သြစတြေးလျရှိ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကုန်ပြီးနောက် နေရပ်ပြန်ပို့မခံရစေရေးအတွက် လေဘာပါတီမှ အမတ်များ ကြိုးပမ်း

သြစတြေးလျရှိ မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းကုန်ပြီးနောက် နေရပ်ပြန်ပို့မခံရစေရေးအတွက် လေဘာပါတီမှ အမတ်များ ကြိုးပမ်း
Photo credit- Saeed Khan/ AFP

ဧပြီ ၁၄

သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံသား ထောင်နှင့်ချီတို့ကို ၎င်းတို့၏ ဗီဇာများ သက်တမ်းကုန်ပြီးနောက် နိုင်ငံတွင် ဆက်နေခွင့်ပေးရေးအတွက် ဗဟိုအစိုးရအပေါ် တိုက်တွန်းမှုများ ရှိနေသည်။

အဆိုပါ မြန်မာနိုင်ငံသားများ အကယ်၍ နေရပ်ကို မဖြစ်မနေ ပြန်ရမည်ဆိုပါက ကြုံတွေ့ရနိုင်သည့် အန္တရာယ်များနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေချိန် ယခုကဲ့သို့ တိုက်တွန်းမှုများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

သြစတြေးလျရှိ မြန်မာနိုင်ငံသား ၃,၀၀၀ ကျော်အတွက် အကူအညီတောင်းခံခြင်းနှင့် အာဏာသိမ်းမြန်မာစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ ချဲ့ထွင်ရေးအတွက် လေဘာပါတီမှ လွှတ်တော်အမတ်များသည် ဖက်ဒရယ်အစိုးရ၀န်ကြီးများထံ စာရေးသား တောင်းဆိုခဲ့သည်။

“သူတို့ ပြန်သွားဖို့ ဆန္ဒမရှိဘူးဆိုရင် ဘယ်သူ့ကိုမှ မြန်မာနိုင်ငံဆီ အတင်းအကျပ် ပြန်မပို့သင့်ပါဘူး” ဟု လေဘာပါတီ၏ ပြည်ထဲရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတီနာ ကန်နီလီနှင့် သူမ၏ နိုင်ငံခြားရေးရာ လုပ်ဖော်ကိုင်ဘက် ပန်နီ ဝေါင်တို့က အစိုးရထံ ရေးသားပေးပို့သည့် စာထဲတွင် ပြောထားခဲ့သည်။

မြန်မာနိုင်ငံရှိ သွေးထွက်သံယိုမှုရှိသော အခြေအနေက သြစတြေးလျရှိ မြန်မာအသိုက်အ၀န်းအတွက် စိတ်သောကရောက်မှုကို ဖြစ်စေခဲ့ကြောင်း ရှေ့ခုံတန်းတွင် ထိုင်ခွင့်ရသည့် လေဘာပါတီလွှတ်တော်အမတ်များက ပြောသည်။

“ဒါကြောင့်မို့လို့ မြန်မာနိုင်ငံသားတွေကို သြစတြေးလျမှာ ဆက်နေခွင့်ရဖို့အတွက် ခွင့်ပြုပေးဖို့ အစိုးရကို ကျွန်မတို့ တိုက်တွန်းနေခြင်း ဖြစ်ပါတယ်” ဟု ဆိနိတ်တာ ကန်နီလီနှင့် ဆိနိတ်တာ ဝေါင်တို့က စာထဲတွင် ရေးသားထားသည်။

“မော်ရစ်ဆင် အစိုးရအနေနဲ့ ခုချက်ချင်း လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊ ပြည်ထဲရေးနဲ့ လူ၀င်မှုကြီးကြပ်ရေး ၀န်ကြီးတွေမှာလည်း ကျယ်ပြန်တဲ့ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်၊ ဒါကြောင့် ခုလို ပေါ်ထွက်လာတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ဖြည့်ဆည်းနိုင်မယ့် ဗီဇာလမ်းကြောင်းတွေ ပံ့ပိုးပေးဖို့အတွက် အဲဒီလုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုသင့်ပါတယ်” ဟုလည်း ပြောထားသည်။

ထိုစာထဲတွင် သြစတြေးလျအစိုးရဘက်မှ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ထပ်တိုး အရေးယူပိတ်ဆို့မှုများ ပစ်မှတ်ထား ချမှတ်သင့်ကြောင်းလည်း အဆိုပါ ဆိနိတ်တာများက တိုက်တွန်းတောင်းဆိုထားသည်။

ယခုကိစ္စနှင့်စပ်လျင်း၍ စဉ်းစားလျက်ရှိကြောင်း သြစတြေးလျ ဖက်ဒရယ်အစိုးရကလည်း ပြောသည်။

“အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာပြည်သူ၊ပြည်သားတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ ထောက်ခံလိုလားမှုတွေကို ပြသရင်းနဲ့ သူတို့ရဲ့ ကြီးမားတဲ့ ရဲရင့်မှု၊ သတ္တိရှိမှုတို့ကို ထုတ်ဖော်ပြသထားပါတယ်” ဟု ဆိနိတ်တာများက ရေးသားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly