဖြစ်ကြောင်း အွန်လိုင်းပေါ်တွင် အငြင်းပွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly