ခြိမ်းခြောက်နေတဲ့ နေတိုးရဲ့ လုပ်ရပ်ကို တန်ပြန်ပြီး ရုရှက အနောက်ဖက် နယ်စပ်ဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ် 

ခြိမ်းခြောက်နေတဲ့ နေတိုးရဲ့ လုပ်ရပ်ကို တန်ပြန်ပြီး ရုရှက အနောက်ဖက် နယ်စပ်ဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ် 
Photo - AFP

ဧပြီ ၁၄ 

ခြိမ်းခြောက်နေတဲ့ နေတိုးရဲ့ လုပ်ရပ်တွေကို တန်ပြန်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ ရုရှဟာ အနောက်ဖက်နယ်စပ်တွေဆီ တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားကြောင်း ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီဆွိုင်းဂူက အင်္ဂါနေ့မှာ ပြောပါတယ်။ 

ယူကရိန်းနဲ့ နယ်စပ်မှာ ရုရှဟာ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို မကြာသေးတဲ့ သီတင်းပတ်တွေမှာ တပ်ချထားတယ်လို့ ယူကရိန်းနဲ့ အနောက်အုပ်စု မဟာမိတ်တွေ စွပ်စွဲပြောဆိုပြီးနောက်မှာ ရုရှဖက်က ခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။ 
ရုရှအနေနဲ့ နယ်စပ်မှာ တရားမျှတခြင်း မရှိတဲ့ စစ်ရေးတည်ဆောက်မှုကို အဆုံးသတ်ဖို့အတွက် နေတိုးကလည်း ပြောထားတာ ဖြစ်ပါတယ်။ 

“ရုရှကို ခြိမ်းခြောက်နေတဲ့ ဒီ မဟာမိတ်တွေရဲ့ စစ်တပ်လှုပ်ရှားမှုတွေကို တုံ့ပြန်ပြီး သင့်တော်တဲ့ လုပ်ငန်းစဉ်တွေ ကျွန်တော်တို့ ဆောင်ရွက်ရတာ ဖြစ်တယ်”လို့ ရုပ်သံကနေ ဆာဂျီဆွိုင်းဂူက ပြောပါတယ်။ 

“သီတင်းသုံးပတ်အတွင်းမှာ တပ်ရင်းနှစ်ရင်းနဲ့ လေတပ်ယူနစ် သုံးခုကို အနောက်ဖက် နယ်စပ်တွေမှာ အောင်မြင်စွာ တပ်ဖြန့်ထားနိုင်ပြီဖြစ်ပြီး အဲဒီ ဧရိယာနယ်မြေတွေမှာ တိုက်ခိုက်ရေးစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့အတွက်ပဲ ဖြစ်ပါတယ်”ဆိုပြီး သူက ဆိုပါတယ်။ 

“နိုင်ငံရဲ့ စစ်ရေးလုခြုံမှုအတွက် အာမခံကျိန်းသေစေမယ့် လုပ်ငန်းဆောင်ရွက်ချက်တွေကို ဒီ တပ်ဖွဲ့တွေက အပြည့်အဝ အဆင်သင့်ရှိပြီး စွမ်းဆောင်ရည် ရှိထားကြောင်းကို ပြသသွားမှာ ဖြစ်တယ်၊ သီတင်းနှစ်ပတ်အတွင်းမှာ စစ်ရေးလေ့ကျင့်မှုတွေကို အပြည့်အဝ ဆောင်ရွက်သွားမယ်”လို့ ဆွိုင်းဂူက ပြောပါတယ်။ 

ခရိုင်းမီးယားကို ၂၀၁၄ မှာ ရုရှက ကျူးနင်းသိမ်းပိုက်လိုက်ချိန်ကစလို့ ယူကရိန်းနိုင်ငံဟာ ရုရှလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

ခွဲထွက်ရေးသမားတွေဆီ စစ်သည်အင်အားနဲ့ လက်နက်တွေ ရုရှက ပေးပို့နေတယ်လို့ ယူကရိန်းနဲ့ အနောက်မဟာမိတ်တွေက စွပ်စွဲပြီး ရုရှကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ 

ယူကရိန်းနဲ့ ခွဲထွက်ရေးသမားတွေရဲ့ ရေရှည်တမြေ့မြေ့ ဖြစ်ပွားနေတဲ့ ထိပ်တိုက်တိုက်ပွဲတွေအတွင်း လူပေါင်း ၁၃၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။ 

ယူကရိန်း အရှေ့ဖက်နယ်စပ်မှာ ရုရှဟာ လက်ရှိဆိုရင် တပ်အင်အား ၄၁၀၀၀ နဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ၄၂၀၀၀ တပ်ဖြန့်ထားတယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးရဲ့ ပြောခွင့်ရသူက အေအက်ဖ်ပီကို တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required