မြန်မာလုပ်ငန်းကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် သက်ဆိုင်ရာစည်းမျဉ်းများ လိုက်နာရေး ကုမ္ပဏီများကို ကနေဒါ သတိပေး

မြန်မာလုပ်ငန်းကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် သက်ဆိုင်ရာစည်းမျဉ်းများ လိုက်နာရေး ကုမ္ပဏီများကို ကနေဒါ သတိပေး

ဧပြီ ၁၄

ကနေဒါကုမ္ပဏီများအနေဖြင့် မြန်မာလုပ်ငန်းကုမ္ပဏီများနှင့်အကြား ပတ်သက်ဆက်ဆံလုပ်ကိုင်ချိန်တွင် အရေးယူဒဏ်ခတ်မှုများနှင့် ပို့ကုန်ထိန်းချုပ်မှုများကို လေးစားလိုက်နာကြရမည် ဖြစ်သလို “လူ့အခွင့်အရေးဆိုင်ရာ မြင့်မားသော စံနှုန်းများ” ကို သေချာစောင့်ထိန်းရမည်ဖြစ်ကြောင်း ကနေဒါအစိုးရက ဧပြီ ၁၃ ရက်တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ယင်းသည် ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု၏ ရလဒ်တစ်ခုအဖြစ် ယခု သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော်လည်း ထိုရွေးကောက်ပွဲတွင် မဲမသာမှု ရှိခဲ့သည်ဟု ဆိုပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည်။ ထိုကဲ့သို့ မဲမသမာမှု ရှိသည်ဆိုသော ပြောဆိုချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကရော၊ နိုင်ငံအများအပြားကပါ ပယ်ချထားခဲ့သည်။

ထို့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ ရာပေါင်းများစွာတို့ အကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခံရပြီး သေဆုံးခဲ့သည်။ က‌နေဒါသည် ယူကေနှင့် အမေရိကန်တို့နှင့်အတူ  မြန်မာစစ်တပ်အရာရှိကိုးဦးအပေါ် အရေးယူပိတ်ဆို့မှု လုပ်ဆောင်ခဲ့သည်။
 လက်ရှိအချိန်အထိ ကနေဒါသည် လူပုဂ္ဂိုလ် ၅၄ ဦးနှင့် အဖွဲ့အစည်း ကုမ္ပဏီ ၄၄ ခုအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားသည်။

“မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို အသက်သေဆုံးစေတဲ့အထိ အကြမ်းဖက်ဖိနှိပ်မှုတွေ တိုးမြင့်နေတာ၊ အင်တာနက် ဖြတ်တောက်မှုနဲ့ လွတ်လပ်စွာ ပြောဆိုမှုအပေါ် ဖိနှိပ်တဲ့ ဥပဒေဆိုင်ရာ အပြောင်းအလဲတွေကနေတဆင့် အပါအ၀င် လွတ်လပ်စွာ ထုတ်ဖော်‌ရေးသားပြောဆိုခွင့်အပေါ် ဖြိုခွင်းနှိမ်နင်းတာ၊ အပြစ်မဲ့ အရပ်သားတွေအပေါ် မတရား ထိန်းသိမ်းဖမ်းဆီးချုပ်နှောင်မှုတွေ ဆက်ရှိနေတာ တွေနဲ့ပတ်သက်လို့ မိမိအနေနဲ့ အလွန်ပဲ စိတ်ပူပန်မိပါတယ်” ဟု ကနေဒါ နိုင်ငံခြားရေး၀န်ကြီး မာ့ ဂါနူးက ထုတ်ပြန်ပြောဆိုခဲ့သည်။

“ကနေဒါအနေနဲ့ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီစနစ် ပြန်ရဖို့ သူတို့ရဲ့ ကြိုးပမ်းမှုနဲ့အတူ တစ်သားတည်း ရပ်တည်ပါတယ်”

ထို့ပြင် ကနေဒါ ကုမ္ပဏီများသည်လည်း မြန်မာလုပ်ငန်းကုမ္ပဏီများနှင့်အကြား ပတ်သက်လုပ်ကိုင်ချိန်တွင် သက်ဆိုင်ရာ လမ်းညွှန်စည်းမျဥ်းများအောက်တွင် လိုက်နာလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly