ပညာရေး ဥပဒေ မပြင်သင့်သေးဘူးလို့ ဆိုတဲ့ ပါချုပ်ဟောင်း NLD အမတ်ရဲ့ အနာဂတ် မြန်မာ့ ပညာရေးအပေါ် အမြင်

ပညာရေး ဥပဒေ မပြင်သင့်သေးဘူးလို့ ဆိုတဲ့ ပါချုပ်ဟောင်း NLD အမတ်ရဲ့ အနာဂတ် မြန်မာ့ ပညာရေးအပေါ် အမြင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အမျိုးသားလွှတ်တော်အမတ်အဖြစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်း ခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာအောင်သူကို အနာဂတ် မြန်မာ့ ပညာရေးနှင့် ပတ်သက်၍ မေးမြန်းထားခြင်းဖြစ်သည်။

ကျောင်းသားအချို့ ပြင်ဆင်ပေးရန် တောင်းဆိုနေသည့် အမျိုးသားပညာရေးဥပဒေကို စမ်းသပ် သုံးကြည့်သင့်ပြီး မပြင်ဆင်သင့်သေးဟု ဒေါက်တာအောင်သူက ပြောသည်။ အလားတူ အနာဂတ် မြန်မာ့ပညာရေး အခြေအနေများကိုလည်း ဒေါက်တာအောင်သူက မဇ္ဈိမသို့ ဖြေကြားထားချက်များကို ဖေါ်ပြပေးလိုက်ပါသည်။

 

ရွေးကောက်ပွဲ ရလဒ်တွေအရတော့ ဆရာက အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်တွင်း နိုင်ငံရေးတွေ ဆောင်ရွက်ခွင့် ရတော့မယ်ပေါ့။ ဒီအနေအထားမျိုးမှာ ဆရာ့အနေနဲ့ လွှတ်တော်ထဲ ရောက်ရင် ဘာတွေလုပ်မယ်လို့ စဉ်းစားထားလဲဗျ။

ဒါကတော့ အခြေခံပေါ်မှာ မူတည်မှာပါ။ ကျွန်တော်တို့ရဲ့ တာဝန်ပေးခံရတဲ့ အခြေခံပေါ်မှာ မူတည် ပြီးတော့ ဆောင်ရွက်ရမှာပေါ့။ လက်ရှိ အနေအထားကတော့ ဘာဆောင်ရွက်မလဲ ဆိုတဲ့ အနာဂါတ်ကတော့ အနာဂါတ်ကို ပုံဖော်တာကတော့ ကြိုတင်ပြင်ဆင်မှုပဲ ရှိမှာပေါ့ဗျာ။ အနာဂါတ်ဆိုတာ ရည်မှန်းချက်ပဲ ရှိမှာပါ။ ရည်မှန်းချက်ဆိုတာက ကိုယ်တကယ်လို့ လွှတ်တော်ထဲမှာ ဘယ်တာဝန်ထမ်းဆောင်ရ မလဲပေါ့။ ဒါပေမယ့် အဓိကကတော့ ကိုယ်က ပညာရေးနဲ့ပဲ ရင်းနီးခဲ့တာ ဖြစ်တဲ့အတွက် ပညာရေးဆိုင်ရာ ကိစ္စရပ်တွေကို လေ့လာပြီးတော့ ဆောင်ရွက်သွားမှာပါ။

 

ဆရာ့အနေနဲ့က ရန်ကုန်တက္ကသိုလ် ပါမေက္ခချုပ်အနေနဲ့ အချိန်ကာလ တစ်ခုအထိ တာဝန်ထမ်းခဲ့ ဘူးတယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍအပေါ်ကိုကော ဘယ်လိုမြင်လဲဗျ။

လက်ရှိအနေအထားကြီး တစ်ခုလုံးကတော့ ကူးပြောင်းတဲ့ ကာလမှာပဲ ရှိနေသေးတယ်။ စနစ်ကလည်း ကူးပြောင်းနေသလို ပညာရေးကဏ္ဍကလည်း စနစ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် အသွင်ကူးပြောင်းရေး ကာလကြီးတစ်ခုကို လုပ်နေတယ်ပေါ့။ လွှတ်တော်မှာလည်း ပညာရေးဆိုင်ရာ ပြောင်းလည်းရေးတွေကို လုပ်ရမယ့် ကိစ္စတွေက ပါလာပါ လိမ့်မယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းမှာ ပညာရေး ဝန်ကြီးဌာနနဲ့ နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးတဲ့ ပညာရေးက ခရီးပေါက်ထားတဲ့ အချို့အချက်တွေ ရှိတာပေါ့။ အဲဒီရှိတဲ့ အချက်တွေထဲမှာ ဘယ်အခြေနေထိ ရောက်နေပြီလဲ ဆိုတာကို ပထမဦးဆုံး ပြန်ကြည့်ရမယ်။

လက်ရှိ ရောက်ပြီးသား အနေအထားတွေရယ်၊ ဆရာဆိုလည်း အရင်က ပြီးခဲ့တဲ့ နှစ်လ မတိုင်မှီလောက်အထိ တော် တော်များများတော့ ပညာရေးထဲမှာ ဝင်ပြီး လုပ်ခဲ့တဲ့အတွက် ရရှိတဲ့ ဒေတာ အချက်အလက်တွေ ရှိတယ်။ လက်ရှိ လွှတ်တော်သက်တမ်း ငါးနှစ် အတွင်းမှာ ပညာရေး ဝန်ကြီးဌာနအနေနဲ့ လုပ်ခဲ့တာဟာ ဘယ်အခြေအနေထိ ရောက်မလဲ။ အဲဒါကို အသေးစိတ် လေ့လာဖို့လိုတယ်။ လွှတ်တော်ရဲ့ လက်ရှိအနေအထားက အမျိုးသား ပညာရေး ဥပဒေတစ်ခုပဲ ပြင်ဆင်ချက်နဲ့ ထွက်လာတယ်ပေါ့လေ။ ဥပဒေကဒီတစ်ခုပဲ ထွက်လာတယ်။ ကျန်တဲ့ဥပဒေတွေက အခုမှ ဆက်ဆွဲဖို့ လုပ်နေတုန်းပေါ့။

 

ဒီပထမအကြိမ် လွှတ်တော် သက်တမ်း အတွင်းမှာတော့ ပညာရေး ကဏ္ဍနဲ့ ပတ်သက်လို့ ဆရာပြော သလိုပဲ အမျိုးသားပညာရေး ဥပဒေတစ်ခုတည်းကိုပဲ အတည်ပြု ပြဌာန်း နိုင်ခဲ့တယ်ပေါ့နော်။ အဲဒီပြဌာန်း လိုက် တဲ့ ပညာရေးဥပဒေနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီဘူးဆိုပြီးတော့ တစ်ဖက်မှာ ဝေဖန်တာတွေ ထောက်ပြတာတွေ နောက်ဆုံး သပိတ်မှောက် ဆန္ဒပြတာတွေလည်း ဖြစ်ခဲ့တယ် ဆိုတော့ ဆရာကော ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဒါကတော့ ဆရာ တစ်ဦးချင်း အနေနဲ့ပဲ ပြောပါ့မယ်။ တစ်ဦးချင်း အမြင်အရ ပြောရမယ် ဆိုရင်တော့ ဆွဲခဲ့စဉ်ကတည်းက အပြန်ပြန် အလှန်လှန်လုပ်ခဲ့တဲ့ သဘောတော့ ဆောင်တယ်။ ဒါကို လုပ်ခဲ့စဉ်တုန်းက ဆရာတို့ကော ဘယ်ထဲက ပါသလဲဆိုတော့ အစိုးရ အဖွဲ့အနေနဲ့ တောက်လျောက်မပါခဲ့ ပေမယ့် လွှတ်တော်မှာ အမျိုးသားပညာရေး ဥပဒေ ရေးဆွဲစဉ်တုန်းက ဆရာတို့က လွှတ်တော်က ရေးဆွဲရေး အဖွဲ့ထဲမှာ တောက်လျောက် ပါခဲ့တယ်။

အဲဒီအချိန်တုန်းက NNER က ဒေါက်တာ သိန်းလွင်တို့ဆိုလည်း ဆရာတို့ရဲ့ သူငယ်ချင်း တွေပါပဲ။ သူတို့ကိုယ်တိုင် လာပြီးတော့ NLDက အဖွဲ့ဝင်တွေနဲ့ လာပြီးတော့ ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ခဲ့တယ်။ နောက်ဆုံးပိတ် ကျောင်းသားတွေ ကိစ္စပြီးတဲ့အခါမှာ လွှတ်တော်မှာ အပြန်ပြန် အလှန်လှန် ဆွေးနွေးပြီးတော့ လက်ခံထားခဲ့တာ ဖြစ်တဲ့အတွက် အမျိုးသား ပညာရေးဥပဒေတစ်ခုတည်း ကြည့်ရုံနဲ့တော့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ပြောလို့မရဘူးထင်တယ်။

ဘာကြောင့်လဲဆိုတော့ ဒို့နိုင်ငံရဲ့ သွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကြီးမှာ ဒီမိုကရေစီ စနစ်အရ လမ်းကြောင်းမှန်အရ ဆောင်ရွက်နေတာပဲ။ သူသွားနေတဲ့ ပုံစံက ဒို့နိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းမှာ အများသဘောတူလို့ ဖြစ်လာတဲ့ ဥပဒေတစ်ခု ဖြစ်တယ်။ ပြည့်စုံတယ် မပြည့်စုံဘူးပြောဖို့ဆိုရင် ဆရာ ခါတိုင်း သုံးသုံးနေတဲ့ စကားလုံးနဲ့ ပြောရင် အရမ်းစောနေသေးတယ်။ ထိမိရှမိလွယ်တာသည် နောက်ပေါ်လာမယ့် အဆင့်မြင့် ပညာရေးမှာ ထိမိ ရှမိ လွယ်တယ်။

အမျိုးသား ပညာရေး ဥပဒေပေါ်ပေါက်တယ်လို့ ပြောတယ်။ အမျိုးသား ပညာရေးဥပဒေ ပထမ ပေါ်ပေါက်တုန်းက အဆင့်မြင့် ပညာရေးနဲ့ ပတ်သက်လို့ တက္ကသိုလ် ပညာရေးနဲ့ ပတ်သက်လို့က တော်တော်လေး ထင်ထင်ရှားရှားနဲ့ ရှိတဲ့အရာသည် အကြောင်းအရာနှစ်ခု သုံးခုပဲ ပါတယ်။ ခုနောက်ပိုင်း ပြင်ဆင် လိုက်တဲ့ ပြင်ဆင်ချက်မှာ တော်တော်များများ ပါလာစ ပြုလာတယ်။

ဒါတွေကို ဆရာတို့ ရွေးထုတ်ပြီး ဘယ်ဟာက အကောင်အထည် ဖော်လို့ရတယ်၊ ဘယ်ဟာက အကောင်အထည် ဖော်လို့မရဘူး ကြည့်တယ်ပေါ့။ သူ့မှာကော အားနည်းချက် မရှိဘူးလားလို့ မေးရင် ဘယ်တော့မှ ပြည့်စုံတယ်ဆိုတာ မရှိဘူး။ မရှိတဲ့အတွက် အား နည်းချက်ကတော့ ရှိမှာပဲ။ ဆရာ့အနေနဲ့ကော အားနည်းချက်ကို မမြင်ဘူးလားမေးရင် မြင်တာပေါ့ကွာ။ အချို့ ဟာဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ မြင်တာပေါ့။

ဒါပေမယ့်လည်း ထိမိရှမိလွယ်တဲ့ အကြောင်းအရာသည် အဆင့်မြင့်ပညာရေး ဥပဒေမှာ များတယ်။ ဒါကြောင့် နောင်ထွက်လာမည့် ဥပဒေတွေကျမှပဲ ပြည့်စုံခြင်း မပြည့်စုံခြင်း ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီခြင်း မကိုက်ညီခြင်းဆိုတာပြောလို့ရမယ်။ လက်ရှိက ဆရာ့အနေဲ့ ခံယူမိ တာက တို့နိုင်ငံကြီးတစ်ခုလုံးက အသွင်ကူးပြောင်းရေး ကာလမှာပဲ သွားနေရဦးမှာပဲ။ ဒီမိုကရေစီနိုင်ငံ အဖြစ်နဲ့ ထူထောင်တဲ့ နေရာမှာလဲ ကနေ့ထူထောင် လိုက်တယ် နောက်တစ်နေ့ ဒီမိုကရေစီ နိုင်ငံတော်အစစ်ဖြစ်မှာ မဟုတ်သလို ပညာရေး ဥပဒေတွေရဲ့ ထိရောက်တဲ့အကောင်အထည်ဖော်မှုကလည်းပဲ ကနေ့ လုပ်လိုက်တယ်။ နောက်တစ်နေ့မှာ ကောင်းသွားမှာ မဟုတ်ဘူး။ အရွေ့တစ်ခုအရ တိုးတက်ပြောင်းလဲမှုပုံစံနဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ဖြည့်ရမှာ။

 

လက်ရှိလိုအပ်နေတဲ့ ပညာရေးကဏ္ဍ မြင့်တင်မှု အပိုင်းတွေမှာကော လာမည့် လွှတ်တော် သက်တမ်း အစိုးရသစ် သက်တမ်းတွေမှာ ပြောင်းလဲ ပြင်ဆင်နိုင်ပါ့မလား၊

ဘယ်သူလုပ်လုပ် မပြည့်စုံဘူး။ ဘာကြောင့် မပြည့်စုံဘူးလို့ ဆရာ ပြောတာလဲဆိုတော့ အခြေခံက ဘယ်တော့မှ ပြည့်စုံမှာ မဟုတ်ဘူး။ ပြည့်စုံမှုအတိုင်းအတာကို ရောက်အောင်လို့ ဘာလုပ်ရမလဲဆိုရင် အားနည်းချက်တွေ့ရင် ပြုပြင်သွားရမယ် ဆိုတာပြောတာ။ ဥပမာအားဖြင့် ဆိုပါစို့၊ ဥပဒေတစ်ခုမှာ ဘယ်နေရာမှာ ဘာလုပ်ပါပြီ၊ ညာလုပ်ပါပြီ ပါတယ်ပေါ့။ ကဲ ဘယ်သူက လုပ်မှာလဲဆိုတော့ အားနည်းချက် တစ်ခုတစ်လေ ပါချင်လည်း ပါမှာပေါ့။ လက်တွေ့တွေ့တဲ့အခါကျမှ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာက ပို့ဆောင်တဲ့လူရဲ့  တာဝန်ကွ။

နိုင်ငံတစ်ခု တိုးတက်တယ်ဆိုတဲ့ ကဏ္ဍက အဲဒီနိုင်ငံကို ခေါင်းဆောင်တဲ့ လူရဲ့ ကဏ္ဍက အလွန် အရေးကြီးဆုံးပဲ။ ပညာရေး ကဏ္ဍတိုးတက်ဖို့ဆိုရင်လည်း ပညာရေးကို ဦးဆောင်မယ့် လူက အရေးကြီးဆုံးပဲ။ မပြည့်စုံဘူးဆိုတာကတော့ ရှိနေတဲ့အခြေနေကို လူတိုင်း လက်ခံရမှာ။ ဘာကြောင့်လဲဆိုတော့ ခေတ်ကာလနဲ့ အခြေနေက ပြောင်းသွား တာကိုး။ တို့အခြေနေမှာ ဒီအတိုင်းတာလေး တစ်ခုက ပြည့်စုံတယ်လို့ ပြောလို့ ရပေမယ်လို့ နည်းနည်းလေး နိုင်ငံက တိုးတက်သွားတဲ့ အခြေနေရောက်ရင် ဒီဥပဒေက ပြုပြင်ရမယ့် အနေအထား တစ်ခု ရောက်သွားမှာပဲ။

 

ပညာရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် အစိုးရအနေနဲ့ ဒီပညာရေး ကဏ္ဍမှာ အသုံးပြုခွင့် ပေးတဲ့ ဘတ် ဂျက်ကိုလည်း ထည့်စဉ်းစားရလှာပေါ့။ ပညာရေးဆိုင်ရာ အသုံးစရိတ်က နည်းနေမယ်ဆိုရင် ဖွံ့ဖြိုး တိုးတက်မှုပိုင်း ဆိုင်ရာမှာ အားနည်း နေမှာပေါ့။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးအသုံး စရိတ်က လက်ရှိအနေအထားမှာ အခြား အသုံးစရိတ်တွေထက် နည်းနေတယ်ဆိုတော့ ဒီအပေါ်မှာကော ဆရာ ဘယ် လိုမြင်လဲဗျ။

ဒီကိစ္စကတော့ အမျိုးသားပညာရေး ဥပဒေထဲမှာ ထည့်ထားတာလေးက မဆိုးပါဘူး။ နိုင်ငံတော်ရဲ့  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှိုင်းယှဉ်ပြီးတော့ ကျောင်းသားတွေတောင်းတဲ့ ၂၀ ရာခိုင်နှုန်းကို ရောက်ဖို့ ကြိုးစားမယ်ဆိုတဲ့ အချက်လေး ပါနေတယ်။ ဘတ်ဂျက်ကို တိုးဖို့ဆိုတာက နိုင်ငံတော်ရဲ့ စီးပွားရေးအခြေနေပေါ် မူတည်ပြီးတော့ တိုးနိုင်သမျှတိုးဖို့ အမြဲတမ်း ဆောင်ရွက်နေမယ်ဆိုတာကို ထည့်ထားတယ်။

ဒါကြောင့်မို့လို့ ဘတ်ဂျက် ကိစ္စကတော့ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးလာတာနဲ့အမျှ တဖြည်းဖြည်းတော့ ကြိုးစားပြီး ဆောင်ရွက်မယ် ဆိုတာတော့ ပါပြီးနေပြီ။ ဒီတော့ ဘတ်ဂျက်လည်း ဆရာထင်ပါတယ်။ တဖြည်းဖြည်းတော့ တိုးမြင့်ပြီး ရရှိသွားပါလိမ့်မယ်။ ဆရာတို့ NLD အစိုးရဖွဲ့ခဲ့ရင်လည်း နိုင်ငံတကာက အကူအညီတွေ မြောက်များစွာ ရလိမ့်မယ်လို့ ဆရာထင်တယ်။ ဒါကတော့ ရရှိမှုအပေါ်မှာ မူတည်ပြီးတော့ တဖြည်းဖြည်း တိုးမြင့်သွားမှာပါ။ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတာက တစ်ပိုင်း နိုင်ငံတကာရဲ့ အကူအညီတွေ ရရှိတဲ့အပေါ်မှာ မူတည်ပြီးဖြစ်သွားမှာပါ။ ဒါပေမယ့် တို့အနေနဲ့ကတော့ လွှတ်တော်ရောက်တဲ့ လူတိုင်းက ကြိုးစားဖို့တော့ လိုတာပေါ့ကွာ။

 

ကျောင်းသားတွေအနေဲ့ တောက်လျောက် တောင်းဆိုလာတဲ့အထဲမှာ တက္ကသိုလ်တွေ ကိုယ်ပိုင် စီမံ ခန့်ခွဲ ခွင့်ရရှိဖို့ဆိုတာလည်း ပါလာတယ်ပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအနေအထား အရ ဒါက ဖြစ်နိုင်ပါ့မလား။

အခုအခြေနေက အသွင်ကူးပြောင်းရေး ကာလမှာ တော်တော်လေးကို ထောင့်ပေါင်းစုံကနေ စဉ်းစားပေးပြီးတော့မှ ဆောင်ရွက်လို့ ရမယ့်ဟာတွေ ဖြစ်ပါတယ်။ ပိုင်းလော့ပရော့ဂျက် အနေနဲပတော့ ဒါတွေက စသင့်ပါတယ်။ဒါပေမယ့် စဖြစ်မလား မစဖြစ်မလား ဆိုတာကတော့ တကယ့်လက်တွေ့ အချိန်ကျမှပဲ အနေအထားအရ သိရလိမ့်မယ်။ Freedom ဆိုတာက လိုချင်တဲ့အတိုင်း ပေးလို့ရှိရင် နယ်တက္ကသိုလ်တွေ ဘယ်လိုလုပ် ရပ်တည်မလဲ။ ရန်ကုန် တက္ကသိုလ်က ရပ်တည်လို့ရတယ်။ ရန်ကုန် တက္ကသိုလ် ဆိုတာကတော့ သူ့ဟာသူ ကျောင်းသားအားနဲ့ စီးပွားရေး လုပ်ငန်းလေးနဲ့ လုပ်လို့ရတယ်။ မရှိတဲ့ တက္ကသိုလ်တွေ ဘယ်လိုလုပ် ရပ်တည်မလဲ။ ဒါကဆရာ့အနေနဲ့ ဆရာ့အမြင်ကို ပြောတာပါ။ ဆရာက ဘယ်နေရာမ ှရောက်သေးတာမဟုတ်ဘူး။ ဒါပေမယ့် ပညာရေး လောကသား တစ်ယောက်အနေနဲ့ ပြောပါဆိုရင်တော့ အစပျိုး စမ်းသပ်ချက်တွေ အနေနဲ့တော့ စပြီးတော့ လုပ်သင့်ပြီ။

 

ကျောင်းသားတွေအနေနဲ့ တောင်းဆိုမှုတွေ ရှိခဲ့တဲ့အထဲမှာ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိဖို့ဆိုတာပါတယ်။ ဆရာ့အနေနဲ့ကော သူတို့တောင်းဆိုမှုအပေါ် ဘယ်လိုမြင်လဲဗျ။

ကျောင်းသား သမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် ဆိုတာက အဲဒီအပိုင်းနဲ့ ပတ်သက်လို့လည်း ဆရာ နည်းနည်း ပြောချင်တယ်။ ဆရာတို့လည်း နိုင်ငံတကာကို ရောက်တယ်ပေါ့။ ကျောင်းသား သမဂ္ဂတွေရဲ့ ကဏ္ဍဟာ တို့နိုင်ငံမှာလည်းပဲ တကယ်ကို ကိုလိုနီလက်အောက် ရောက်စဉ်တုန်းက အရေးပါခဲ့တာပဲ။ ဒါပေ မယ့် ခေတ်ကာလရဲ့ ပြောင်းလဲမှု ပေါ်လိုက်ပြီးတော့ ကျောင်းသားသမဂ္ဂရဲ့ အရေးပါ အရာရောက်မှုက ပြောင်း လဲသွားတယ်။ ကျောင်းသားသမဂ္ဂတွေဟာ ကိုလိုနီခေတ် မှာတုန်းကတော့ လွတ်လပ်ရေး ရဖို့အ တွက် ကြီးစွာသော အထောက်အပံ့ဖြစ်ခဲ့တယ်။ သူ့ရဲ့ကဏ္ဍဟာ တော်တော်ကြီးကို နေရာယူပေးခဲ့တယ်ပေါ့။

ခုဟာက ဆရာတို့နိုင်ငံရဲ့ လက်ရှိအခြေနေကို ပြန်ကြည့်ဖို့ ဆရာက ပြောတာ။ လက်ရှိက ဒီမိုကရေစီနိုင်ငံ ဖြစ်သွားပြီ။ အခုဆိုရင် အတိုက်အခံ ပါတီလို့ ခေါ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ပြီ။ ပြောင်းသွားပြီ။ မတူတော့ဘူး။ပြီးခဲ့တဲ့ (၅)နှစ်နဲ့ ခု(၅)နှစ်နဲ့ မတူတော့ဘူး။ တို့အရင်တုန်းကရှိခဲ့တဲ့ ကျောင်းသား သမဂ္ဂကြီးကို ပြန်ပြီးတော့ အတိတ်ကို စွဲလို့မရတော့ဘူး။

ဆရာဂျန်ပန်နိုင်ငံ ရောက်တုန်းက သူတို့ဆီက ပါမောက္ခနဲ့ ဆရာတို့ချင်း ဆွေးနွေးတော့ ဒီကျောင်းသား သမဂ္ဂတွေအကြောင်း ဆွေးနွေးတယ်။ သူတို့ဆီမှာလည်း လွန်ခဲ့တဲ့ နှစ်(၃၀) အထိရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်(၃၀)အထိက ကျောင်းသားသမဂ္ဂရဲ့ ကဏ္ဍက သူရဲ့လှုပ်ရှား မှုတွေ ရှိခဲ့တယ်။ နိုင်ငံရေး အရွေ့တွေကော ပြောင်းသွားတဲ့ နိုင်ငံတွေလို အနေအထား ကျတော့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးဖို့လုပ်တယ်။ အခုလည်း မရှိဘူး မဟုတ်ဘူးရှိတယ်။

ဆရာဆိုရင် ဆရာ့တပည့်တွေကို ပြောချင်တာက အခုတို့ဆီမှာ လွှတ်တော် နိုင်ငံရေး ဆိုတာကြီးလည်းရှိပြီ။ ပြင်ပမှာ ပါတီနိုင်ငံရေးလည်း ရှိပြီ။ နိုင်ငံကို ထူထောင်မယ့် လူတွေဟာ ဒီလို တက္ကသိုလ်ဆိုတဲ့ ရပ်ဝန်းကြီးမှာ တက္ကသိုလ်တွေရဲ့ အားနည်းချက်တွေကို ပြုပြင်ပေးတာက တစ်ပိုင်း၊ ဖွံ့ဖြိုးမှု လုပ်ငန်းတွေ လုပ်တာက တစ်ပိုင်း။ ဒီကဏ္ဍ အသီးသီးရှိပါတယ်။ ကိုယ်က ဒီမိုကရေစီနိုင်ငံကို ထူထောင်ပြီ ဆိုတဲ့အတွက် ကိုယ်က အဲဒီမှာ အားဖြစ်စေတဲ့ လူတွေပဲ ဖြစ်စေချင်တယ်။

သူတို့တစ်တွေဟာ ပြည့်ဝသော လူများဖြစ်စေဖို့အတွက် တက္ကသိုလ်တွေမှာ အပြည့်အဝသော သင်ကြားရေး စနစ်တွေ ကောင်းအောင် အသုံး အဆောင်ပစ္စည်းတွေ အတွက် တောင်းဆိုတဲ့ ကဏ္ဍသက်သက်ပဲ ဖြစ်သင့်တယ်။ နိုင်ငံရေး လုပ်တဲ့ ကဏ္ဍကတော့ ပါတီ နိုင်ငံရေးစနစ်ကလည်း စပြီးတော့ သွားပြီ။ ဒီမိုကရေစီနိုင်ငံကို ထူထောင်မယ့် စနစ်ဖြစ်တဲ့အတွက် မည်သည့်အစိုးရမဆို သက်တမ်း(၅)နှစ် ပြည့်တိုင်းပြည့်တိုင်း မကြိုက်ရင် ရွေးကောက်ခံပြီးတက်မယ့် သဘော ရှိတာကို။ တို့က ဖြစ်စေချင်တာက ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ သူတို့ ဦးဆောင်မှာ ဖြစ်တဲ့အတွက် ဒီမှာ ပညာရေ နို့သောက်စို့ပြီးတော့ ကိုယ့်နိုင်ငံ ဘယ်လိုထူထောင်မလဲဆိုတာကို လွှတ်တော်ထဲမှာ လှလှပပ ဖြစ်စေဖို့က ပိုများတယ်။ နိုင်ငံတကာမှာ ကျောင်းသားသမဂ္ဂရဲ့ ကဏ္ဍသည် အဲ့ဒီအဖွဲ့ဝင်တိုင်းသည် နောက်ပိုင်းကျတော့ ပညာရပ်ပိုင်းဆိုင်ရာကို ထိန်းကြောင်းတဲ့ လူတွေကပိုများတယ်။

ကျွန်သဘောက် ဘဝတုန်းက တိုင်းပြည်လွတ်လပ်ရေး ရဖို့အထိ ထိန်းကြောင်းမှုရှိခဲ့တာပဲ။ ဒါပေမယ့် အသွင်ပြောင်းသွားပြီ။ အချိန်နဲ့ အခြေနေကို ကြည့်ပြီး တို့တွေရဲ့ကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့ လိုလိမ့်မယ်။ နိုင်ငံကြီးက တိုးတက်လာတာနဲ့ အမျှ လူတိုင်းက မိမိကိုယ်ကိုယ် အရည်အချင်းရှိအောင် ကြိုးစားပြီးမှ မိမိနိုင်ငံအကျိုး ထမ်းဆောင်ဖို့ အရေးကြီးလာတဲ့ ကဏ္ဍတွေက အချိန်နဲ့အမျှ ပြောင်းလည်းသွားမယ်။ ဒါတွေလည်းပဲ အလွန်သတိထားရမယ့် အကြောင်းတွေပါပဲ။

 

နောက်ဆုံးအနေနဲ့ပေါ့ ဆရာ။ ဆရာ့အနေနဲ့ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက် အဖြစ်နဲ့လည်းရွေးချယ်ခံခဲ့ရပြီ။ အရင်က ပညာရေး ဘက်မှာ တာဝန်ယူခဲ့ဘူးတဲ့ လူတစ်ယောက်လည်း ဖြစ်ခဲ့တော့ ကျောင်းသားတွေအပါအဝင် လူပြောများနေတဲ့ ဒီ အမျိုးသားပညာရေး ဥပဒေကို ပြန်ပြီး ပြင်ဆင်သင့်တယ်၊ ဖြည့်စွက်သင့်တယ်လို့ မြင်လားဗျ။

ဆရာကတော့ မမြင်ဘူးကွ။ ဒီဥပဒေက အကြိမ်ကြိမ်အထပ်ထပ် ဆွေးနွေးပြီးပြီ။ အမျိုးသား ပညာရေး ဥပဒေကို ဒီတိုင်းထားပြီးတော့ သူ့ကို အားဖြည့်ပြီးတော့ လိုအပ်ချက် တွေကို ပြင်သွားရမှာသည် ကျန်တဲ့ နည်းဥပဒေ တွေပဲ။ အခု လောလောဆယ်က နည်းဥပဒေတွေ ထွက်ရဦးမယ်။ အခြေခံပညာ ရေးဥပဒေတွေ၊ အဆင့်မြင့်ရေးပညာဥပဒေတွေ၊ နည်းပညာနဲ့ အသက်မွေး ပညာဥပဒေတွေ ထွက်ရဦးမယ်။ တစ်ခြား ပုဂ္ဂလိကဆိုင်ရာ ပညာရေး ဥပဒေတွေ ခိုင်ခိုင်မာမာ ထွက်အောင် ကြိုးစားပေးရဦးမယ်။ ပညာရေး ဆိုင်ရာ ဥပဒေတွေ တစ်ပုံကြီး ကျန်သေးတယ်။ ကဏ္ဍအလိုက် ဥပပဒေတွေ တစ်ပုံကြီးကျန်သေးတယ်။ ဒီတော့ ဒီဥပဒေကြီးသည် ဆရာအနေနဲ့ ပြောရရင် လက်ရှိအချိန်မှာ သုံးလို့ရသေးတယ်။ သုံးကြည့်ပေါ့။ သုံးကြည့်လို့ အဆင်မပြေမှ ပြင်ဆင်ချက်က ပြန်ဝင်ရမှာ။

ရှေ့တစ်လှမ်းမှ မတက်ရသေးဘူး။ နောက်ပြန်တစ်လှမ်း ဆုတ်ဖို့ဟာမျိုး ကတော့ ဖြစ်ဖို့ မသင့်တော့ဘူး။ အဲဒီအချိန်မှာ တို့ NLD က အဖွဲ့လည်း ရှိခဲ့တာပဲ။ သူတို့လည်း အဆိုတွေ တင်တယ်၊ ပြင်ဆင်မှုတွေ လုပ်ခဲ့တာပဲ။ ကျောင်းသားတွေ တောင်းတာကိုလည်း အလေးဂရု ပြုခဲ့တာပဲ။ ဒီအထဲကမှ ခုလက်ရှိအခြေအနေကို ရောက်အောင် လုပ်ခဲ့တာ။ ဆရာ တစ်ဦးတည်း အမြင်အရပြောရရင်တော့ ဒါကတော့ ရှေ့ဆက်သွားရမှာပဲ။ အခုရောက်နေတဲ့ နေရာမှာ အခုရောက်နေတဲ့အချိန်မှာ သုံးလို့ရအောင် ကြိုးစားသွားရမှာပဲ။ သုံးလို့မရဘူး ဆိုရင် လွှတ်တော်ကြီးလည်းရှိနေတာပဲ။ ခုပြောပြောနေတဲ့ ဒီမိုကရေစီအစိုးရ တက်လို့ ပြောနေတာပဲ။ ဒီတက်တဲ့အစိုးရက ပြင်မှာပေါ့ကွာ။ ပြင်ရမယ့်နေရာကြီးကို စနစ်တကျ သွားတော့မှာ ပေါ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly